(၃၀/၁၀/၂၀၂၄ ရက်နေ့ နံနက်ပိုင်း ၆ နာရီမှ ညပိုင်း ၉ နာရီအချိန်ထိ)
( အမ်း)
ယနေ့နေ့လည်ပိုင်း ၁၂ နာရီအချိန်ခန့်က အမ်းမြို့တောင်ဘက် မီတာ (၁၂၀၀)အကွာရှိ တာဝါတိုင်ကုန်းအား AA အကြမ်းဖက်သောင်းကျန်းသူများမှ အဝေးမှနေ၍ တိုက်ခိုက်သဖြင့် တပ်မတော်သားများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများ ရယူကာ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ အမ်းမြို့ အနောက်တောင်ဘက် မီတာ(၂၃၀၀) အကွာရှိ လေဆိပ်လုံခြုံရေးနေရာအား ယနေ့နေ့လည် ၂ နာရီခန့်က AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်သားများ၏ လိုက်လံတိုက်ခိုက်ရှင်းလင်းမှု လက်နက်ကြီးများဖြင့် တိကျသောပစ်ကူပေးမှု၊ Drone အဖွဲ့များမှ လေကြောင်းမှနေ၍ ထပ်ကြပ်မကွာ လိုက်လံဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် သောင်းကျန်းသူများ အထိနာပြီး နေ့လည် ၃ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အမ်းမြို့အရှေ့ဘက် မီတာ (၈၀၀)အကွာရှိ အောင်စေတီဘုရားကုန်းနေရာအား AA အကြမ်းဖက် သောင်းကျန်းသူများမှ ယနေ့ညနေပိုင်း ၆ နာရီအချိန်ခန့်က လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နေ့လည်ပိုင်း ၃ နာရီခန့်က အမ်းမြို့အနောက်တောင်ဘက် မီတာ (၇၀၀၀)အကွာရှိ ပွိုင့်-၂၄၄ ကာကင်းကုန်းနေရာအား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် အမ်းမြို့အနောက်ဘက် မီတာ (၄၅၀၀)အကွာရှိ (၂/၃၀၀) တပ်ဆေးရုံအတွင်းရှိ လျော်လှန်းရုံနေရာအား AA အကြမ်းဖက်သောင်းကျန်းသူများ ထပ်မံချဉ်းကပ်လာသဖြင့် တပ်မတော်သားများမှ လက်နက်ကြီးပစ်ကူ၊ Drone ပစ်ကူ များရယူကာ ပြန်လည် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့သဖြင့် သောင်းကျန်းသူများ ထပ်မံဆုတ်ခွာထွက်ပြေး သွားကြောင်း သိရှိရသည်။
(မောင်တော)
လေကြောင်းဗုံးကြဲခံရမှုကြောင့် အထိနာနေသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အား လိုက်လံရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရာ လူ/ကယ်/ပြန်ရုံးအနီး M-23 လက်နက်ငယ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ပုပ်ပွနေပြီး တစ်စစီဖြစ်နေသည့် ရန်သူ့အလောင်းများတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အနေဖြင့် မောင်တော၊ နခခ ၅ အား တိုက်ခိုက်နေသည်မှာ (၅)လကျော်ရှိပြီးဖြစ်ပြီး အမ်းတပ်နယ်မှ တပ်များအား တိုက်ခိုက်ခဲ့သည်မှာ (၁)လကျော်ကြာမြင့်နေပြီဖြစ်သည်။ တပ်မတော်မှ လေကြောင်းနှင့် Drone များဖြင့် တိုက်ခိုက်မှုဒဏ်ကို ဆိုးရွားစွာအလူးအလဲခံစားနေရသည့်အတွက် သေကြေဒဏ်ရာရရှိမှု၊ ရိက္ခာပြတ်လပ်မှုများ ရှိနေသောကြောင့် ၎င်းတို့၏ အောက်ခြေအဖွဲ့ဝင်များမှာ စိတ်ဓာတ်ပျက်၍ နေ့စဉ်ထွက်ပြေးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ ၎င်းတို့၏ အောက်ခြေအဖွဲ့များ စိတ်ဓာတ်ပြန်လည် တက်ကြွလာစေရန်၊ အမ်းသို့ စစ်ကူလာမည်သူများ မထွက်ပြေးစေရန်နှင့် အမ်းတွင် ရွပ်ရွပ်ချွန်ချွန်တိုက်ပွဲဝင်နေသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ စိတ်ဓာတ်ကျဆင်းစေရန်အတွက် မြေပြင်တွင်း တိုင်းခြံစည်းရိုးသားမက နယ်မြေခံတပ်များ၏ ခြံစည်းရိုးအနီးသို့ မကပ်နိုင်သေးသော်လည်း “နပခတိုင်းရုံးနှင့်နယ်မြေခံတပ်များအား ၎င်းတို့သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း၊ စစ်သားများ မကွေးသို့ ဆုတ်ခွာထွက်ပြေးနေကြောင်း၊ အမ်းသို့စစ်ကူလာသည့် တပ်စစ်ကြောင်းများအား လမ်းတွင် ဖြတ်တိုက်ထားကြောင်း” စသည့် သတင်းတုများဖြင့် ရေးသားဖြန့်ဝေလျက်ရှိသဖြင့် အဆိုပါသတင်းတု/ သတင်းမှားများအား မိမိစဉ်းစားဆုံးဖြတ်ဉာဏ်ဖြင့် ဝေဖန်ပိုင်းခြားနိုင်စေရန် တိုက်ပွဲသတင်းမှန်များအား နေ့စဉ် ရေးသားဖော်ပြပေးခြင်းဖြစ်ပါသည်။