ကျူးဘားနိုင်ငံ ဂွါတာနာမိုပင်လယ်အော်ရှိ အမေရိကန်အစိုးရ၏ ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထား ရသော အကျဉ်းသားများသည် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်စွာ နှိပ်စက်ခံရမှုများကိုတွေ့ကြုံခံစားခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂစောင့်ကြည့်လေ့လာသူ Fionnuala Ni Aolain သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် အဆိုပါ ထိန်းသိမ်းရေးစခန်းသို့ဝင်ရောက်ခွင့်ရခဲ့ပြီး နှစ်ပေါင်း(၂ဝ)အတွင်း ဝင်ရောက်ခွင့်ရသည့် ပထမဆုံးလူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူဖြစ်လာခဲ့ပါတယ်။
အဆိုပါ ထိန်းသိမ်းရေးစခန်းကို ဝင်ရောက်ခွင့်ပေးသည့်အတွက် အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ကို ကျေးဇူးတင်ကြောင်း Fionnuala Ni Aolain က ပြောကြားခဲ့သော်လည်း အကျဉ်းထောင်တွင် အကျဉ်းသားများကို နှိပ်စက်ခြင်း ၏အကျိုးဆက်များကို ရင်ဆိုင်ရန် ဆန္ဒမရှိသော အာဏာပိုင်များ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာပြဿနာများကို အသေးစိတ်ဖော်ပြထားသည့် (၂၃)မျက်နှာပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

