မြန်မာနိုင်ငံရှိ ရေလွှမ်းမိုးမှုရှိသော နေရာ၊ ရေအိုင်ရေစပ်ရှိသော နေရာတွင် အများဆုံးတွေ့ရသော ကပ်ပါးကောင် (သို့)
သန်ပြားကောင်ခေါ် အသည်းစားပိုးသည် ကျွဲ၊ နွားများထက် သိုး၊ ဆိတ်များကို အထူးဒုက္ခပေးသော သန်ကောင်အမျိုးအစား ဖြစ်ပါတယ်။
သန်ကောင်များကြောင့် ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာများမှာ-
(၁) လွှတ်ကျောင်းသော တိရစ္ဆာန်များ စားမိပါက အူအတွင်းသို့ ရောက်ရှိပြီး အကျိတ်ဖြစ်ကာ ၎င်းအကျိတ်အတွင်းမှ အကောင်ငယ်များ
ထွက်လာပါတယ်။ အူနံရံကိုဖောက်ပြီး အူ၊ အသည်းဖုံးထားသည့် အမြှေးအိတ်ထဲမှာ တစ်ပတ်ခန့် လှုပ်ရှားသွားလာနေကြပြီး
အသည်းဆီရောက်သွားကြပါတယ်။ ဆက်ပြီး သည်းခြေပြွန်မှာ ဝင်ရောက်ကာ အရွယ်ရောက်အကောင်ကြီး ဖြစ်ကာ ဥများဥချကြပါတယ်။
(၂) တိရစ္ဆာန်များတွင် သွေးအားနည်းခြင်း၊အသားဝါခြင်း၊ ခန္ဓာကိုယ်အချို့ အစိတ်အပိုင်းများတွင် ရေစုခြင်း၊ တစ်ခါတစ်ရံ ဝမ်းလျှောခြင်း၊
အစားအသောက်ပျက်ခြင်း စသည့်လက္ခဏာများကိုတွေ့ရှိရတတ်ပါတယ်။
(၃) ရွက်ပြားသန်ကောင်များပမာဏများပါက တိရစ္ဆာန်သေဆုံးနိုင်ပြီး ရွက်ပြားသန်ကောင်ပမာဏနည်းပါက ထုတ်လုပ်မှုကို ကျဆင်းစေနိုင်ပါတယ်။
(၄) ကိုယ်ပေါ်၌ ထင်ရှားသောအနီစက်များတွေ့ရလျှင် အဲ့ဒါကအသည်းထဲသန်ကောင်ဝင်တဲ့ လက္ခဏာပါ။
(၅) သိုး၊ ဆိတ်များတွင် ပြင်းထန်သော အမျိုးအစား၌ ရုတ်တရက်သေဆုံးခြင်း၊ သွေးစွန်းသောအမြှုပ်များ နှာခေါင်းမှထွက်ခြင်း၊
စအိုမှထွက်ခြင်းစသည်များတွေ့ပြီး ထောင့်သန်းရောဂါကဲ့သို့သော လက္ခဏာများ တွေ့ရတတ်ပါတယ်။
(၆) ဒယိမ်းဒယိုင်ဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်းများ တွေ့ရပြီး ဖောရောင်လာတတ်ပါတယ်။
(၇) သိုးများတွင် အမွေးများခြောက်၍ အချပ်လိုက်ကွာကျတတ်သည်။ အရေပြား(သားရေ)မှာ ခြောက်၍ ကြမ်းနေတတ်ပါတယ်။
အရေပြားတွင် ပြည်တည်ပြီး အင်အားချည့်နဲ့ ဆုတ်ယုတ်ခြင်း ပိုမိုဖြစ်လာပါတယ်။
(၈) ဝမ်းလျှောခြင်း (သို့) ဝမ်းချုပ်ခြင်းနှင့် အဖျားတက်ခြင်းများ ရှိတတ်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
အကယ်၍ သိုး၊ ဆိတ်များ သက်သာလာပါကရောဂါလက္ခဏာများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်ပါတယ်။
(၉) ကျွဲ၊ နွားများတွင် အထင်ရှားဆုံးလက္ခဏာမှာ အစာခြေဖျက်မှု အနှောင့်အယှက်ဖြစ်ခြင်းဖြစ်ပါတယ်။
ဝမ်းချုပ်ခြင်း အရင်ဖြစ်ပြီး ဆိုးရွားသည့်အဆင့်ရောက်မှသာ ဝမ်းလျှောခြင်းဖြစ်တာပါ။
(၁၀) ရောဂါဝင်ရင် ပိန်ချုံးလာကာ ထိုင်းမှိုင်းအားနည်းရာမှ မထနိုင်ဘဲ လဲသွားပြီး သေဆုံးသွားတတ်ပါတယ်။
နေမကောင်းစဉ် အမွေးများကွာကျသောနေရာမှာတော့ အမွေးများပြန်လည်မပေါက်လာတော့ပါ။
သန်ကောင်သည် သစ်ရွက်ပုံရှိပြီး ရှေ့ပိုင်းသည် နောက်ပိုင်းထက် ပိုကျယ်ဝန်းသည်။ အရောင်မှာ ညိုမွဲရောင်ရှိပြီး
ဥမှာ အဝါ (သို့) အညိုရောင်ရှိ၏။ မစင်နဲ့အတူ ကြားနေလက်ခံကောင်ကတဆင့် ရေထဲရောက်ရှိပြီး ပြန်လည်ကူးစက်ခြင်းဖြစ်ပါတယ်။
တိရစ္ဆာန်က မစားမိမချင်း စွတ်စို၍ အရိပ်ရသောနေရာတွင် ရှစ်လခန့်ကြီးထွားနိုင်ပြီး နေရာင်ခြည်နှင့် ခြောက်သွေ့သောလေ ထိတွေ့လျှင် သေဆုံးနိုင်ပါတယ်။ အထူးသဖြင့် လွှတ်ကျောင်းတိရစ္ဆာန်များတွင်ကူးစက်နိုင်ပါတယ်။
ကာကွယ်ရန်မှာရွှံ့ထူထပ်သောနေရာများတွင် ကျွဲ၊ နွား၊ သိုး၊ဆိတ်များကိုမလွှတ်ကျောင်းဘဲထားခြင်း၊ ခရုပေါသော စားကျက်တွင် လွှတ်ကျောင်းခြင်းမှရှောင်ကြဉ်ရပါမယ်။
မဖြစ်မနေ စားကျက်ကို အသုံပြုပါက ခရုသေစေရန် ကော့ပါးဆာလဖိတ် တစ်ဂရမ်ကို ရေ လီတာ ၁၀ဝ တွင်ဖျော်၍ပက်ဖျန်းပြီးမှ လွှတ်ကျောင်းသင့်ပါတယ်။ ခြောက်သွေ့သောရာသီတွင် Triclabendzole ကို အညွှန်းအတိုင်း တိုက်ကျွေးပါ။ သိုး/ဆိတ်များကို carbontetrachloride ဆေးကို ကိုယ်အလေးချိန် ပေါင် ၁၀ဝ လျှင် ၁ စီစီမှ ၂စီစီ အထိ liquid parafin နှင့် ရောတိုက်နိုင်ပါတယ်။
ထိုကြောင့် သိုးဆိတ်မွေးမြူရေးတွင် အများဆုံးဒုက္ခပေးသော အသည်းစားပိုး သန်ကောင်ကို တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် ကုသကာကွယ်သင့်ကြောင်း အကြံပြုလိုက်ပါတယ်ရှင်။
(ထွန်းလှိုင်(မြိုင်) မြန်မာတောင်သူကြီးများ ဂျာနယ်မှ ကူးယူဖော်ပြပါသည်။)