၂၁လက်မ ကာလာတီဗွီတွေ ပေါ်ကာစ တပ်ရင်းမှူး တစ်ဦးလျင် တစ်လုံး ဝယ်ယူခွင့်ရသည်။ ကစလက ထုတ်ပြီး အပြင်မှာ ရောင်းဝယ်ခြင်းမရှိ ရှားပါး နေသော အချိန်ဖြစ်သည်။
တီဗွီကို ရန်ကုန်မှာ သွားထုတ်ရမည်။ သွားထုတ်မည့် ဗိုလ်ကြီးသက်ဦး ကို ဆရာက သေသေချာချာ မှာသည်။ မပွန်းမပဲ့ မကွဲမရှစေရန် သယ်လာဖို့ အကြောင်း စိုးရိမ်စွာဖြင့် မှာနေသည်။
အိမ်၏ ဧည့်ခန်းထဲမှာလည်း ဘယ်နေရာမှာ ထားရင်ကောင်းမလဲဟု စဥ်းစားပြီး နေရာရွေးနေသည်။ တီဗွီကြီး မြစ်ကြီးနားဘူတာ ရောက်လာပြီ ဆိုကတည်းက ဆရာ ဂဏှာမငြိမ် ဖြစ်နေသည်။ လက်ဖြောင့်တစ်ဖွဲ့လုံး ကို လည်း ခေါ်ထားသည်။
အိမ်ပေါ်ကို လက်ဖြောင့်အဖွဲ့နှင့် မတင်နေစဥ် ဘေးကနေ လိုက်လာပြီး.
" လူလေးတို့... ဖြည်းဖြည်း ကိုင်ကြကွဲ့... ပစ္စည်းဆိုတာ ကောင်းရင် လေးတယ်ကွဲ့"
ပစ္စည်းဆိုတာ ကောင်းရင်လေးတယ် ဆိုသည့်စကား တပ်ထဲမှာ ရေပန်း စားသွားသေးသည်။
တီဗွီကို နံရံအနီးရှိ စားပွဲမှာ တင်ဖို့ လုပ်နေကြသည်။ မိုးဝင်းတို့ အဖွဲ့ ဝိုင်းသယ်နေတာကို ဆရာကပါ မနေနိုင် မထိုင်နိုင် ဝင်မပေးနေသည်။ မိုး ဝင်းတို့ လက်ဖြောင့်တွေက အားထည့်ပြီး သယ်ကြသည်။
တီဗွီ၏ ဖန်ပြွန်ကာဘာကြီးက နောက်ဖက်ကို ထွက်နေတော့ နံရံနှင့် မထိအောင် ဂရုစိုက်ပြီး နေရာချနေသည်။ ဂရုစိုက်နေသည့် ကြားထဲ မိုးဝင်း တွန်းလိုက်တာ နံရံကို နည်းနည်းထိပြီး အသံမြည်သွားသည်။
" ဟာ... သွားပြီ.. အားလုံး ပျက်စီးကုန်ပြီ.. မောင်မိုးဝင်း နောက်ကို ဆုတ်လိုက်ပါ.. အခုဆုတ်လိုက်ပါ"
သူ့ဆရာ အကြောင်းကို သိသော မိုးဝင်းက မျက်နှာသေလေးနှင့် ဟုတ်ကဲ့ဟုပြောပြီး နောက်ကို ဆုတ်လိုက်သည်။
ဆရာက အနားတွင် ရှိနေသော အိုင်အို ဗိုလ်ကြီးထွန်းထွန်းဦး ဖက်သို့ လှည့်ပြီး...
" ဗိုလ်ကြီးထွန်းထွန်းဦးရေ.. ဒီမှာကြည့်ကွ.. လူလေးရ.. မောင်မိုးဝင်း တို့က ဗကပစိတ်ဓါတ်ဗျ၊ သူ့ပစ္စည်း မဟုတ်ဘူးဆိုတော့ ဘာဖြစ်ဖြစ် ပျက်ရင် ပျက်ပေ့စေဆိုပြီးလုပ်တာ.. အဲ့ဒါ ဗကပစိတ်ဓါတ်ပဲ"
သူ့ တီဗွီလေး နံရံနှင့် အသာထိ သွားတာနှင့် ဗကပ စိတ်ဓါတ်တွေ ဖြစ်တော့တာပါပဲ။
" မောင်မိုးဝင်း.. ခု အပြင်ထွက်သွားပြီး အိမ်ရှေ့မှာ သွားထိုင်နေပါ"
မိုးဝင်းကတော့ ဝေးလေကောင်းလေ သဘောဖြင့် ခွေးခြေတစ်လုံး ယူ ပြီး ဟုတ်ကဲ့ဟုပြောလျက် အိမ်ရှေ့မှာ သွားထိုင်နေလိုက်သည်။
တပ်ရင်းမှူးအိမ်မှာ သစ်သားတံခါးပေါက်များ ဖြစ်ပြီး အလင်းရောင် ရစေရန် မှန်ချပ်များကို တံခါးပေါက် အပေါ်က တပ်ထားသည်။
ဆရာ့လို အရပ်မြင့်သူတောင် ထိုမှန်ကိုမမှီ။ တီဗွီကို နေရာချပြီးနောက် ဆရာက အိမ်ထဲရှိ ခုံတစ်လုံးကို လှမ်းယူကာ တံခါးနား ချလိုက်သည်။
သစ်သားတံခါးကို ဖွင့်လိုက်ရင် ရရက်သားနှင့် မဖွင့်ဘဲ ခုံပေါ်တက်ကာ မှန်ပေါက်မှ တစ်ဆင့် အိမ်အပြင်ကို ခက်ခက်ခဲခဲ လှမ်းကြည့်နေသည်။ အိမ်ရှေ့မှာ အိမ်ကိုနောက်ခိုင်း ထိုင်နေသော မိုးဝင်းကို လှမ်း ကြည့်နေတာ ဖြစ် သည်။ မိုးဝင်း မသိစေချင်သည့် သဘော။
" မောင်မိုးဝင်းတော့ ထိုင်နေပြီကွ" ဆိုပြီး ဗိုလ်ကြီးထွန်းထွန်းဦးကို လှမ်းပြောလိုက်သေးသည်။
ဆရာနှင့် ပတ်သက်လာလျင် ဘယ်ဟာက အဓိက ဘယ်ဟာက သာမည ဆိုတာ ခွဲခြား၍ မတပ်အောင်ပင် ဖြစ်ရပါသည်။
ပျက်မှာစိုးလို့ တီဗွီက ဖွင့်ကြည့်တာထက် ဖုန်သုတ်နေရတာက များ သည်။
တစ်ရက်မှာ တီဗွီဇာတ်လမ်းကို စိတ်ဝင်စားစွာ ကြည့်နေသည်။ စုံ ထောက် ရှားလော့ဟုမ်း ဇာတ်လမ်းတွဲကို ဆရာကြိုက်သည်။ ကြည့်နေရင်း..
" ကတော်...ကတော်...ကတော်"
လက်ဖြောင့်အဖွဲ့ မွေးထာသော ကြက်မလေး ကတော် ကတော်အော် ပြီး အိမ်ရှေ့မှာ ပတ်ပြေးနေသည်။ ကြက်ကတော်သံကြောင့် ဆရာ အာရုံ နောက်နေပြီ။
ကြက်မလေး အော်ရခြင်း အကြောင်းက ကြက်ထီး မိတ်လိုက်ဖို့ လိုက် ဆိတ်နေလို့ ဖြစ်သည်။ ကြက်မူ မူနေတာလည်း ဖြစ်နိုင်သည်။
" ချမ်းဆောင် လူလေး... ကြက်မက ဘာဖြစ်လို့ အော်နေတာလဲ"
" ကြက်ထီးက မိတ်လိုက်နေလို့ပါ"
တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် ဆက်တိုက် ကတော်ပြီး ကြက်မလေးက ပြေးနေရှာတော့ ထိုကတော်သံက တီဗွီကြည့်နေသော ဆရာ့ကို အရသာ ပျက်စေသည်။
" ဆရာချမ်းဆောင် လာဦး"
" ဟုတ်ကဲ့"
" မင်းကြက်တွေကို နိုင်အောင် မထိန်းနိုင်ဘူးလား.. ကြက်ထီးကလည်း သောင်းကျန်းနေလိုက်တာ.. ရှေ့တန်းပြန် အိမ်ထောင်သည် ရဲဘော်များ ဝင်စားသလား မှတ်ရတယ်.. ဘယ်လိုမျိုး ဖြစ်နေတာလဲ ကိုမသိဘူး"
နားစွန်နားဖျား ကြားမိတာနှင့် သူ့တိုက်ကြက်လေးဖက်ကနေပြီး...
" အမျိုးကတော့ စစ်တကောင်းမျိုးပါ"
" ကြက်မျိုးကို မေးနေတာ မဟုတ်ဘူး... မင်းစစ်တကောင်းကြီးကို အခုဖမ်း... ပြီးရင် ကြက်အချုပ် ချထားလိုက်"
စစ်တကောင်းကြီးခမျာ ကြက်အချုပ် ဝါးအုပ်ဆောင်းထဲမှ နေပြီး အမူ လွန်ပြီး အသံစွာလွန်းသည့် ကြက်မဒန်းလေးကို လှမ်းကြည့်ကာ အချုပ်ထဲမှ လွမ်းနေရှာပါတော့သည်။