ကုသိုလ်တရားဆိုတာ အဆင့်ဆင့်ရှိတယ်။
ဒါနကုသိုလ် ရှိတယ်။
စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဖြင့် ဖြစ်ပေါ်လာတဲ့ကုသိုလ်ကို ဒါနကုသိုလ်၊ ကျင့်သုံးဆောက်တည်ခြင်းဖြင့် ဖြစ်ပေါ်လာတာ သီလကုသိုလ်။ မိမိစိတ်ကလေး ကောင်းတဲ့အာရုံနဲ့ လေ့ကျင့်ပြီးတော့ ပွားများတာ ဘာဝနာကုသိုလ် ဖြစ်တယ်။
ဒါနကုသိုလ်လည်း ပြည့်စုံစေရမယ်။
သီလကုသိုလ်လည်း ပြည့်စုံစေရမယ်။
ဘာဝနာကုသိုလ်လည်း ပြည့်စုံစေရမယ်။
ဒီကုသိုလ်တွေ ပြည့်စုံစေရမယ်ဆိုတာကို မြတ်စွာဘုရားက ဟောထားတာ။
အဲဒီ တရားကို ရှေးဦးစွာသင်လိုက်ရမယ်။
ကုသိုလ်ဆိုတာ မိမိသန္တာန်မှာ ပြည့်စုံအောင် လုပ်ရမယ်ဆိုတဲ့ အသိလေး ရလာတယ်။ အဲဒီသိထားတဲ့အတိုင်း ဒါနကောင်းမှုလည်းလုပ်တယ်၊ သီလလည်း ဆောက်တည်တယ်၊ ဘာဝနာလည်း ပွားများအားထုတ်တယ်။
ကုသိုလ်တွေရအောင်ယူတယ်ဆိုရင် ကျင့်သုံးတယ်လို့ ခေါ်တယ်။
အကယ်၍ ကုသိုလ်ဆိုတာ မိမိသန္တာန်မှာ ပြည့်စုံစေရမယ်ဆိုတဲ့ အသိလေး ရှိသော်လည်း
ကုသိုလ်ကောင်းမှုကိုမလုပ်ဘူး၊ မလုပ်ဖြစ်ဘူးဆိုရင် ဒါလည်း “တရားသိလျက် အကျင့်ခက်”ပဲ ဖြစ်တယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏