ပရီးမီးယားလိဂ် ရှုံးပွဲအများဆုံးအသင်းဖြစ်လာတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းအနေဖြင့် ဝုလ်ဗ်အသင်းအား ရှုံးနိမ့်ပြီးနောက် ယခုနှစ်အတွင်း ရှုံးပွဲအများဆုံး ပရီးမီးယားလိဂ်ကလပ်အသင်း ဖြစ်လာကြောင်း သိရသည်။

ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) တွင် ချယ်လ်ဆီးအသင်းမှာ ဝုလ်ဗ်အသင်းအား အဝေးကွင်း၌ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှစ်ပွဲ ရှုံးနိမ့်ထားပြီး ၂၀၂၃ ခုနှစ်အတွင်း ရှုံးပွဲစုစုပေါင်း ၁၉ ပွဲအထိရှိလာပြီဖြစ်သည်။

ယင်းပမာဏမှာ ပရီးမီးယားလိဂ်ကလပ်များအနက် ယခုနှစ်အတွင်း ရှုံးပွဲအများဆုံးဖြစ်လာပြီး ဥရောပထိပ်တန်းလိဂ်ငါးခုတွင်လည်း စပိန်ကလပ် အယ်မယ်ရီယာ (၂၄ ပွဲ)၊ ဂျာမန်ကလပ် ၀ါဒါဘရီမင်နှင့် အီတလီကလပ် အမ်ပိုလီ (၂၀ ပွဲ) တို့ပြီးလျှင် စတုတ္ထမြောက် ရှုံးပွဲအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

ထို့ပြင် ချယ်လ်ဆီးအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အခွင့်အရေးအသုံးမချနိုင်သည့် အသင်းများစာရင်းတွင်လည်း ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း Opta က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ဂိုးသွင်းယူရန် ကောင်းမွန်သည့်အခွင့်အရေး ၅၇ ကြိမ်ဖန်တီးထားနိုင်သော်လည်း ၃၆ ကြိမ်အထိ လွဲချော်ထားခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်း၏နောက်တွင် လီဗာပူးလ်နှင့် အဲဗာတန်အသင်းက ၃၄ ကြိမ်၊ နယူးကာဆယ်နှင့် ဗီလာအသင်းက ၃၃ ကြိမ်ဖြင့် ရပ်တည်နေသည်။

ဝုလ်ဗ်အသင်းနှင့်ပွဲတွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ချယ်လ်ဆီးအသင်းကစားသမားသုံးဦးနှင့် ပြိုင်ဘက်ဂိုးသမားတို့ ရင်ဆိုင်တွေ့သည့် အပိုင်အခွင့်အရေးရရှိသော်လည်း စတာလင်က လူမပေးဘဲ ကန်သွင်းရာ ဂိုးသမားကာကွယ်နိုင်ခဲ့သဖြင့် ဝေဖန်မှုများ ပိုမိုထွက်ပေါ်လာခဲ့သည်။