ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်(Official Visit)အဖြစ် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့သည်။ ယခုခရီးစဉ်သည် အိမ်နီးချင်းမိတ်ဆွေနိုင်ငံများဖြစ်သည့် မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြားအစဉ်အလာကောင်းမွန်သော ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှုနှင့်ဘက်စုံပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာနက်ရှိင်းစေမည့် နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ရေးခရီးစဉ်တစ်ရပ်ဖြစ်သည်။