ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်တွင်အဓမ္မဖမ်းဆီးဆင့်ခေါ်ခြင်း၊တရားမဝင်ငွေကြေး
ကောက်ခံခြင်းများအား အရေးယူထားရှိမှု အသိပေး ထုတ်ပြန်ခြင်း
နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြင့်မားရန် လိုအပ်မှုရှိနေခြင်းနှင့်နိုင်ငံတော်လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊နည်းဥပဒေများ ပြဋ္ဌာန်းပြီး ဥပဒေအရအကျုံးဝင်သူ အမျိုးသားများအား ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်လျက်ရှိပါသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် သက်ဆိုင်ရာပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်သောဆင့်ခေါ်ရေးအဖွဲ့များက ဥပဒေ၊ နည်းဥပဒေသတ်မှတ်ချက်များအတိုင်း စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သောပြည်သူ့ စစ်မှုထမ်းဆောင်ရန် အလှည့်ကျသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အမျိုးသားရေးတာဝန်ကို ရှောင်လွှဲလိုသဖြင့် အခြားရပ်ရွာများသို့ ရှောင် တိမ်းခြင်း၊ ပြည်ပသို့ ထွက်ခွာခြင်း၊ အခကြေးငွေဖြင့်လူအစားထိုးခြင်းများပြုလုပ်လျက်ရှိပါသည်။
ထိုကဲ့သို့ အကြောင်းအမျိုးမျိုးပြရှောင်တိမ်းသူများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ စောင့်ကြည့်ဆင့်ခေါ်ခြင်း ပြုလုပ်နေခြင်းအပေါ် အချို့မြို့ရွာများတွင် မသမာသူများကပါ တာဝန်ရှိသူများအဖြစ်အယောင်ဆောင်ပြီး အဓမ္မဖမ်းဆီးငွေကြေးရယူကာ ပြည်သူ့စစ်မှုထမ်းအဖြစ်စာရင်းသွင်း ဝင်ရောက်စေခြင်း၊ အချို့ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ၎င်းတို့၏ ရပ်ကွက်၊ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်းဆောင်ရန်သွားရောက်မည့်သူများကိုထောက်ပံ့ပေးရန်အကြောင်းပြ၍ လစဉ်ငွေကြေးကောက်ခံခြင်း၊ ရှောင်တိမ်းသူများအစားအခကြေးငွေပေး၍ လူစားထိုးထမ်းဆောင်စေခြင်းများပြုလုပ်ရန်တရားမဝင်ငွေကြေးကောက်ခံခြင်းများ ဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။
လက်ရှိဖြစ်ပေါ်နေသော အဓမ္မဖမ်းဆီးဆင့်ခေါ်ခြင်း၊ တရားမဝင်ငွေကြေးကောက်ခံခြင်းများသည် မသမာသူများကပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအားချိုးဖောက်ပြီး တရားမဝင်လုပ်ဆောင်နေမှုများသာဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့်ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ အထူးအလေးထားစိစစ်ဖော်ထုတ် အရေးယူမှုများပြုလုပ်လျက်ရှိပါသည်။
တရားမဝင်ငွေကြေးကောက်ခံသူများနှင့် အဓမ္မဖမ်းဆီးဆင့်ခေါ်သူများအား ပြည်ထဲရေးဝန်ကြီးဌာနမှ စိစစ်ဖော်ထုတ် အရေးယူလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ငွေကြေးဆိုင်ရာ ၄၉ မှု၊ တရားခံ ၁၀၂ ဦးနှင့်အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၂၂ မှု၊ တရားခံ ၉၇ ဦး၊ စုစုပေါင်း ၇၁ မှု၊ တရားခံ ၁၉၉ ဦးတို့အားအရေးယူထားရှိပြီးဖြစ်ပါသည်။ ထို့ပြင်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သို့တိုင်ကြားလာမှုကြောင့် အရေးယူရသည့် ငွေကြေးဆိုင်ရာ (၁၈၂)မှုတွင် အရေးယူပြီးစီးမှု (၉၁)မှု၊ စိစစ်ဆဲ(၅၆)မှု၊ မမှန်မကန်တိုင်ကြားမှု (၃၅)မှုနှင့်အဓမ္မဆင့်ခေါ်မှုဆိုင်ရာ (၄၃)မှုတွင် အရေးယူပြီးစီးမှု (၁၇)မှု၊ စိစစ်ဆဲ (၁၄)မှု၊ မမှန်မကန်တိုင်ကြားမှု (၁၂)မှု ရှိခဲ့ပြီး ဥပဒေများနှင့် အညီထိရောက်စွာအရေးယူထားပြီး ဖြစ်ပါသည်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များအား အဆင့်ဆင့်သောဆင့်ခေါ်ရေး အဖွဲ့များမှ အကောင်အထည်ဖော်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျလုပ်ဆောင်စေရေး အလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားပြည်သူများအား အတင်းအဓမ္မခြိမ်းခြောက်ဆင့်ခေါ်ခြင်း၊ ညအချိန်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ငွေကြေးဖြင့်လူအစားထိုးဆင့်ခေါ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် တရားမဝင်ငွေကြေးကောက်ခံခြင်းများ လျော့နည်းပပျောက်စေရေး ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ ထိထိရောက်ရောက်ဖော်ထုတ်အရေးယူခြင်းများဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်သူလူထုနေဖြင့်လည်းနေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားသည့်သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည် နယ်များအလိုက် သတင်းပေးတိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များအား သတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့
ကာကွယ်ရေးဝန်ကြီးဌာန
