အပိုင်း ၅
‘‘ရွှး… ရွှး… ရွှး…’’
‘‘ဟာ… ဘာလဲဟ’’
ဦးဇင်းဆွေလင်းအောင်မှာ သင်္ကြန်အကြိုနေ့မနက်စောစောထပြီး ဘုရားရှိခိုးရန် မျက်နှာသစ်နေခိုက် ခရာမှုတ်သံကြားလိုက်ရ၍ ကြောင်သွားသည်။ ပြီးတော့ ဇဝေဇဝါဖြစ်သွားကာ ခရာမှုတ်သံကြားရာဘက်ထွက်လာတော့ ဒုလ္လဘရဟန်းများ တန်းစီနေသည်ကို တွေ့လိုက်ရသည်။ သူ့ကိုမြင်တော့ တန်းစီခိုင်းထားသူ ဦးဇင်းထွန်းအောင်(တပ်ကြပ်ကြီးထွန်းအောင်)က အပြေးအလွှားရောက်လာကာ အလေးပြုရမလို လက်အုပ်ချီရမလို ဟိုလိုလိုဒီလိုလိုလုပ်ရင်း-
‘‘ဦးဇင်းဗိုလ်ကြီး… ဘာမှာစရာရှိသေးလဲ’’
‘‘မရှိပါဘူး… ဆက်လုပ်ပါ’’
‘‘တင်ပါ့… ဘုရား’’
ဦးဇင်းဆွေလင်းအောင် ကြောင်အမ်းအမ်းဖြစ်သွားကာ ဖြေမိဖြေရာလိုက်တော့ တင်ပါ့ဘုရားဟုဆိုကာ ဦးဇင်းထွန်းအောင်ပြန်လှည့်ထွက်သွားမှ သတိရပြီး လှမ်းခေါ်မိသည်။
‘‘ဟာ… ဟေ့လူ… အာ… ဟေ့ ဦးဇင်း… ’’
‘‘ဘုရား… ’’
‘‘လာအုံး… လာအုံး… ဘာကိစ္စ ဘုန်းကြီးတွေတန်းစီတာတုန်း’’
‘‘ဦးဇင်းဗိုလ်ကြီး မှာစရာရှိတာမှာလိုရအောင် တန်းစီခိုင်းတာပါ၊ ပိုင်တယ်မို့လား’’
‘‘ဘာပိုင်… ခင်ဗျား… ဟာ… ဒီဦးဇင်းနဲ့တော့ ခက်တာပဲ၊ တပ်ရင်းမှာ မှတ်နေလား၊ ဘုန်းကြီးဝတ်နဲ့ တန်းစီစရာလား၊ ဒုက္ခပဲဗျာ… သွား… သွား . . . တန်းဖြုတ်ပေးလိုက်၊ နောက်လဲ တန်းစီစရာမလိုဘူးကြားလား၊ ဒါနဲ့ ဦးဇင်းက ဘယ်က ခရာရပြီး မှုတ်တာလဲ’’
ဦးဇင်းဆွေလင်းအောင်အမေးကို ဦးဇင်းထွန်းအောင်က ပြုံးပြုံးကြီးပြန်ဖြေလိုက်ပုံက-
‘‘အိမ်က ဒကာမကြီးကပြောတယ်ဘုရား၊ ကျောင်းရောက်လို တန်းတွေဘာတွေစီရရင် စစ်သားဆိုတာ ခရာသံကြားမှတန်းစီတာ၊ ခရာယူသွားလိုပြောပြီး ထည့်ပေးလိုက်လိုပါဘုရား’’ ဟူသတည်း။
သြော်… အထက်အရာရှိစကားသာ နားမထောင်ဘဲနေချင်နေမည်၊ မိန်းမစကားကိုတော့ဖြင့် ရဟန်းဝတ်ဖြင့်ပင် မပယ်ရှားဝံ့သော အာဂပုဂ္ဂိုလ်ပါတကား။
နေဇင်(ပေါက်ခေါင်း)