အီရန်သမ္မတနဲ့ ဆော်ဒီအိမ်ရှေ့မင်းသားတို့ အစ္စရေး-ဟားမာ့စ်စစ်ရေး ဆွေးနွေး

အီရန်သမ္မတ အီဘရာဟင်ရိုင်စီနဲ့ ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လမန်တို့ဟာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား စစ်ပွဲအကြောင်း တယ်လီဖုန်းခေါ်ဆိုရင်း ဆွေးနွေးခဲ့ကြပါတယ်။

ခေါင်းဆောင်နှစ်ဦးတို့ဟာ ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ စစ်ရာဇ၀တ်မှုတွေကို အဆုံးသတ်ရန် လိုအပ်ကြောင်း အောက်တိုဘာ ၁၁ ရက်မှာ ဆွေးနွေးခဲ့ကြတယ်လို့ အီရန်သမ္မတရဲ့ နိုင်ငံရေးဆိုင်ရာလက်ထောက် မိုဟာမက်ဂျမ်ရှီဒီက လူမှုကွန်ရက်မီဒီယာ X ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“အစ္စလာမ့်စည်းလုံးညီညွတ်မှုကို အလေးပေးထားပြီး အစ္စရေးအစိုးရရဲ့ ရာဇ၀တ်မှုတွေနဲ့ အမေရိကန်ရဲ့ မီးစိမ်းပြမှုတွေက ဒေသတွင်း လုံခြုံရေးကို ပျက်ပြားစေမယ်လို့ ယုံကြည်ပါတယ်” လို့ အဲဒီသတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆော်ဒီအစိုးရပိုင်သတင်းအေဂျင်စီ SPA က “နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေရဲ့ အခြေခံမူများကို လိုက်နာရန် လိုအပ်ကြောင်း၊ ဂါဇာကမ်းမြောင်ရှိ ဆိုးရွားလှတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေနဲ့ အရပ်သားတွေ ထိခိုက်သေကြေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း” ရေးသားဖော်ပြခဲ့ပါတယ်။

ဆော်ဒီအိမ်ရှေ့စံမင်းသားက “မိမိတို့နိုင်ငံဟာ နိုင်ငံတကာနဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အစိတ်အပိုင်းအားလုံးနဲ့ ထိတွေ့ဆက်ဆံရန် အတတ်နိုင်ဆုံး ကြိုးပမ်းနေကြောင်း” ပြောကြားခဲ့တယ်လို့ SPA သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အကုန်ပိုင်းက အစ္စရေးနိုင်ငံအတွင်း ဟားမာ့စ်တို့တိုက်ခိုက်မှုအပြီး ၄ ရက်ဆက်တိုက်အဖြစ် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးလေကြောင်းမှ တိုက်နေစဉ် အီရန်နဲ့ဆော်ဒီ ခေါင်းဆောင်နှစ်ဦးတို့ တယ်လီဖုန်းနဲ့ ဆွေးနွေးမှု ထွက်ပေါ်လာခဲ့တာပါ။

ဂါဇာကမ်းမြောင်ဒေသမှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပါလက်စတိုင်းလူမျိုး ၁၂၀၀ ကျော်နဲ့ အစ္စရေးဘက်ခြမ်း လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း နှစ်ဘက်စလုံးက သတင်းထုတ်ပြန်ခဲ့ကြပါတယ်။

ဆော်ဒီအာရေဗျနဲ့ အီရန်တို့ဟာ ခုနစ်နှစ်တိုင်တိုင် ရန်လိုနေခဲ့ကြပြီး တင်းမာခဲ့ကြရာ ပြီးခဲ့တဲ့ မတ်လကမှ တရုတ်ရဲ့ ကြားဝင်ဖျန်ဖြေရေး သဘောတူညီချက်အရ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့ကြတာဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရပါတယ်။