နွားချေးကို သဘာဝမြေဩဇာအဖြစ် သုံးကြတာ အရမ်းကောင်းတဲ့ အလေ့အကျင့်ပါ။ ဒါပေမဲ့ နွားချေးကို ကောင်းကောင်းမဆွေးမြည့်သေးဘဲ “အစိမ်းအတိုင်း” ယာခင်းထဲ တိုက်ရိုက်ချမိရင်တော့ အကျိုးမရှိတဲ့အပြင် သီးနှံပင်တွေပါ ပျက်စီးသွားတတ်ပါတယ်။ ဘာကြောင့် နွားချေးအစိမ်း မချသင့်တာလဲ၊ ပြီးတော့ အာဟာရ အပြည့်အဝရအောင် ဘယ်လို ဆွေးမြည့်အောင် လုပ်ရမလဲဆိုတာ နိုင်ငံတကာ စိုက်ပျိုးရေး ပညာရှင်တွေရဲ့ အကြံပြုချက်အတိုင်း ရှင်းရှင်းလင်းလင်း မျှဝေပေးလိုက်ပါတယ်။
နွားချေးအစိမ်း ချမိရင် ကြုံရမယ့် အန္တရာယ် ၃ မျိုး
• အမြစ်လောင်ပြီး အပင်သေတတ်ပါတယ်။ နွားချေးအစိမ်းထဲမှာ အမိုးနီးယား (Ammonia) ဓာတ်ငွေ့တွေနဲ့ အပူဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ ဒါကို မြေကြီးထဲ တိုက်ရိုက်ထည့်လိုက်ရင် အပင်ရဲ့ အမြစ်နုလေးတွေ လောင်ကျွမ်းပြီး အပင်ဝါခြောက်ကာ သေဆုံးသွားတတ်ပါတယ်။
• ပေါင်းမြက်ပင်တွေ အလကား စိုက်ပေးသလို ဖြစ်တတ်ပါတယ်။ နွားတွေ စားထားတဲ့ မြက်စေ့၊ ပေါင်းစေ့တွေဟာ နွားချေးအစိမ်းထဲမှာ အရှင်အတိုင်း ပါလာတတ်ပါတယ်။ အစိမ်းချလိုက်ရင် ကိုယ့်ယာခင်းတစ်ခုလုံး ပေါင်းမြက်တွေ ပေါက်ရောက်လာပြီး ပေါင်းရှင်းရတဲ့ ဒုက္ခနဲ့ လုံးပန်းနေရပါလိမ့်မယ်။
• ပိုးမွှားနဲ့ မှိုရောဂါတွေ ဖိတ်ခေါ်သလို ဖြစ်တတ်ပါတယ်။ မဆွေးမြည့်သေးတဲ့ နွားချေးစိုစိုကြီးဟာ ယင်ကောင်တွေ၊ ခြတွေ၊ ပိုးလောက်ကောင်တွေနဲ့ အပင်ကို ဒုက္ခပေးမယ့် ရောဂါပိုးမွှားတွေ ပေါက်ဖွားရာ အကောင်းဆုံး အိမ်ကြီး ဖြစ်သွားတတ်ပါတယ်။
အာဟာရ အပြည့်ရစေမယ့် နွားချေးဆွေး ပြုလုပ်နည်း အဆင့်ဆင့်
• အဆင့် (၁) အလွှာလိုက် စုပုံပါ။
အရိပ်ရပြီး ရေမဝပ်တဲ့ နေရာမှာ ကောက်ရိုးခြောက် ဒါမှမဟုတ် သစ်ရွက်ခြောက်တွေကို အောက်ဆုံးက ၆ လက်မလောက် ခင်းပါ။ အပေါ်ကနေ နွားချေးကို ၂ လက်မခန့် ဖြန့်ခင်းပါ။ အဲဒီလို အခြောက်တစ်လွှာ၊ နွားချေးတစ်လွှာ အထပ်ထပ် ပုံပေးပါ။ (ကောက်ရိုးထည့်ပေးတာက လေဝင်လေထွက် ကောင်းစေပြီး အကျိုးပြု ပိုးမွှားလေးတွေ အလုပ်လုပ်ဖို့ ကူညီပေးပါတယ်။)
• အဆင့် (၂) အစိုဓာတ် ညှိပေးပါ။
တစ်လွှာခင်းပြီးတိုင်း ရေနည်းနည်းစီ ဖျန်းပေးပါ။ ရေအရမ်းရွှဲစရာ မလိုပါဘူး၊ လက်နဲ့ဆုပ်ကြည့်ရင် ရေညှစ်ထားတဲ့ ရေမြှုပ်တုံးလေးလို ခပ်စိုစိုလေး ဖြစ်နေရင် ရပါပြီ။ ပြီးရင် အပေါ်ကနေ ပလတ်စတစ်စ ဒါမှမဟုတ် ကောက်ရိုးနဲ့ အုပ်ထားပေးပါ။
• အဆင့် (၃) အထက်အောက် လှန်ပေးပါ။
ပုံထားပြီး ၂ ပတ် ဒါမှမဟုတ် ၃ ပတ် တစ်ကြိမ်လောက် အပေါ်အောက် သမအောင် ပေါက်တူးနဲ့ မွှေလှန်ပေးပါ။ ဒီလို လှန်ပေးမှ အတွင်းထဲ လေရောက်ပြီး အဆွေးမြေ့ မြန်မှာ ဖြစ်ပါတယ်။
• အဆင့် (၄) အသုံးပြုရန် အသင့်ဖြစ်ခြင်း။
၂ လ ကနေ ၃ လလောက် ကြာတဲ့အခါ နွားချေးပုံဟာ အပူရှိန် လျော့သွားပြီး အနံ့အသက်ဆိုးတွေ ပျောက်သွားပါလိမ့်မယ်။ အရောင်က မည်းနက်နက် ဖြစ်လာပြီး မြေဆွေးမှုန့်လေးတွေလို ဖွယ်ဖွယ်လေး ဖြစ်နေပြီဆိုရင်တော့ အာဟာရ အပြည့်ဝဆုံး နွားချေးဆွေးကို ယာခင်းထဲ စိတ်ချလက်ချ ချလို့ရပါပြီ။
အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်
