စိတ်ထားတတ်ဖို့သာ

မစ္ဆရိယ ဆိုတာ ကိုယ်ရ,ထားတဲ့ အခွင့်အရေးကို သူများကို မရစေချင်တာ။

ကိုယ်အောင်မြင်ကြီးပွားသလို သူများကို
မကြီးပွား စေချင်တာ၊

ဒါမျိုးကို မစ္ဆရိယ လိုခေါ်တယ်။

ဥပမာ- လူ တစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးကို
ချီးမွမ်းတဲ့အခါမှာ အမှန်ကို အမှန်အတိုင်း
မချီးမွမ်းချင်ဘူး၊ထိန်ချန်ထားချင်တယ်။

ဒါလည်း မစ္ဆရိယ ပဲ။

မစ္ဆရိယ (၅)မျိုးရှိတယ်။

အာဝါသမစ္ဆရိယ- အဆောက် အအုံ၊ နေရာထိုင်ခင်းနှင့်ပတ်သက်ပြီးဝန်တိုတာ။

ကုလမစ္ဆရိယ- အပေါင်းအသင်းနှင့်ပတ်သက်ပြီး ဝန်တိုတာ။

လာဘမစ္ဆရိယ- ကိုယ်ရတဲ့လာဘ်လာဘနှင့် ပတ်သက်ပြီးဝန်တိုတာ။

ဝဏ္ဏမစ္ဆရိယ- ဂုဏ်ကျေးဇူးတို၊ ချီးမွမ်းခံရတဲ့ စကားတိုနှင့်ပတ်သက်ပြီး ဝန်တို တာ။

ဓမ္မမစ္ဆရိယ- တရားဓမ္မနှင့် ပတ်သက်ပြီး ဝန်တိုတာ။

ထို ဝန်တိုမှု မစ္ဆရိယတရား (၅)မျိုးရှိတယ်။

အဲဒီအထဲက ဓမ္မမစ္ဆရိယ ဟာ အဆိုးဆုံးပဲတဲ့။

ကိုယ်သိတဲ့ တရားဓမ္မနှင့်ပတ်သက်လို ဝန်တိုပြီး သူများကိုမပြောဘူး၊

ကိုယ်သိတဲ့တရား သူများသိသွားရင်

ကိုယ်နဲ့တန်းတူဖြစ်သွားမှာဆိုပြီး ဝန်တိုတာ။

ကြံကြံဖန်ဖန် ဝန်တိုတာနော်။

အဲဒါမျိုးကို ဓမ္မမစ္ဆရိယ လိုခေါ်တယ်။

အကျဉ်းအားဖြင့်တော့ ကိုယ်ကြီးပွားသလို
မကြီးပွားစေ ချင်တာ မစ္ဆရိယပဲ။

အဲဒီ မစ္ဆရိယ တရားဟာ ဘာနဲ့ယှဉ်တွဲ လာလဲဆိုတော့ ဒေါသနှင့် ယှဉ်တွဲလာတာ။

လောဘ နှင့်မတွဲဘူး။

နှမြောတယ်ဆိုလို လောဘနှင့်တွဲတယ်လို ထင်ကြတယ်။

မဟုတ် ဘူး၊မစ္ဆရိယ က ဒေါသနှင့်တွဲတာ။

မစ္ဆရိယ ရဲ့သဘောတရားကို စဉ်းစားကြည့်။

အားလုံး တွေ့ဖူးကြပါလိမ့်မယ်။

ကြောင်ကလေးတွေ၊ခွေးကလေးတွေမှာ ထင်ရှားတယ်။

ကြောင်ကလေးတွေ သူတိုပါးစပ်ထဲမှာ ကြွက် ကလေးတစ်ကောင်ရလာလိုရှိရင် မာန်ဖီနေတာကို တွေ့ရလိမ့် မယ်။

ဘာအတွက် မာန်ဖီတာတုန်းဆိုရင် သူရ,ထားတဲ့အစာကို လာပြီးမထိနဲ့ဆိုတဲ့အဓိပ္ပာယ်ပဲ။

ဘေးကအကောင်တွေကို ရန်လုပ် တယ်။

တိရစ္ဆာန်ရုံရောက်ဖူးလို ကျားတွေ၊ခြင်္သေ့တွေ အစာ ကျွေးတဲ့အချိန်ကို တွေ့ဖူးကြပါလိမ့်မယ်။

အစာရေစာ ဝဝ လင်လင်ကြီး သူတိုစားကြရတာမဟုတ်ဘူး။

ညနေအစာကျွေးတဲ့ အချိန်သွားကြည့်။

အစာကျွေးမယ့်သူ လာခါနီးဆိုရင် ကျားတွေ၊ ခြင်္သေ့တွေဟာ ယောက်ယက်ခတ်နေတာ။

အေး၊ အစာကျွေးတဲ့ သူက အသားတစ်ပေါင် လောက် အထဲကို ပစ်ထည့်လိုက်တာနဲ့
တစ်ပြိုင်နက် ကျားတွေ၊ခြင်္သေ့တွေ ဘာလုပ်တုန်းဆို အဲဒီ အသားကိုကိုက်ပြီးတော့ ရန်လိုက်လုပ်နေတာပဲ။

မာန်ဖီပြီးတော့ နေတယ်။

ဒါ ဘာတုန်းဆိုရင် မစ္ဆရိယ သဘောဖြစ်တယ်။

သူရ,ထားတဲ့အစာကို သိမ်းပိုက်ထားပြီးရင် အဲဒီအစာကို မထိနဲ့လိုပြောတာ။

ဒေါသနဲ့မာန်ဖီတာ။

မစ္ဆရိယ ဖြစ်လာရင် ဒေါသဖြစ်လာတာပဲ။

စမ်းကြည့်ပေါ့၊

ခွေးကလေးနှစ်ကောင် တစ်ကောင်နဲ့တစ်ကောင် ကစားနေတဲ့ကြားထဲမှာ အမဲသားတုံး တစ်တုံးသာ ပစ်ချကြည့်လိုက်၊ ကိုက်မှာသေချာတယ်နော်။

အစာ အတွက် ရတဲ့အကောင်ကလည်း လာမထိနဲ့၊ ဟိုဘက်က အကောင်ကလည်းလုမယ်။

အဲဒီတော့ မစ္ဆရိယ သဘောတရားက ကိုယ်ရ,ထားတဲ့ အခွင့်အရေးတစ်ခုကို သူများနဲ့ ရှယ်ယာမလုပ်နိုင်ဘူး။

အဲဒီ မစ္ဆရိယ တရားသည်

လူ့ society အသင်းအဖွဲ တစ်ခုမှာ

အန္တရာယ်ပြုပြီး စည်းလုံးရေးကို ပျက်ပြားစေတဲ့တရား ဖြစ်သော ကြောင့်

အဲဒီ မစ္ဆရိယတရားကို ဖယ်ရှားရမယ်တဲ့။

အဲဒီ မစ္ဆရိယ တရား ဖယ်ရှားနိုင်လိုရှိရင်

ဘာတရား ထွန်းကားတုန်းဆိုတော့ စာဂ-စွန့်ကြဲမှု၊ စွန့်လွှတ်မှုတဲ့။

ကိုယ် ရလာတဲ့ အခွင့်အရေးတစ်ခုကို

အားလုံးနဲ့ ရှယ်ယာလုပ်ပြီးတော့

မျှမျှတတ လူ့လောကမှာ အသုံးပြု
တတ်တယ်။

“စာဂ” သည် မွန်မြတ်တဲ့တရားတစ်ခု။

ဒါ့ကြောင့်မိုလို တာဝတိံသာနတ်တွေက မစ္ဆရိယ ဆိုတဲ့ စိတ်အညစ်အကြေးကို

ဖယ်ရှားပစ်နိုင်ပြီး

မစ္ဆရိယ ကင်းတဲ့ပုဂ္ဂိုလ်ဆိုရင်

သူတော်ကောင်းလို သတ်မှတ်ကြတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ