ချယ်လ်ဆီးကွင်းလယ်ကစားသမားဟောင်း မီခေးလ်က လက်ရှိအသင်းနည်းပြ ပိုချက်တီနိုအနေဖြင့် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိပါက ချယ်လ်ဆီးနည်းပြရာထူးမှ မကြာမီ ထုတ်ပယ်ခံရလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၃) ပွဲဆက် အနိုင်ရထားသော်လည်း ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၁) ပွဲကစားထားရာတွင် ရမှတ် (၃၁) မှတ်သာ ရရှိထားပြီး အဆင့် (၉) နေရာ ရပ်တည်နေသည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှ တစ်ပွဲလျော့ကစားထားသည့် လီဗာပူးလ်အသင်း(၄၅ မှတ်)နှင့် (၁၄) မှတ်အထိ ကွာဟနေသလို၊ အဆင့် (၄)မှ တစ်ပွဲလျော့ကစားထားသည့် အာဆင်နယ်အသင်း(၄၀ မှတ်) နှင့်လည်း (၉) မှတ်အထိ ကွာဟနေသည်။
ရလဒ်မကောင်းလျှင် နည်းပြများ ထုတ်ပယ်လေ့ရှိသည့် အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်လက်ထက်က ချယ်လ်ဆီးအသင်းတွင် ကစားခဲ့သည့် ကွင်းလယ်ကစားသမားဟောင်း မီခေးလ်က ယခုရာသီ အသင်း၏ရလဒ်များကို ကျေနပ်မှုမရှိဘဲ ပိုချက်တီနိုကို သတိပေးခဲ့ခြင်းဖြစ်သည်။
မီခေးလ်က ”ပိုချက်တီနိုကို အချိန်ပေးထားတာ နှစ်ဝက်ရှိသွားပါပြီ။ အခုက နိုင်ပွဲတွေ ရယူရမယ့်အချိန်ပါပဲ။ ချယ်လ်ဆီးက အချိန်ပေးတဲ့အသင်းမဟုတ်ပါဘူး။ ချယ်လ်ဆီးရဲ့ ဆောင်ပုဒ်က နိုင်ရမယ်ဆိုတာပါပဲ။ ခင်ဗျား နိုင်ပွဲမရဘူးဆိုရင် ရိုမန်(အေဘရာမိုဗစ်ချ်) က ခင်ဗျားကို တံခါးက ကန်ထုတ်ပြီး နောက်တစ်ယောက်ကို ဆွဲသွင်းလိမ့်မယ်။ အခုအသင်းပိုင်ရှင်သစ်တွေက အဲဒီလိုပဲ တွေးကြလိမ့်မယ်။ နိုင်ပွဲတွေ ယူရမယ်။ ခင်ဗျား နိုင်ပွဲတွေမရရင် ချယ်လ်ဆီးမှာ ရှိနေမှာမဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။
သို့သော် မီခေးလ်က ပိုချက်တီနိုသည် အရည်အချင်းရှိသည့်နည်းပြဖြစ်ပြီး ချယ်လ်ဆီးအနေဖြင့် တိုက်စစ်မှူးလိုအပ်နေကြောင်းလည်း ပြောကြားခဲ့သည်။
”ပိုချက်တီနိုက အရည်အချင်းရှိတဲ့ နည်းပြပါ။ သူက လူငယ်ကစားသမားတွေကိုကိုင်တွယ်တာ အရမ်းကောင်းပါတယ်။ သူတို့လိုနေတာ ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးပါ”ဟု ၎င်းက ပြောကြားခဲ့သည်။