ပြည်သူ့စစ်မှုထမ်းဥပဒေကို လိုရာစွဲ အဓိပ္ပာယ်ဖော်ဆောင်ခြင်း မပြုဖို့လိုနေ

ဆရာနရီမိုးရေးသားထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ ဆောင်းပါးလေးကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်..။

၁။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများစုဟာ ပြည်သူ့စစ်မှုထမ်းခြင်းဆိုတဲ့ ဥပဒေကို အကြောင်းအမျိုးမျိုးကြောင့် ကျင့်သုံးဆောင် ရွက်ကြရတယ်။ တစ်ချို့နိုင်ငံတွေဟာ ဘေးအိမ်နီးချင်းနိုင်ငံတွေက အချိန်မရွေး ကျူးကျော်တိုက်ခိုက်နိုင်တဲ့ အခြေအနေရှိနေလို့ ကျင့်သုံးဆောင်ရွက်နေကြတာဖြစ်သလို တစ်ချို့နိုင်ငံတွေကတော့ စစ်ရေးကဏ္ဍမှာ ကမ္ဘာ့စစ် အင်အားကြီးနိုင်ငံ တစ်ခုအဖြစ် ပုံဖော်တည်ဆောက်လိုတဲ့ ရည်ရွယ်ချက်တွေကြောင့် ဒီဥပဒေကို ကျင့်သုံးကြတာ တွေ့ရမှာဖြစ်တယ်။

၂။ နိုင်ငံအများစုကတော့ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အခြားနိုင်ငံတွေက ရိုသေခန့်ညားစေလိုမှုအတွက် ရည်ရွယ်တည်ဆောက်ထားတယ်ဆိုတာ တွေ့မြင်ရမှာဖြစ်တယ်။ ဥပမာ -အမျိုးသမီးရော၊ အမျိုးသားပါ မဖြစ်မနေစစ်မှုထမ်းဖို့ ပြဋ္ဌာန်းထားတဲ့ အစ္စရေးနဲ့ မြောက်ကိုးရီးယား နိုင်ငံတွေဟာ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်မြဲဖို့နဲ့ အခြားအင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေကို တန်ပြန်ကာကွယ်လိုစိတ်ကြောင့် စစ်မှုထမ်းဆောင်ခြင်းဥပဒေကို ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်နေကြတယ်ဆိုတာ တွေ့မြင်ရမှာဖြစ်တယ်။

၃။ မြန်မာနိုင်ငံမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးလာရတဲ့အကြောင်းတရားက ဒီအချက်တွေကြောင့် ဖြစ်ပေါ်လာတယ်လို့ပဲ အခြေခံယူဆရမှာပဲဖြစ်ပါတယ်။ နံပါတ် (၁) အချက်ကတော့ “တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေး” အတွက် ဖြစ်ပါတယ်။ နစက အစိုးရ မျှော်မှန်းတည်ဆောက်နေတဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နဲ့ ဦးတည်ချက် (၉)ရပ် အောင်မြင်ဖို့ ဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်မှုမရှိဘဲ ဆောင်ရွက်လို့ မရတာတွေ့ရမှာဖြစ်ပါတယ်။ နံပါတ်(၂)အချက်ကတော့ ‘ပြည်သူ့လုံ ခြုံရေးနဲ့ ပြည်သူ့ ကာကွယ်ရေးစနစ်” ကို တစ်ပြည်လုံးအတိုင်းအတာနဲ့ အကောင်အထည်ဖော်ဖို့ ခက်တဲ့ အခြေအနေကြောင့်ဖြစ်ပါတယ်။ ဒီလုံခြုံရေးစနစ်ကို ကျင့်သုံးဖို့ လိုလာချိန်မှာ နယ်မြေခွဲခြားပြီး အကောင်အထည်ဖော်လို့ မရတာက အဓိကအကြောင်း တရားဖြစ်လာလို့ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် နယ်မြေဒေသ ကာကွယ်ဖို့ လိုအပ်နေတဲ့ တစ်ချို့သော ကျေးရွာတွေမှာ တရားဝင်လက်နက်ကိုင်ဆောင်ပြီး အကြမ်းဖက်တွေကို ချေမှုန်းချင်နေပါရက်နဲ့ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေက လုံလုံ လောက်လောက် ရှိမနေတဲ့ အခက်အခဲမျိုးဖြစ်ပါတယ်။ နံပါတ်(၃) အချက်က တော့ “ဒို့ တာဝန်အရေး(၃)ပါး” အတွက်ဖြစ်ပါတယ်။ ရှမ်းမြောက်ကနေ အစပြုလိုက်တဲ့ စစ်ပွဲတွေဟာ ‘ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး’ ဆိုတဲ့ နိုင်ငံတော်အတွက် အသက်တမျှ အရေးကြီးတဲ့အချက်တွေကို ပျက်ယွင်းစေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိလာလို့ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့သော တိုင်းရင်းသားအမည်ခံ လက် နက်ကိုင်တွေဟာ စစ်အာဏာရှင် ပပျောက်ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ ဒီစစ်ပွဲတွေကို ဖော်ဆောင်နေပေမယ့် တကယ့်လက်တွေ့ မြေပြင်မှာတော့ “ဘာသာရေးနဲ့ လူမျိုးရေး” မုန်းတီးမှုတွေကို အခြေခံတဲ့ စနစ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်ဆိုတာ အထင်အရှားပဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်နယ်မြေတွေမှာ တိုင်းရင်းသားလက်နက် ကိုင်တွေအနေနဲ့ ဘယ်လောက်ပဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စကားလုံးတွေကို ဟန်ပြသုံးနေပေမယ့် လူမျိုးစုတစ်စုချင်းစီရဲ့ တန်းတူညီမျှမှုတွေ၊ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို အဟောသိကံဖြစ်အောင် လစ်လျူရှုနေတဲ့လုပ်ရပ်တွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတဲ့အပြင် ဒေသစစ်ဘုရင်(Lord War) ပုံစံမျိုးနဲ့ အုပ်ချုပ်ချင်နေကြတယ်ဆိုတာလည်း တွေ့မြင်နေကြရမှာဖြစ်ပါတယ်။

၄။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ရင် လက်တလောထွက်ပေါ်နေတဲ့ ကောလာဟလတွေလည်း Social Media တွေပေါ်မှာ အများကြီးတွေ့မြင်နေရပါတယ်။ တကယ်တော့ ဒီစစ်မှုထမ်းဥပဒေဟာ ခုဆောင်းပါးရေးနေချိန်ထိတိုင်အောင် နည်း ဥပဒေထွက်ရှိခြင်း မရှိသေးပါဘူး။ လက်ရှိတွေ့မြင်ရသမျှ သတင်းတွေအားလုံးဟာ ကောလာဟလ အဆင့်သာဖြစ်ပါတယ်။ နည်းဥပဒေထွက်ပြီးချိန်ရောက်မှသာ ဘယ်လို အစီအမံအတိုင်းဆောင်ရွက်ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ သိရှိနိုင်မှာ ဖြစ်ပါတယ်။

၅။ လက်ရှိ မြို့နယ်ရပ်ကျေးတွေကတဆင့် ထွက်ပေါ်နေတဲ့ စာရင်းကောက်ခံမှု လျှောက်လွှာတွေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အသက်အရွယ်အပိုင်း အခြားအရ အကျုံးဝင်တဲ့ အရွယ်ရောက်သူ ဦးရေစာရင်းကို စာရင်းသွင်းယူနိုင်ဖို့အတွက် ပမဏကောက်ခံတဲ့ ဆင့်ခေါ်စာ ပုံစံမျိုးသာဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့် စစ်မှုထမ်းဆောင်နိုင်ဖို့ အကျုံးဝင်သူဖြစ်ကြောင်း သက်သေဖြစ်တဲ့ မှတ်ပုံတင်ကတ်မျိုး ထုတ်ပေးနိုင်ဖို့အတွက် ကြိုတင်စာရင်းသွင်းတဲ့ အခြေအနေမျိုးသာ ဖြစ်ပါသေးတယ်။ ဒီလို စာရင်းကောက်ခံ မှတ်ပုံတင်သွင်းယူထားမှသာ ဒီမြို့နယ်တစ်ခုလုံးမှာ အသက်(၁၈)နှစ်ကနေ အသက်(၃၅) နှစ် အတွင်း စစ်မှုထမ်းဆောင်နိုင်တဲ့ဦးရေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတဲ့စာရင်း ထွက်လာမှာဖြစ်တယ်။ ဒါမှ ပြည်သူ့ စစ်မှု ထမ်း ဆင့်ခေါ်ရေး မြို့နယ်အဖွဲ့တွေအနေနဲ့ စစ်မှုထမ်းဆောင်ဖို့ ဆန္ဒပြု/မပြုတဲ့ လူအင်အားစာရင်းပေါ် အခြေခံပြီး အကျုံးဝင်တဲ့ သူတွေကို ရွေးချယ်ရေးအဖွဲ့မှာ စိစစ်နိုင်ဖို့ ဆင့်ခေါ်စာတွေ ပေးပို့လာကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိ မြို့နယ်ရပ်ကျေးတွေမှာ ကောက်ခံနေတဲ့စာရင်းတွေဟာ ချက်ချင်း စစ်မှုထမ်းအဖြစ်ရွေးချယ်ပြီး စစ်မှုထမ်းစေတာမျိုး မဟုတ်ဘူးဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။

၆။ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ အခန်း(၃)၊ ပုဒ်မ(၁၅) (ခ)အရ အသက်(၁၈)နှစ်ကနေ အသက်(၃၅) နှစ် အတွင်းရှိတဲ့ အမျိုးသားတွေနဲ့ အသက်(၁၈)နှစ်ကနေ အသက်(၂၇)နှစ်အတွင်းရှိတဲ့ အမျိုးသမီးအားလုံးဟာ (ကျွမ်းကျင်ပညာရှင်ကလွဲရင်) ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းဆိုတဲ့ ဥပဒေအရ (၂)နှစ်တာဝန်ထမ်းဆောင်ဖို့ အလိုအလျောက် အကျုံးဝင်ပြီး ဖြစ်ပါတယ်။ နစက ပြန်ကြားရေးရဲ့ တရားဝင် ထုတ်ဖော်ပြောဆိုမှုတွေအရ မြန်မာနိုင်ငံမှာ ပြည်သူ့ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူဟာ ခန့်မှန်း (၁၃)သန်းခန့်ရှိတယ်လို့လည်း သိရပါတယ်။ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးမြို့နယ်အဖွဲ့တွေရဲ့ ဆင့်ခေါ်ခံရချိန်မှာ သက်ဆိုင်ရာ ကာယကံရှင်အနေနဲ့ ကျောင်းတက်နေတာဖြစ်ဖြစ်၊ နိုင်ငံဝန်ထမ်း တာဝန်ကို ထမ်းဆောင်နေရတာဖြစ်ဖြစ်၊ ကျန်းမာရေးအရ ကင်းလွတ်ခွင့်ပြုနိုင်လောက်တဲ့ လုံလောက်တဲ့ အကြောင်းတရားတွေရှိလာရင် အခန်း(၂) ၊ အပိုဒ်ခွဲ (၁၅) မှာ ဖော်ပြထားတဲ့အတိုင်း ယာယီရွှေ့ဆိုင်းနိုင်ကြမှာဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်ဖို့ ယာယီရွှေ့ဆိုင်းသူတွေအနေနဲ့ အသက်ကန့်သတ်ချက် ကျော်လွန်သွားခဲ့ရင်တောင် မဖြစ်မနေ ပြန်လည်တာဝန် ထမ်းဆောင်ရမယ်ဆိုတဲ့ အချက်ကို မိဘပြည်သူများ သတိပြုကြဖို့လည်း လိုပါတယ်။ အခန်း(၆)ရဲ့ ပြဋ္ဌာန်းချက် အရတော့ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင် သည် အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ တပ်မတော်ရဲ့ သတ်မှတ်ချက်အရ စစ်မှုထမ်းဖို့ မသင့်လျော်တဲ့သူတွေနဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ကင်းလွတ်ခွင့်ပြုသူတွေသာ ပြည်သူ့ စစ်မှုထမ်းဆောင်ခြင်းကို ကင်းလွတ် ခွင့် ရကြမှာဖြစ်ပါတယ်။ လက်ရှိ Social Media မှာ တွေ့မြင်နေရတဲ့ လျှောက်လွှာတွေမှာ စစ်မှုထမ်းဆောင်ခြင်းကို ဆန္ဒပြု/မပြုဆိုတဲ့ အချက် ပါဝင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့ ကာယံကံရှင်အနေနဲ့ ဆန္ဒမပြုဘူးဆိုရင် အခန်း(၂) ၊ အပိုဒ်ခွဲ (၁၅)အရ ယာယီကင်းလွတ်ခွင့်တောင်းခံနိုင်တဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန/ သက်ဆိုင်ရာ ရပ်ကျေးဥက္ကဋ္ဌတွေရဲ့ ထောက်ခံစာတွေ၊ ကျန်းမာရေးထောက်ခံစာတွေကို ယှဉ်တွဲဖော်ပြပေးပို့ရမှာဖြစ်ပါတယ်။

၇။ ဒီနေရာမှာတော့ အသက်ကန့်သတ်ချက် ပြည့်မှီသူတိုင်း စစ်မှုထမ်းဆောင်ရမှာ မဟုတ်ဘဲ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ မှာ လိုအပ်တဲ့ အခြေခံကျန်းမာရေး စစ်ဆေးတာတွေ၊ စစ်သားတစ်ယောက်ဖြစ်ဖို့ အဓိကလိုအပ်တဲ့ မျက်မြင် (၁၃) ချက် စစ်ဆေးတာတွေ ဆောင်ရွက်ဦးမှာဖြစ်ပါတယ်။ ဒါတွေအားလုံး အလုံးစုံ အောင်မြင်မှသာ စစ်မှုထမ်းဆောင်ဖို့ စတင်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသက်ပြည့်မှီတာ တစ်ခုတည်းနဲ့ အကုန်လုံးကို စစ်မှုထမ်းဆောင်စေမှာ မဟုတ်ဘူးဆိုတာ နားလည်သဘောပေါက်ထားကြဖို့ လိုပါတယ်။ စစ်မှုထမ်းဆောင်ရချိန်မှာလည်း ချက်ခြင်း ရှေ့တန်းစစ်မြေပြင်တွေ စေလွှတ်သွားမှာ မဟုတ်ဘဲ စစ်ရေးပြအခြေခံတွေနဲ့ လေ့ကျင့်မှုတွေကိုသာ ဦးစွာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်ချိန် ပြီးဆုံးသွားချိန်မှာ “ပြည်သူ့လုံခြုံရေးနဲ့ ပြည်သူ့ ကာကွယ်ရေးစနစ်”ကို အကောင် အထည်ဖော်နိုင်ရေးအတွက် ဦးတည်မျှော်မှန်းတာဖြစ်လို့ မိမိမြို့/ရွာ ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက်သာ တာဝန်ပေးအပ်နိုင်ချေများပါတယ်။ စစ်ရေးပြအခြေခံနဲ့ လေ့ကျင့်ရေးသင်တန်းတွေဟာ သာမန်အားဖြင့် (၁)နှစ်ခန့် အချိန်ယူရတာဖြစ်လို့ သတ်မှတ်ထားတဲ့ (၂၄)လဆိုတဲ့ကာလဟာ ဘာမှမဟုတ်တဲ့ ကာလအပိုင်းအခြားသာ ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်ခြင်းကာလထက် တာဝန်ရှောင်လွှဲမှုကသာ ထောင်ဒဏ်(၃)နှစ်(သို့)(၅)နှစ်အထိ ကျသင့်မှာဖြစ်လို့ အကျိုး၊ အပြစ်အပေါ်မှာ ချင့်ချိန် ဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒီနေရာမှာ ပြည်ဖျက်မီဒီယာတွေ ရေးသားနေကြသလို နိုင်ငံခြား ပြည်ပတွေကို တရားမဝင်နည်းလမ်းတွေနဲ့ ထွက်ပြေးတာမျိုး၊ မိမိကျန်းမာရေးထိခိုက်အောင် လုပ်ဆောင်တာမျိုး မလုပ်ဆောင်ကြဖို့လိုပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လိုအပ်တဲ့ စစ်အခြေခံသဘောတရားတွေကို သင်ကြား ပေးရုံသာဖြစ်တဲ့အပြင် ဥပဒေ အကာအကွယ်အရ တပ်မတော်သားတစ်ဦး ရသင့်ရ ထိုက်တဲ့ အခွင့်အရေးတွေကိုလည်း နိုင်ငံတော်က တန်းတူပေးအပ်မှာဖြစ်ပါတယ်။ အခြားသော ကျွမ်းကျင် ပညာရှင်တွေ အနေနဲ့လည်း လိုအပ်တဲ့ စစ်အခြေခံပညာတွေ သင်ကြားပေးတာတွေအပြင် မိမိကျွမ်းကျင် တတ်မြောက်ထားတဲ့ ပညာရပ် နယ်ပယ်တွေ မှာသာ တာဝန်ပေးအပ်မှာဖြစ်လို့ စိုးရိမ်ဖို့ မလိုအပ်ဘူးဆိုတာ အဓိကထား သိစေလိုတာဖြစ်ပါတယ်။

၈။ ဒါ့ကြောင့် လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေဟာ နည်းဥပဒေ ထွက်ပေါ်လာခြင်းမရှိသေးတာမို့ အခြေအမြစ်မရှိတဲ့ ကောလာဟလ အဆင့်တွေသာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အထက်က ညွှန်ကြားချက်တွေအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်မှုမရှိလို့ ရပ်ကျေးတွေရဲ့ လုပ်ထုံးလုပ်နည်း လွဲမှားနေတဲ့ ပုံစံမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စစ်မှုထမ်းဆောင်ဖို့ အကျုံးဝင်တဲ့ လူစာရင်း ကောက်ခံစဉ်မှာတင် မဲနှိုက်စနစ်သုံးနေပြီဆိုတဲ့ သတင်းတွေဟာ အခြေခံအားဖြင့် တော့ ယုတ္တိမရှိလှပါဘူး။ မြေပြင်မှာ ဒီလိုမျိုးဖြစ်စဉ်မှန်နေခဲ့ရင်တော့ ဥပဒေအပေါ် သိကျွမ်းနားလည်မှုမရှိတဲ့အပေါ်မှာ ပြည်သူတွေကို အကြောက်တရားစိုးမိုးအောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတယ်လို့ပဲ ရှုမြင်ရမှာဖြစ်ပါတယ်။ အထက်က ဆိုခဲ့သလို ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်နိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်းတွေအများကြီး ကျော်ဖြတ်ဖို့ လိုနေသေးတာ တွေ့ရမှာဖြစ်သလို အထူးသဖြင့် စစ်မှုထမ်းဆောင်နိုင်တဲ့ အမျိုးသားအင်အား (၆)သန်းခန့်ရှိနေတဲ့ အနေအထားမှာ နိုင်ငံတော်အနေနဲ့လည်း လိုအပ်တဲ့ လစာ၊ ရိက္ခာတွေကို ပြင်ဆင်ပေးရမှာ ဖြစ်လို့ တနှစ်ကို အင်အားသိန်းချီ ခေါ်နေမှာ မဟုတ်ပါဘူး။ အကြမ်းဖက် ဆူပူသောင်းကျန်းမှုများပြားလွန်းတဲ့ ကိုယ်တွေနိုင်ငံအတွက် ဒီစစ်မှုထမ်းဆောင်ခြင်းဆိုတဲ့ ဥပဒေက မဖြစ်မနေကို ကျင့်သုံး ဆောင်ရွက်ဖို့ လိုအပ်နေတာမျိုးဖြစ်ပါတယ်။ ဒီလိုသာ ကာကွယ်ရေးစနစ်တွေကို မစီမံထားခဲ့ဘူးဆိုရင်… အကြမ်း ဖက်တွေ စိုးမိုးကျူးကျော်ခဲ့တဲ့ ကောလင်းဖြစ်စဉ်မျိုး၊ ကယားပြည်နယ် လွိုင်ကော်(တက္ကသိုလ်)နဲ့ ကလေး (တက္ကသိုလ်) က ဆရာ/ဆရာမတွေ အဖမ်းခံရတဲ့ ဖြစ်စဉ်မျိုးတွေ မလွှဲမသွေ ကြုံရမှာဖြစ်ပါတယ်။ ဒါတွေအပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ (၃၈၅)နဲ့ ပုဒ်မ (၃၈၆)အရလည်း နိုင်ငံသားတိုင်းက စစ်ပညာသင်ကြားကြဖို့ တာဝန်ရှိတာဖြစ်လို့ မိမိ နိုင်ငံတော်နဲ့ မိမိမြို့ရွာကာကွယ်ရေးအတွက် နိုင်ငံတော်အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ကြဖို့ လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

(နရီမိုး)