ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မှတ်တမ်းဆိုးတွေနဲ့ထွက်ခွာခဲ့ရတဲ့ မန်ယူ

မန်ယူအသင်းသည် ဒီဇင်ဘာ (၁၂)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုနောက် ဆုံးပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင် (ဝ-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းရှုံးပွဲကြောင့် မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်၊ ကိုပင်ဟေဂင်နှင့် ဂါလာတာစာရေးတို့ ပါဝင်သည့် ချန်ပီယံလိဂ် အုပ်စု (A)တွင် ရမှတ် (၄)မှတ်သာ ရရှိခဲ့ပြီး ဇယားအောက်ဆုံးနေရာဖြင့် အုပ်စုအဆင့်မှထွက်ခွာခဲ့ရသည်။

မန်ယူအသင်းနေဖြင့် ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ဇယားအောက်ဆုံးမှထွက်ခွာခဲ့ရခြင်းမှာ သမိုင်းတစ်လျှောက်၂၀၀၅-၀၆ ရာသီပြီးနောက် ဒုတိယအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် မန်ယူအသင်းအနေဖြင့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာခဲ့ရခြင်းမှာ ဂန္ထဝင်နည်းပြ ဖာဂူဆန် အနားယူပြီးနောက် (၇) ကြိမ်တွင် (၃)ကြိမ်မြောက် ထွက်ခွာခဲ့ရခြင်းဖြစ်ပြီး ယင်းမှာ ဖာဂူဆန်ကိုင်တွယ်ခဲ့သည့် (၁၈) ကြိမ်အတွင်း အုပ်စုအဆင့်မှထွက်ခွာခဲ့ရသည့် ပမာဏနှင့် တူညီသွားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပေးဂိုး (၁၅)ဂိုးအထိ ခွင့်ပြုခဲ့ပြီး ယင်းမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အင်္ဂလန်အသင်းများထဲတွင် ချန်ပီယံလိဂ်အုပ်စုအဆင့်၌် ပေးဂိုးအများဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။