အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်ရန် အဆင့်သင့်ရှိနေရမည်ဟု ဖိလစ်ပိုင်သမ္မတပြော

အာဆီယံအဖွဲ့အနေဖြင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည့် မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးရန် အဆင့်သင့်ရှိနေသင့်ကြောင်း ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကိုစ့်ဂျူနီယာက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖိလစ်ပိုင်သမ္မတသည် မြန်မာ မပါဝင်သော အာဆီယံ- ဂျပန်ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောဆိုချိန်အတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်အခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။

“ဆိုးရွားနေတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်ချက်တွေကို အသိအမှတ်ပြုဆောင်ရွက်တာမျိုး မရှိဘူးဆိုရင် ဒေသအတွင်းမှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိစ္စဆွေးနွေးလို့ရမှာမဟုတ်ဘူး။ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်မှုကတစ်ဆင့် မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားကို လုပ်ဆောင်ရမှာပါ။ မြန်မာကိုယ်စားပြု ထိုင်ခုံအလွတ်ထားပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ၊ အာဆီယံမိသားစုဝင်အဖြစ်ရှိနေဆဲဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဟာ အာဆီယံသဘောတူညီချက်ငါးချက်ကတစ်ဆင့် ကုလသမဂ္ဂအဖွဲ့စည်းတွေ၊ အာဆီယံလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးသင့်တယ်” ဟု သမ္မတ ဖာဒီနန်မားကိုစ့် ဂျူနီယာက ပြောသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၊ အငြင်းပွားမှုများ ဆက်လက်ရှိနေဆဲဖြစ်သည့်အတွက် ဖိလစ်ပိုင်နိုင်ငံသည် လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံကိုယ်စား အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ်တွင် အာဆီယံသည် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို ကြားဝင်ဖြေရှင်းရန် ကြိုးပမ်းခဲ့ပြီး SAC အဖွဲ့ အကြီးအကဲနှင့်တွေ့ဆုံဆွေးနွေးကာ အာဆီယံသဘောတူညီချက်ငါးချက် ရရှိခဲ့ကြောင်း၊ သို့သော် လည်း အဆိုပါအာဆီယံသဘောတူညီချက်ငါးချက်က သုံးနှစ်နီးပါးကြာချိန်အထိ သိသာတိုးတက်သော ကောင်းမွန်မှုမျိုးမရရှိသေးကြောင်းဝေဖန်မှုများလည်းထွက်ပေါ်နေသည်။