စစ်ကြောင်းတစ်ခုလုံး စစ်မြေပြင် ချီတက်ပုံအတိုင်း ရှေ့နောက်တန်း သွားနေသည်။ မိုင်းအန္တရာယ် ကာကွယ်ရန် တစ်ယောက်နှင့်တစ်ယောက် လေးလှမ်းခြားထားသည်။ တောင်ကြောလမ်း ဖြစ်၍လည်း ခရီးမတွင်ပါ။ သံသယရှိသော နေရာများကိုလည်း တက်ရှင်းနေရသေးသည်။
ချီတက်လာရင်း တောင်ယာတစ်ခုကို ဖြတ်ရသည်။ တဲတစ်လုံးတွေ့၍ ဝင်ရှင်းရာ ဘယ်သူမှမရှိ။ တောင်ယာတွင် စားပင်အချို့ စိုက်ထားသည်။င ရုတ်ပင်များမှာ အသီးများပင် သီးနေပြီ။
ရှေ့တန်းတွင် အစားအသောက် ရှားပါးလှသဖြင့် တစ်ခါတရံ ငရုတ်သီး စိမ်းကလေးကို ကတွတ်ခနဲ ကိုက်ပြီးစားရသည်မှာ ထမင်းမြိန်လှ၏။ လျှာပေါ်ရှိ အရသာဖုများကို အပူဓာတ်နှင့် နှိုးလိုက်သည့် သဘောပေါ့။
ဆရာက လက်ဖြောင့်တစ်ယောက်ကို ငရုတ်သီး ၁၀တောင့် ရေပြီး ခူး ခိုင်းသည်။ ပြီးနောက် အသံဩကြီးနှင့် အော်ပြောလေသည်။
" တောင်ယာခင်း ပိုင်ရှင်ကြီးခင်ဗျား...ကျွန်တော် ငရုတ်သီး၁၀ တောင့် ခူးသွားပါတယ်...ကျသင့်ငွေ တစ်ကျပ်ကို အပင်မှာ ညှပ်ထားခဲ့ပါတယ် ခင်ဗျား"
လေးငါးလှမ်းလောက် သွားပြန်တော့ ချဥ်ပေါင်ပင်များတွေ့၍ ခူးခိုင်း လိုက်ပြန်သည်။ ခုနကအတိုင်း အော်ပြန်သည်။
" ဟင်းချိုချက်သောက်ဖို့ တစ်ကျပ်ဖိုး ခူးသွားပါတယ်ဗျို့...ပိုက်ဆံကို ညှပ်ထားခဲ့ပါတယ်"
ဆက်ထွက်လာတော့ ကျောက်ဖရုံသီး တစ်လုံး ခူးခိုင်းပြန်သည်။
" ဒီတစ်ခါတော့ နှစ်ကျပ်ထားခဲ့ပါတယ်...ကျေးဇူးပါ"
ဟင်းသီးဟင်းရွက်တန်းမှာ စျေးဝယ်နေသည့် မိန်းမကြီးအလား ဟို အော်လိုက် ဒီအော်လိုက်နှင့်။
ထိုအချိန်က ဗိုလ်ကြီးတစ်ဦးလစာ ၄၂၀ကျပ် ရသောအချိန် ရိက္ခာစိုငွေ တစ်နေ့မှ ၃ကျပ်၁၅ပြား ရသောကာလဖြစ်သည်။ တိကျသော ဆရာကြောင့် ငရုတ်ပင် ချဥ်ပေါင်ပင်များတွင် ငွေတွေသီးနေသည်ကို မကြည့်ရက်သော စစ်ကြောင်းနောက်ဆုံးစစ်သည်များက ပြန်ယူလာခဲ့ကြသည်။ ဆရာတော့ မသိပါ။
×××××
တပ်ကြပ်ဖိုးကျန်မှာ စစ်ဆင်ရေးဝန်ထမ်း ပေါ်တာထိန်းတာဝန်ယူထားရ သည်။ စစ်ကြောင်းတွင် ပါရှိသော ရိက္ခာနှင့် အရံကျည်များကို ထို ပေါ်တာ များဖြင့် သယ်ရသည်။ ထမင်းအိုး ဟင်းအိုးကြီးများလည်းပါသည်။
စတင်ချီတက်စဥ်ကတော့ ပေါ်တာများမှာ ဆန်အိတ်ပိုင်းများ သယ် ဆောင်ပြီး လိုက်နိုင်ကြသော်လည်း ခရီးပြင်းလာသည်နှင့်အမျှ မလိုက်နိုင် ကြတော့ပါ။ တောင်တက်ခရီးက ပိုဆိုးပါသည်။
မလိုက်နိုင်သော ပေါ်တာများကို တောတောင်အတွင်း ထားခဲ့လို့က လည်း မရသဖြင့် သူတို့ကို ပြန်တွဲခေါ်ရသည်။ ပေါ်တာသယ်ရမည့် ဆန်အိတ် ပိုင်းကို ဆရာဖိုးကျန်၏ ကျောပိုးအိတ်ပေါ် ထပ်တင်ပြီး ပေါ်တာကိုပါ တွဲခေါ် နေရသဖြင့် ဆရာဖိုးကျန် စိတ်တိုလာပါပြီ။
ထို့ကြောင့် ချီတက်နေရင်းနှင့် ပေါ်တာကို ဆဲဆိုကြိမ်းမောင်းနေသည်။ တပ်ရင်းမှူး မကြားအောင် အနားကပ်ပြီး တိုးတိုးကြိတ်ဆဲနေပါမှ ဆရာက ကြားဖြစ်အောင် ကြားသွားသေးသည်။
" လူလေး...တပ်ကြပ်ဖိုးကျန်...ပြည်သူလူထုကို မဆဲပါနဲ့..လက်တွဲ ခေါ်ပါ..ရိုင်းပင်းပါ"
လက်တွဲရုံမက ကျောပိုးကာ ခေါ်ဖို့ပဲ ကျန်တော့သည်။ တွဲခေါ်ရင်း နှင့် စိတ်တိုလာပြန်သဖြင့် ပေါ်တာကို ရှမ်းဘာသာစကားနှင့် ဆဲမိပြန်သည်။ ဆရာဖိုးကျန်ရော ပေါ်တာပါ ရှမ်းလူမျိုးများဖြစ်၍ နားလည်ကြ၏။ ဒါကို ဆရာက ကြားသွားပြန်ပြီး..
" တပ်ကြပ်ဖိုးကျန်... ပြည်သူလူထုကို ဗမာလိုလည်း မဆဲပါနဲ့၊ ရှမ်း လိုလည်း မဆဲပါနဲ့၊ နွေးထွေးစွာဖြင့် လက်တွဲခေါ်ပါ"
ခက်ချေပြီ။ ဆရာဖိုးကျန်မှာ ဗမာနှင့် ရှမ်းဘာသာ နှစ်မျိုးသာ တတ်သူ ဖြစ်သည်။ အင်္ဂလိပ်စာသင်ပြီး အင်္ဂလိပ်လို ဆဲရင်လည်း ဆရာကသာ သိပြီး ပေါ်တာက နားလည်မည်မဟုတ်။
သေနတ်၊ကျောပိုးအိတ်နှင့် ဆန်အိတ်ပိုင်းကိုထမ်းလျက် ဝန်ထမ်းကို တွဲကာ ယိုင်နဲ့နဲ့ဖြင့် သွားနေသော တပ်ကြပ်ဖိုးကျန်၏ နောက်ကျောကို ကြည့်ပြီး ပြုံးနေသူတစ်ယောက်တော့ ရှိလိမ့်မည်ထင်သည်။
စခန်းချသည့် နေရာကိုရောက်တာ နောက်ကျပြီး ရေကလည်း ရှာနေ ရသေးတာနှင့် ညစာထမင်းချက်တာ နောက်ကျနေသည်။ ရေစိုထားသော ထင်းတွေကလည်း ချက်ချင်း မီးမွှေးလို့မရ။
အိုင်အို ဗိုလ်လှစိုးလည်း ပေါ်တာများကို ညစာ ထမင်းဟင်း အမြန် ကျွေး နိုင်အောင် စီစဥ်ပေးနေသည်။
တောရိပ် တောင်ရိပ်ကြောင့် အမှောင်ထုက စောစီးစွာ ကျရောက်လာ သည်။ ဝိုင်းကူချက်ပြုတ်နေကြသော ပေါ်တာများမှလွဲပြီး ကျန်ပေါ် တာ ဝန်ထမ်းများက သတ်မှတ်နေရာမှာ စုထိုင်ပြီး ဗိုက်ဆာနေကြပြီ။
ပေါ်တာတွေ အနားကို အလိုမကျသော မျက်နှာကြီးနှင့် ဆရာရောက် လာသည်။ အားလုံးကြားအောင် ပြောလိုက်သည်။
" ပြည်သူလူထုကြီးခင်ဗျား... ပြည်သူလူထုကြီး အနေနဲ့ ဆာလောင် မွတ်သိပ် နေကြပြီလို့ ထင်ပါတယ်၊ ပြည်သူလူထုကြီးကို ညစာ အချိန်မီ မ ကျွေးနိုင်ရခြင်းမှာ အိုင်အို ဗိုလ်လှစိုးလေးရဲ့ စီမံမှု ညံ့ဖျင်းသောကြောင့် ဖြစ် ပါတယ်၊ သည်းခံပြီး စောင့်စားကြပါ၊နောက်မဖြစ်စေရအောင် ဆောင်ရွက် စေပါမယ်ခင်ဗျား"
မြို့ကြီးပြကြီးက ပြည်သူလူထုတွေကို မှာကြားနေသလိုမျိုး တော တောင်ထဲ ရောက်နေသည့် ပေါ်တာများကို တခုတ်တရ အလေးထား မှာ ကြားနေရှာသော ဆရာ့ကိုကြည့်ပြီး အိုင်အိုဗိုလ်လှစိုးတစ်ယောက် သူ့ ခေါင်း ကိုသာ တဗျင်းဗျင်း ကုတ်နေလိုက်ပါတော့သည်။