ရွေးကောက်ပွဲဖြစ်မြောက်ရေးနဲ့ သန်းခေါင်စာရင်းကောက်ယူရေးတို့မှာ တရုတ်ဘက်ကကူညီပေးမည်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဖြစ်မြောက်ရေးနဲ့ သန်းခေါင်စာရင်းကောက်ယူရေးတို့မှာ တရုတ်ဘက်က ကူညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နစကအစိုးရက ရည်မှန်းထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်တဲ့ပြင်ဆင်မှုထားရှိမှု အခြေအနေတွေ၊ မဲစာရင်း တိကျမှန်ကန်မှု ရှိစေရေးနဲ့ လာမယ့်အောက်တိုဘာလအတွင်း လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူသွားမယ့် အခြေအနေတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ နေပြည်တော်မှာ မနေ့က တွေ့ဆုံစဉ်မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

အဲဒီဆွေးနွေးမှုအပေါ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာမှာ လိုအပ်တဲ့ နည်းပညာကူညီမှုတွေကိုလည်း ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မစ္စတာဝမ်ယိက ပြောဆိုခဲ့တာဖြစ်တယ်ပါ။

ရွေးကောက်ပွဲဆောင်ရွက်ရာမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီအားလုံး လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးနေတဲ့အခြေအနေတွေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်နေမှုအခြေအနေတွေ၊ နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

//𝙈𝙃𝙏𝙉𝙀𝙒𝙎