ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်အတွင်းမှ တရားမဝင် လက်နက်/ ခဲယမ်းများအား ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းသို့ သယ်ဆောင်ရန်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နမ့်စန်မြို့ နယ်၊ မတ်ကျန်းကျေးရွာအနီး နားရိုင်းကျေးရွာလမ်းခွဲနေရာ၌ လက်နက်/ခဲယမ်းများနှင့် တရားခံ (၅) ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဖမ်းဆီးရမိသူများမှာ RCSS/SSA အဖွဲ့၊ တပ်မဟာ(၇၅၉)မှ စုမှူးအဆင့်ရှိ စိုင်းနွံမိန်း(၂၅)နှစ်၊ တပ်သားအဆင့်ရှိသူများဖြစ်သည့် စိုင်းဆု(ခ)ဆုဇေယျ(၃၁)နှစ်၊ စိုင်းကောင်(၂၆)နှစ်၊ ဘိုဘိုဟန်(၂၃)နှစ်နှင့် စိုင်းနွံလှိုင်း(၂၆)နှစ်တို့ဖြစ်သည်ဟု သိရပြီး ၎င်းတို့ထံမှ KIA အဖွဲ့မှထုတ်လုပ်သည့် KA (၄၀ မမ တွဲ)၅ လက်၊ ၄၀ မမဆုံလည်(၆ လုံးတွဲ) ၅ လက်၊ ၄၀ မမ ၁ လုံးထိုး ၅ လက်၊ ၇.၆၂ ကျည် ၄၃,၇၆၅ တောင့်၊ ၄၀ မမ ဗုံးသီး ၄၅၀ လုံး၊ KA ကျည်အိမ် ၁၅ ခု၊ လွယ်ကြိုး ၁၅ ချောင်းတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိ လက်နက်/ခဲယမ်းများကို ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်း တွင် နားရိုင်းကျေးရွာလမ်းခွဲ၌ PNLA အဖွဲ့ဝင် သထိုထံမှ လက်ခံရယူ၍ PNLA အဖွဲ့နှင့် ချိတ်ဆက်ထားသည့် ကယားပြည်နယ်အတွင်းရှိ KNPP၊ KNDF အဖွဲ့များထံသို့ လည်းကောင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၌ လှုပ်ရှားလျက်ရှိသည့် KNLA အဖွဲ့ထံသို့လည်းကောင်း ပို့ဆောင်ပေးရန်အတွက် သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။