အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ယူကေအစိုးရအနေဖြင့် ဝင်ရောက်စွက်ဖက် ပါဝင်ခြင်း မပြုသင့်ကြောင်း ဗြိတိန်အတိုက်အခံWendy Morton က ယူကေပါလီမန် အစည်းအဝေးတွင် ထည့်သွင်းပြောကြားလိုက်ပြီး၊ အဆိုပါအမှုတွင် မြန်မာနိုင်ငံဘက်၌ လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက် (Genocidal Intent) အမှန်တကယ် ရှိမရှိကို ခိုင်လုံစွာ သက်သေပြနိုင်ခဲ့ခြင်း ရှိမရှိ မေးခွန်းထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ယူကေအစိုးရဘက်မှ ICJ စီရင်ချက်အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အစည်းအဝေး ခေါ်ယူရန်နှင့် နိုင်ငံတကာဖိအားပေးမှုများ ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းနေချိန်တွင် ပါလီမန်အတွင်း ယခုကဲ့သို ဥပဒေကြောင်းအရနှင့် သံတမန်ရေးအရ ပြန်လည်သုံးသပ် မေးခွန်းထုတ်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အတိုက်အခံဝန်ကြီး Wendy Morton က ပါလီမန်၌ ဆွေးနွေးမေးမြန်းရာတွင်အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်းများအရ လူမျိုးသုဉ်းစေမှု (Genocide) မြောက်ကြောင်း ဆုံးဖြတ်နိုင်ရန်အတွက် တိကျခိုင်မာသော ရည်ရွယ်ချက် (Specific Intent) ကို သံသယဖြစ်ဖွယ်မရှိ သက်သေပြနိုင်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ လက်ရှိ ICJ ၏ မဲခွဲဆုံးဖြတ်ချက်များနှင့် ဥပဒေကြောင်းဆိုင်ရာ အငြင်းပွားဖွယ်ရာ အချက်များ ရှိနေသည့် အခြေအနေတွင် ယူကေအနေဖြင့် တစ်ဖက်သတ် ဝင်ရောက်ပါဝင်ခြင်းထက် အချက်အလက်နှင့် ဥပဒေစံနှုန်းများကိုသာ ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သင့်ကြောင်း ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။
ထိုပြင် နိုင်ငံတကာ တရားစီရင်ရေး လုပ်ငန်းစဉ်များကို နိုင်ငံရေးအရ အသုံးချခြင်းနှင့် အခြားအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးရာ ကိစ္စရပ်များတွင် ယူကေအစိုးရအနေဖြင့် မလိုအပ်ဘဲ ဝင်ရောက်စွက်ဖက်ခြင်းသည် နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာ ချဉ်းကပ်မှုများအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်းလည်း ပါလီမန်အတွင်း ဆွေးနွေးထောက်ပြမှုများ ရှိခဲ့သည်။
ယခုကဲ့သို ယူကေပါလီမန်အတွင်း၌ပင် ICJ ဆုံးဖြတ်ချက်၏ ခိုင်လုံမှုနှင့် ယူကေအစိုးရ၏ ဝင်ရောက်စွက်ဖက်လိုမှုအပေါ် ပြန်လည်မေးခွန်းထုတ်လာခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများနှင့် ပြန်လည်သုံးသပ်မှုများ ကျယ်ပြန့်လာနေကြောင်းကို ထင်ရှားစွာ ပြသနေခြင်း ဖြစ်သည်။

