နစကဥက္ကဋ္ဌ နှင့် မစ္စတာဘန်ကီမွန်းတို့ မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတဟောင်း ဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံ

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း၊ The Elders အဖွဲ့ဒုတိယဥက္ကဋ္ဌ မစ္စတာဘန်ကီမွန်းတို့သည် ယနေ့(ဧပြီလ ၂၄ ရက်)၊ နံနက် ၁ဝ နာရီတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌနှင့် မစ္စတာဘန်ကီမွန်းတို့အကြား အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို အတည်ပြုပြောဆိုခဲ့သည်။

“အဓိကတော့ မြန်မာနိုင်ငံရဲ့နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ အပြန်အလှန်အမြင်ချင်းဖလှယ်ပြီး အပြုသဘောဆောင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်” ဟု နစကပြောခွင့်ရကဆိုသည်။

နစက၏ ဖိတ်ခေါ်ကမ်းလှမ်းချက်အရ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း၊ The Elders အဖွဲ့ဒုဥက္ကဋ္ဌ မစ္စတာ ဘန်ကီမွန်းသည် ဧပြီလ ၂၃ ရက်တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကအနေဖြင့် လက်ရှိ နိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသည့်အခြေအနေမှန်များကို ပြောခွင့်၊ ရှင်းပြခွင့်ရရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုခဲ့သည်။

“ကျွန်တော်တို့အနေနဲ့က ကမ္ဘာမှာလည်း အချို့သော မီဒီယာတွေက ထုတ်လွှင့်မှုတွေ၊ အချို့သောအဖွဲ့အစည်းတွေရဲ့ ထုတ်လွှင့်မှုတွေကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခြေအနေမှန်ကို မသိရှိတာတွေ၊ တစ်ဖက်သတ်မြင်တာတွေရှိတယ်။ မြန်မာနိုင်ငံအနေနဲ့က လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ လုပ်ဆောင်နေတဲ့ဟာတွေကို အဖြစ်မှန်အတိုင်း ပြောပြခွင့်၊ ရှင်းပြခွင့် ရရှိခဲ့ပါတယ်”ဟု နစကပြောခွင့်ရက ဆိုသည်။

၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် တောင်းဆိုမှုရှိနိုင်ကြောင်း သုံး သပ်ပြောဆိုနေမှုများအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းအနေဖြင့် တောင်းဆိုမှု မရှိသကဲ့သို့ တွေ့ဆုံမှုလည်း မရှိခဲ့ကြောင်း ထည့်သွင်းပြောဆိုထားသည်။

မစ္စတာဘန်ကီမွန်းအနေဖြင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဦးသိန်းဆွေတို့နှင့် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည့်အပြင် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ထံသို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း နစက ပြောခွင့်ရက ဆက်လက်ပြောဆိုထားသည်။

မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် (၂)ရက်သာကြာမြင့်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီးဖြစ်ကြောင်း သိရသည်။