ဖေဖေအမွေ ပေးထားလို့သာ အထက်ဂိုဏ်းပညာကို ရထားသည် ဆိုသော်လည်း သရဲကို တော့ ကျွန်မသေလောက်အောင် ကြောက်ပါသည်။ ကြောက်ပင်ကြောက်သော်ငြားလည်း ပညာအားကိုးနှင့် အန္တရာယ်ရှိသည့် အနှောက်အယှက်မကောင်းသည့် စက်များကို သက်ဆိုင်ရာတို့မှ တားဆီးပေးပါရန် အမြဲဆုတောင်းနေရသူလည်းဖြစ်၏။ သရဲကို လွန်စွာကြောက်သည်ဟု ပြောရသော်လည်း သရဲနှင့်တော့တစ်ခါမှ မတွေ့ဖူး၊ တစ် ခါမှ ခြောက်လှန့်ခြင်း မခံရဖူးပါ။ တွေးတွေးပြီး ကြောက်နေတာကပင် ပိုဆိုးသည်ဟု ထင်ပါ သည်။ အစ်မဖြစ်သူ အူကျရောဂါကြောင့် ခွဲစိတ်ရန် ဆေးရုံတက်နေရသည်။ တူ တူမလေး များက လည်း အရွယ်မရောက်ကြသေးလို့ လူနာစောင့်အဖြစ် သွားနေပေးရန် ဆုံးဖြတ်ပြီး အစ်မတက် ရောက်ကုသနေသော ဆေးရုံကို ရောက်လာရပါတော့သည်။ အပေါ်ထပ် အထူးခန်းမှာ အစ်မကိုထားသည်။ ကျွန်မရောက်သည့် နေ့မှာပင် မေ့ဆေး နှင့် အစ်မကို ခွဲစိတ်ပါသည်။ ညနေပိုင်းလောက်မှာ ခွဲစိတ်ပြီး သတိမေ့နေသော အစ်မကို အထူးခန်း မှာပင် ပြန်ပို့ထားကြသည်။ အကူသူနာပြုကိုတော့ မနက်ဖြန်မှ လွှတ်ပေးမည် ပြောပါသည်။ အစ်မကလည်း ဆေးရုံမှာ ဝန်ထမ်းဖြစ်လို့ ဆေးရုံက ဆရာဝန် သူနာပြု ဆရာ ဆရာမ အ တော်များများကို အစ်မနှင့် ပတ်သက်ပြီး ခင်မင်နေပါသည်။
” အစ်မ.. အိမ်သာသွားချင်ရင် ဆရာမတွေသုံးတဲ့ အိမ်သာကို သွားနော်.. အများသုံး အိမ်သာကို မသွားနဲ့.. ဆရာမတွေ သုံးတဲ့အိမ်သာက သော့ခတ်ထားတယ်.. အားမနာနဲ့ သော့လာယူနော်.. ကျွန်မတို့ တစ်ယောက်ယောက် အဖော်လိုက်ပေးမယ်” အလေးအနက်ကြီးကို လာပြောနေလို့ စိတ်ထဲလေးသွားသည်။ ” ဘာဖြစ်လို့လဲဟင်.. သရဲခြောက်လို့လား” မေးမိသည့် အသံပင် တုန်ချင်ချင်။ ” မဟုတ်ပါဘူး အစ်မရဲ့… သီးသီးသန့်သန့် သွားစေချင်လို့ပါ” ” ဟုတ်ကဲ့ပါ.. အိမ်သာသွားမယ်ဆို လာယူပါ့မယ်” ဆရာမတွေပြောမှ စိတ်ထဲပိုလေးသွားမိသည်။ ဆရာမတွေ အိမ်သာက ရေချိုးခန်းနှင့် တွဲ ထားသည်။ အရင်က အများသုံး အိမ်သာကို သုံးချင်ရင် ပိုက်ဆံပေးရသည်။ အိမ်သာ အဝတွင် ငွေကောက်ခံသော အစောင့်ရှိသည်။ လူနာများဆီက ပိုက်ဆံယူသည်ဟု တိုင်စာရောက်သွားလို့ အများသုံးအိမ်သာမှာ သန့်ရှင်းရေးများ ပြုလုပ်ထားပြီး သန့်ရှင်းနေသော်လည်း ငွေကောက်ခံသော အစောင့်တော့ မရှိတော့ပေ။ အိမ်သာတက်လိုပါက ဆရာမတွေဆီက သော့တောင်းပြီး သွားလိုက်မည်ဟု ဆုံးဖြတ် ထားသည်။ သူတို့အတန်တန်တားသည့် အများသုံး အိမ်သာကိုလည်း မသွားရဲတာအမှန်ပါ။ အဖော်လိုက်ပေးဖို့တော့ မလိုလောက်ပါဘူးလေ။ အားနာစရာ။
ည ၂နာရီအချိန်။ အစ်မကတော့ မေ့ဆေးအရှိန်နဲ့ သတိရလိုက် ပြန်အိပ်သွားလိုက်။ အထူးခန်း၏ အဲယားကွန်းကြောင့်ထင်သည်။ အပေါ့သွားချင်လာသည်။ ဘယ်လိုမှ အောင့်ထားလို့မရ။ အောင့်ထားလေ ပေါက်ချင်လေ ဖြစ်နေသည်။ ည၂နာရီဆိုတော့ အိပ်မောကျလို့ ကောင်းနေကြသည့် အချိန်ဆရာမတွေဆီ သော့သွားယူရမှာလည်း အားနာနေမိသည်။ ဆရာမတွေ အဆောင်ဖက်ကိုတော့ သွားကြည့်လိုက်ပါဦးမည်။ တစ်ယောက်ယောက် တွေ့လည်း သော့တောင်းယူမည်ပေါ့။ ဆေးရုံတစ်ရုံလုံးကလည်း တိတ်ဆိတ်နေသည်။ အိမ်မြှောင်စုတ်ထိုးသံကိုပင် အကျယ်ကြီး ကြားနေရသည်။ ဆရာမတွေ အခန်းရှေ့ရောက်တော့ တစ်ယောက်မှ မတွေ့။ ငြိမ်သက်နေသည်။ ” ဆရာမ..ဆရာမ” အသံတိုးတိုးနှင့် ခေါ်ကြည့်တော့လည်း ပြန်ထူးသံမကြား။ အိပ်ပျော်နေကြတာလား။ သွား နှိုးရပြန်ရင်လည်း အားနာစရာ။ အပေါ့သွားချင်နေမှုက ထိန်းချုပ်ထားလေ ပိုဆိုးလေ ဖြစ်နေသည်။ အပေါ်က အောက်ထပ် ကိုလှမ်းကြည့် လိုက်တော့ မှိန်မှိန်လေး ထွန်းထားသည့် ဝါကျင့်ကျင့် မီးရောင်လေး အောက်မှာ အများသုံးအိမ်သာကို မြင်လိုက်ရသည်။ ဆရာမတွေ မသွားဘို့ အတန်တန်တားထားကြသည့် အများသုံးအိမ်သာကြီးကို မြင်လိုက်ရ မှ အိမ်သာတွေ့လေ ပေါက်ချင်လေ ဖြစ်လာသည်။ ကိစ္စကို ဖြေရှင်းရန် အများသုံးအိမ်သာသို့ သွားဖို့ ဆုံးဖြတ်ချက် အခိုင်အမာချပြီး သတ္တိတွေမွေးကာ လိမ်ကျစ်လိမ်ကျစ်နှင့် သွားလိုက် လေတော့သည်။ အများသုံးအိမ်သာ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသည်။ ကိုယ့်ခြေသံ ကိုယ်ပြန် ကြားနေရသည်။ လူသူအရိပ်အရောင်လည်းမတွေ့။ အိမ်သာထဲ ဝင်လိုက်တော့ ကျား မ ခွဲထား လို့ မအိမ်သာဖက် ဝင်လိုက်သည်။ အိမ်သာခန်းများ တန်းစီတွေ့ရသည်။ နီးရာအိမ်သာခန်းကို ဖွင့်မည်လုပ်စဥ် စဥ်းစားမိသွားပြန်သည်။ ရုပ်ရှင်တွေထဲကလို ဆံပင်ဖားလျား အဝတ်ဖြူကြီးနဲ့ သရဲမများ ထိုင်နေမလား” လို့။ လက်ရှိအခြေအနေမှာတော့ သရဲထက် သေးထွက်ဖို့က အရေးကြီးနေပြီး အဲ့ဒီ့လို တွေ့ခဲ့ ရင်တောင် ကြောက်တာနှင့်ရောပြီး သရဲမကို ရိုးရိုးသေးရော ကြောက်သေးနှင့်ပါ ပန်းမိမှာ အမှန်ပင်ဖြစ်သည်။ ” ကျွီ..အီ..အီ”
တံခါးကလည်း အသံမြည်လွန်းသည်။ အိမ်သာထဲ အမြန်ကြည့်လိုက်တော့ ထင်ထား သလို မဟုတ်။ ဘာမှရှိမနေပါ။ စိတ်အေးသွားပြီး အိမ်သာထဲ ဝင်လိုက်သည်။ ရထားသမျှ ဘုရားစာ တွေကတော့ နှုတ်က အော်တိုထွက်နေသည်။
ကိစ္စရှင်းလိုက်ရလို့ စိတ်မှာပေါ့သွားရသည်။ ခုတော့လည်း သူမဟုတ်သလို။ စိတ်ဆိုသည်မှာလည်း သေးကိစ္စပြီးတော့ သရဲကိစ္စဆီ ပို့နေပြန်သည်။ သန့်ရှင်းရေး လုပ်ပြီးကာမှ စဥ်းစားမိ ပြန်သည်။
" သြော်... ဒီအချိန် ငါ့ကိုများ သရဲခြောက်ရင် သရဲကိုလည်း ငါကမသိ..သရဲကလည်း ငါ့ကို မသိနဲ့ ဟုတ်တော့နေမှာပါလေ"
တွေးလိုက်မှ ကြက်သီးက ဖြန်းခနဲထသွားပြီး ခေါင်းမွှေးတွေ ထောင်သွားသည်။
" ငါက ကြောက်တတ်နေတာကိုး..ကြောက်တတ်လို့ ခေါင်းမွှေးတွေ ထောင်တာနေမှာပေါ့"
ကိုယ့်ကိုယ်ကို အားပေးပြီး အိမ်သာအပြင်ကို ထွက်လိုက်ချိန် ဟိုဖက်အိမ်သာခန်းက ထွက် လာပုံရသည့် ကောင်မလေး တစ်ယောက်ကို တွေ့လိုက်ရသည်။ ဆိုင်ကယ်စီး ဦးထုပ် လေးကိုကိုင် လို့။ ဂျင်းဘောင်းဘီ အပြာလေးကို ဝတ်ထားပြီး ဘောင်းဘီမှာ အပြဲရာများ တွေ့ရသည်။ ခုခေတ် ကလေးတွေ ဘောင်းဘီအပြဲတွေကို စတိုင်တစ်ခုအနေနှင့် ဝတ်လေ့ ရှိသည်ကို သွားတွေးမိသည်။
ကောင်မလေးက ရယ်ပြနေလို့ ကျွန်မလည်း ပြန်ပြုံးပြမိသည်။ ကောင်မလေးကများ စ ကားစပြောလျင် အားနာနာနှင့် ပြန်ပြောမိလေမလားဘဲ။ စိတ်ထဲမှာတော့ တော်တော် ဥစ္စာ ခြောက်သည့် ကောင်မလေးပဲ..အိမ်သာထဲ ဝင်တာတောင် ဆိုင်ကယ်စီး ဦးထုပ်ကို လက်က မချဘူးဟု တွေးမိသည်။
ကောင်မလေးကို တွေ့နေချိန် ကြက်သီးတွေ ဖြန်းခနဲ ထသွားပြန်လို့..
" လူကိုတွေ့တာတောင် ကြက်သီးက ထသွားသေး.. ငါ့နှယ်..ကြောက်တတ်လိုက်တာ" ဟု တွေးပြီး အပေါ်ထပ်ကို ပြန်တက်ခဲ့သည်။ အစ်မကတော့ ဆေးရှိန်နှင့် အိပ်မောကျလို့ကောင်းတုန်း။
မနက်နိုးတော့ ဆရာမတွေ အိမ်သာနှင့် ရေချိုးခန်း တံခါးပွင့်နေတာနှင့် မျက်နှာသစ် ကိုယ် လက်သန့်စင်လိုက်သည်။ အထူးခန်းကို ပြန်ရောက်တော့ အစ်မတောင် နိုးနေပြီ။ အစ်မကိုကြည့်ရန် အထူးခန်းကို ဆရာမတစ်ဦး ရောက်လာသည်။ အစ်မကိုကြည့်ရှုပေးနေ ရင်းနှင့် ကျွန်မကို လှမ်းမေးသည်။ ” အစ်မ.. ညက အပေါ့အပါးသွားဖို့ လာလည်းမခေါ်ပါလား” ” အားနာလို့ပါ…သော့တောင်းဖို့ လာသေးတယ်.. ဘယ်သူမှ မတွေ့တာနဲ့ အများသုံး အိမ် သာမှာပဲ အဆင်ပြေသလို သွားလိုက်ပါတယ်” ဆရာမက သတ္တိရှိလှချေလား ဆိုသည့် အံ့သြအကြည့်နှင့် လှမ်းကြည့်ပြီးမှ.. ” ညကလည်း ကောင်းကောင်း မအိပ်ရပါဘူး..အစ်မလာလည်း ရှိကြမှာ မဟုတ်ဘူးလေ” ” ဘာတွေအလုပ်ရှုပ် နေကြလို့လဲ” ” ည၂နာရီထိုးမှာ ဆိုင်ကယ်မှောက်တဲ့ လူနာနှစ်ယောက် ရောက်လာကြတယ်..ကောင်လေး နဲ့ ကောင်မလေးလေ..၂၀ ဝန်းကျင် ငယ်ငယ်လေးတွေ.. ရောက်လာတော့ နှစ်ယောက်လုံး အသက်မရှိကြတော့ဘူး” ” သြော်” ” သေသာသွားတယ် ကောင်မလေးက ဆိုင်ကယ်စီးဦးထုပ်လေးကို ကိုင်ထားတုန်း.. မနည်း ဆွဲဖြုတ်ရတယ်” အမှန်ပင် ကျွန်မလန့်သွားမိသည်။ ညက အများသုံးအိမ်သာ အထွက်မှာ တွေ့ခဲ့သည့် ကောင်မလေးကလည်း ဆိုင်ကယ်စီး ဦးထုပ်လေးကိုကိုင်လို့… အချိန်ကလည်း ည၂နာရီ။ ” ဒီဆေးရုံမှာ သရဲတွေ ဘာတွေရှိလား ဆရာမ” ” မရှိပါဘူး.. ဘာဖြစ်လို့လဲ..ဟင်” ” မေးကြည့်တာပါ” ညကအဖြစ်အပျက်ကို စဥ်းစားလေ မေးချင်လာလေမို့ မေးမှကို ဖြစ်တော့မည်။ ” ဆရာမ…ကောင်မလေးက ဂျင်းဘောင်းဘီ အပြာရောင်လေး ဝတ်ထားတာလား” မဟုတ်ပါစေနှင့်ဟု ဆုတောင်းသော်လည်း မပြည့်။ ” ဟုတ်တယ်လေ… ဂျင်းဘောင်းဘီ အပြာလေးနဲ့.. ဘောင်းဘီတစ်ထည်လုံးလည်း စုတ်ပြဲ လို့.. အစ်မတွေ့လိုက်တာလား” ပြန်မဖြေမိ။ သေချာပါပြီ။ အိမ်သာရှေ့မှာ ကျွန်မတွေ့ခဲ့သူမှာ ထိုကောင်မလေးပင် ဖြစ်ပေမည်။ အသက်မသေ ဆုံးခင်က ကျွန်မလို အပေါ့အပါး သွားလိုသည့် စိတ်များဖြစ်ခဲ့လို့ အိမ်သာဆီ ရောက်လာရ တာလား။ တော်သေးသည်။ သွေးသံရဲရဲနှင့် အူတွေပေါက် ခေါင်းပြတ်ကြီးနှင့် လာမပြသည့် အပြင် ရယ်ပြသွားသည့် ကောင်မလေးကို ကျေးဇူးတင်နေမိသည်။ ညကစကားများ ပြောဖြစ်ခဲ့ကြ ရင်ဖြင့် သရဲနှင့် စကားပြောဖူးသည်ဆိုသော ဂုဏ်ပုဒ်ပင် ရသွားနိုင်သည်။
ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖြစ်။ အစ်မက ကျွန်မထက် ပိုကြောက်တတ် သည်။ သူ သာသိသွားလျင် ဆီးချုပ်ဝမ်းချုပ်ပင် ဖြစ်သွားနိုင်သည်။ မြို့ထဲဖက်မှာ ရုံးအလုပ်လေးတွေလည်း ပါလာလို့ မြို့ထဲက ဟိုတယ်တစ်ခုခုမှာ တည်းလိုက် ပြီး အစ်မဆီ နေ့တိုင်း လာကြည့်မည့်အကြောင်း အစ်မကို ပြောပြလိုက်သည်။ ” သွားလိုက် လာလိုက်နဲ့ ညီမလေး ပင်ပန်းနေမှာပေါ့.. ဒီမှာနေလည်း ဖြစ်နေတာပဲဟာ” ” ဟိုလေ.. အစ်မလည်း ခွဲစိတ်တာ အောင်မြင်ပြီ.. သတိလည်း ရနေပြီဆိုတော့ ခွင့်ရတဲ့ ရက်အတွင်း ဆေးရုံကို လာလိုက်ပြန်လိုက်ပဲ လုပ်လိုက်ပါတော့မယ်”
သူနာပြု ဆရာမတွေက အစ်မသူငယ်ချင်းများဖြစ်လို့ အစ်မအတွက် ညရေးညတာ စိတ် မပူရတာလည်းပါသည်။ ကျွန်မကြောက်နေတာလည်းပါသည်လေ။
ခွင့်ပြုလိုက်ရသော်လည်း အစ်မက ကျွန်မနှင့် အတူနေပြီး စကားတွေ ပြောချင်နေ မှန်း ကျွန်မသိသည်။ ကျွန်မကလည်း ဂျင်းဘောင်းဘီ အပြာရောင်လေးကို မျက်စိထဲက မထွက်။ သူက ကျွန်မကို မှတ်မိသွားပြီလေ။ ဒီတစ်ခါဆို စကားတွေ လာပြောတော့မှာ။
သွားခါနီးမှာတော့ အစ်မကို မှာဖြစ်အောင် မှာလိုက်သည်။
" အခုတော့ အကူနဲ့ အပေါ့အပါး သွားနေရပေမဲ့ အစ်မနေကောင်းလာရင် ဆရာမတွေသုံး တဲ့ သန့်စင်ခန်း ကိုပဲ သွားပါနော်"..လို့။
(ညီမငယ်နှင့်အတူ ခံစားရေးဖွဲ့ပါသည်)
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
ခွန်သက်တင်ဆန်း