မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်သော မုန့်ဟင်းခါးသည် အချဉ်ဖေါက် ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ် (မုန့်ဖတ်) လေးများနှင့်
ငါးဖြင့်အဓိက ချက်လုပ်သော ဟင်းခါးရည်တို့ကို အတူတွဲဖက် စားသုံးရသည့် သာရေစာ တစ်မျိုးဖြစ်သည်။
မုန့်ဟင်းခါးအား မြန်မာပြည်၏ နိုင်ငံ့စားဖွယ်အဖြစ် အချို့က ယူဆကြသည်။
မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့၊ ရွာတိုင်းတွင် မုန့်ဟင်းခါး ရောင်းချကြပြီး
နံနက်စာ မှ နေ့လယ် နေ့ခင်း အစာပြေအပြင် ညလည်စာအဖြစ်ပါ နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြသည်။
ထို့အပြင်မုန့်ဟင်းခါးသည် အာဟာရအားဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ်နှင့် ဓာတ်ဆားများ ပါဝင်ပြီး
ချက်ပုံချက်နည်း ရိုးရှင်းလွယ်ကူသည့်အပြင် စရိတ်ပါ သက်သာသောကြောင့် မြန်မာတိုင်းလိုလို၏ နှစ်သက်သော အစားအစာလည်းဖြစ်သည်။
ရှေးမြန်မာ့သမိုင်းတစ်လျောက်တွင် မုန့်ဟင်းခါးနှင့် ပတ်သက်၍ ကျောက်စာ၊ ပေစာများဖြင့် မှတ်တမ်းတင်ခဲ့ခြင်းမရှိသဖြင့်
မုန့်ဟင်းခါး ပေါ်ပေါက်ရာ ဇာတိ နှင့် ခေတ်ကာလအား သိရှိရန် များစွာခက်ခဲလှသည်။
မုန့်ဟင်းခါးအား အစောဆုံး အထောက်အထားဖြင့် တွေ့ရှိရသည့်နေရာမှာ ကုန်းဘောင်ခေတ် စာဆို ဦးပုည၏ လင်္ကာများအနက်မှ တစ်ခုတွင်ဖြစ်ပြီး “မုန့်ဟင်း”ဟု သုံးနှုန်းခဲ့သည်။
ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ ဘကြီးတော်ဘုရား လက်ထက်နှင့် ကုန်းဘောင်ရွှေဘိုမင်း လက်ထက်တွင်
ပေါ်ပေါက်သော ကဗျာစာဆိုတစ်ဦးဖြစ်သည့် ဖိုးသူတော်ဦးမင်းက ခေတ်ပြိုင်စာဆို လူဦးမင်း(စာဆိုတော်ဦးမင်း) နှင့် မုန့်ဟင်းခါး အကြောင်း အပြိုင်စပ်ဆိုရာတွင် “မုန့်တီ” ဟုသုံးနှုန်းခဲ့သည်။
ယခုအခါတွင် မုန့်ဟင်းခါးကို “မုန့်တီ” ဟု ပြောဆိုသောသူသည် အနည်းငယ်သာရှိတော့သည်။ ဤသို့ဆိုလျှင် “မုန့်တီ” သည် မုန့်ဟင်းခါးကို ဆိုလိုပြီး
ရခိုင်မုန့်တီ သည်ကား ရခိုင်လူမျိုးများ၏ ရှေးရိုးရာအစားအစာ အာပူလျှာပူနှင့် ရိုးရိုးရခိုင်မုန့်တီ၊ ရခိုင်မုန့်တီသုပ် အစရှိသည်တို့ကိုဆိုလိုပေမည်။
နေ့တိုင်း အချို့ဒေသများတွင် မုန့်ဟင်းခါးအား “မုန့်” “မုန့်ဟင်း” အစရှိသဖြင့် ခေါ်ဝေါ်လျှက်ရှိဆဲဖြစ်သောကြောင့်
ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါးပေါ်ပေါက်ပြီး ဖြစ်သည်ဟု ယူဆကြသည်။ မိုဟင်းခါးလိုလည်း ခေါ်ဆိုကြ၏။
တဖန် ပျူမြို့ဟောင်းများ တူးဖေါ်ရာတွင် ဆန်မှုန့်နှင့် အချဉ်ဖေါက်ပြုလုပ်သော ကိရိယာအများအပြား တူးဖေါ်ရရှိခဲ့သောကြောင့်
ထမင်းအစားထိုး၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့်နှင့် မုန့်ဟင်းခါးပေါ်ပေါက်နေခဲ့နိုင်ကြောင်း ကောက်ချက်ဆွဲကြသည်။
ထို့အပြင် မုန့်ဟင်းခါးသမိုင်းကို စနစ်တကျ သုတေသနပြုရန် ကြိုးစားခဲ့သော ဒေါက်တာ ခင်မောင်ညွန့်၏ အဆိုအရ၊
မုန့်ဟင်းခါးချက်နည်းသည် ရှေးနန်းတွင်း ဟင်းချက်နည်းမျိုးစုံစာရင်းတွင် ရှာမတွေ့ခဲ့ခြင်းကြောင့် သာမာန်အရပ်သား လူအများတို့၏အစားအစာသာ ဖြစ်နိုင်ကြောင်း၊
ထို့ကြောင့်ပင် မည်သူတစ်ဦး တစ်ယောက်မျှ အရေးတယူ မှတ်တမ်းမတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။ ယျေဘူယျအသုံးပြုသောပစ္စည်းများ
မုန့်ဖတ်
ငါးအဖြစ် (ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ငါးသလောက်၊ ငါးရှဉ့်)အပြင် အခြားသောငါးများလည်း အသုံးပြုလေ့ရှိသည်။
ငါးနှစ်မျိုး သို့မဟုတ် သုံးမျိုးစပ် အသုံးပြုခြင်းသည် ငါးတစ်မျိုးတည်း အသုံးပြုခြင်း ထက်ပိုကောင်းသည် ဟုဆိုသည်။
ငါးရှားပါးသော ဒေသများတွင် ကြက်သား၊ အမဲသားတို့ကို အသုံးပြုလေ့ရှိသည်။
ဆီ
ငံပြာရည်
ဆား
နနွင်းမှုန့်
ငှက်ပျောအူ
ဆန်လှော်မှုန့်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ပဲမှုန့်
ချင်း
ငရုတ်ကောင်း
စပါးလင်
အသုံးပြုသော ပစ္စည်းအမျိုးအစားများမှာ ချက်လုပ်နည်း အပေါ်တွင် လည်ကောင်း ဒေသအလိုက် ရရှိနိုင်မှု ပေါ်တွင် လည်ကောင်း မူတည်၍ ကွဲပြားလေ့ရှိသည်။
တွဲဖက်စားသုံးလေ့ရှိသောပစ္စည်းများပြင်ဆင်
အကြော်မျိုးစုံ(ပဲကြော်၊ ဘူးသီးကြော်၊ ငါးဖယ်ကြော်၊ ကြက်သွန်ကြော်၊ မန္တလေးပဲကြော်)
နံနံပင်
ရှောက်သီး၊ သံပုရာသီး
ပဲသီး
ခရမ်းချဉ်သီး
ငရုတ်သီးအလှော်မှုန့်
ကြက်သွန်မြိတ်
ကြက်ဉ၊ ဘဲဥ
ပဲသွေး
ငါးသလောက်ဥ
အီကြာကွေး
ဒေသအလိုက် မုန့်ဟင်းခါး
မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ချက်လုပ်နည်းနှင့် အသုံးပြုသော ပစ္စည်းများ ကွဲပြားမှုကြောင့်
အရသာ နှင့် အပြင်အဆင်လည်း အမျိုးမျိုး ကွဲပြားကြသည်။
အကြမ်းဖျင်းအားဖြင့် ရန်ကုန်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသဟန် မုန့်ဟင်းခါးများမှာ လူကြိုက်အများဆုံး ဖြစ်သည်။
ရန်ကုန်မုန့်ဟင်းခါး
မော်လမြိုင်မုန့်ဟင်းခါး ခေါ် (မုန့်ဟင်းခါးအစို)
မြောင်းမြမုန့်ဟင်းခါး
ပုသိမ်မုန့်ဟင်းခါး
ဘိုကလေးမုန့်ဟင်းခါး
ဟင်္သာတမုန့်ဟင်းခါး
ဖျာပုံမုန့်ဟင်းခါး
အင်းလေးမုန့်ဟင်းခါး
တောင်ငူမုန့်ဟင်းခါး
ကရင်မုန့်ဟင်းခါး
ရခိုင်မုန့်ဟင်းခါး ခေါ် (အာပူလျှာပူ)
ထားဝယ်မုန့်ဟင်းခါး
တပင်တိုင်မုန့်ဟင်းခါး
မုန့်ဟင်းခါးယဉ်ကျေးမှုပြင်ဆင်
မုန့်ဟင်းခါးသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီးဖြစ်သော
အစားအစာဖြစ်သည့်အားလျော်စွာ နေရာ၊ ဒေသ၊ အချိန်အခါမရွေး ရနိုင်သော အစားအစာဖြစ်သည်။
နာမည်ကျော် ဆိုင်ကြီး၊ ကနားကြီးများတွင် သာမက၊
လမ်ဘေး ပလက်ဖေါင်းပေါ်ရှိ ဆိုင်ငယ်များတွင်လည်းကောင်း၊ ဆိုင်းထမ်း၊ ခေါင်းရွက်ဗျတ်ထိုး၊ လက်တွန်းလှည်း၊ ဆိုက်ကားများဖြင့်
လှည့်လည် ရောင်းချသူများထံတွင်လည်ကောင်း ဝယ်ယူရရှိနိုင်သည်။ မြို့ကြီးအချို့ရှိ ကားဂိတ်၊ သင်္ဘောဆိပ်၊ ဘူတာရုံ အစရှိသည့် လူစည်ကားရာ အရပ်များတွင် ၂၄နာရီ ပတ်လုံး ရောင်းချသည့်ဆိုင်များ ရှိလေ့ရှိသည်။
ထို့အပြင်မုန့်ဟင်းခါးသည် ဘာသာမရွေး စားသုံးနိုင်ခြင်းကြောင့် အလှူမင်္ဂလာ၊ ဆွမ်းကျွေး ကဲ့သို့ သာရေး များမှ အသုဘ၊ နာရေး အထိ မပါမဖြစ်သော အစားအစာဖြစ်သည်။
ယခုအခါတွင် မုန့်ဟင်းခါးသည် မြန်မာလူမျိုးများ သွားရောက် အလုပ်လုပ်ကိုင်၊ အခြေချရာ စင်္ကာပူ၊ ထိုင်း၊မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ဗြိတိန်၊ အမေရိကန်နှင့်
အခြားကမ္ဘာ့ နိုင်ငံအများအပြားသို့ မြန်မာများနှင့်အတူ ပျံနှံ့ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ပြည်ပဈေးကွက်အတွက် အထူးရည်ရွယ် ထုတ်လုပ်လာသော အသင့်ချက်ပြုတ်နိုင်သည့် မုန့်ဟင်းခါးခြောက်ထုပ်များလည်း ပေါ်ပေါက်လာခဲ့သည်။
ကိုးကား
Myanmar Travel Information, Monhinga Article [၁] Archived 5 January 2010 at the Wayback Machine.
History of Monhinga, Dr Khin Maung Nyunt
စားမြိန်ဝိုင်း၊ ဒေါ်အေးကြိုင်နှင့် ဒေါ်အမာနီ