အိမ်ဆောက်ရင် (သို့) ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဘိလပ်အုတ်မသုံးဘဲ စျေးကြီးတဲ့ အုတ်အနီကို ဘာကြောင့် သုံးကြသလဲ…
ဒါက အိမ်ရှင်တွေ အမေးများတဲ့ မေးခွန်းပါ။ မီးဖုတ်အုတ်တွေဟာ ကြွေထည်မြေထည် ထုတ်ကုန်တစ်ခုပါ။ ခံနိုင်ဝန်အား ကြည့်ရာမှာ မီးဖုတ်အုတ်ဟာ ဘိလပ်အုတ်ထက် နှစ်ဆခွဲကနေ သုံးဆထိ ပိုခံနိုင်ဝန်အား ရှိပါတယ်

ရေစုတ်ယူမှုကို ကြည့်မယ်ဆိုရင် ဘိလပ်အုတ်က မီးဖုတ်အုတ်ထက် ရေ ၂ ဆကနေ ၃ ဆထိ ရေစုပ်ယူနိုင်တာ တွေ့ရပါတယ်။ မိုးရွာပြီးရင် မီးဖုတ်အုတ်နံရံတွေဟာ ခြောက်သွားပေမယ့် ဘိလပ်အုတ်နံရံတွေဟာ မခြောက်ဘဲ စိုနေသေးတာ တွေ့ရမှာပါ။
သရိုးဖျော်စပ်ရာမှာလဲ ဘိလပ်မြေရဲ့ မာမှုဖြစ်စဉ်ထိန်းဖို့ ရေများများ ဖျော်စပ်ရမှာ ဖြစ်တဲ့အတွက် ပန်းရံဆရာတွေအတွက် ဘိလပ်အုတ်ဟာ အဆင်မပြေပါဘူး။

ထုံးစံအရ အုတ်တွေမစီခင် ရေလောင်းရာမှာလဲ ဘိလပ်အုတ်ကို ပိုလောင်းပေးရပါတယ်။ (အခု ဘိလပ်အုတ်ထုတ်သူတွေက ရေစုပ်ယူမှုလျှော့ကျစေတဲ့ ဓာတ်ပစ္စည်းတွေထည့်တာလဲ တွေ့ရပါတယ်)
အဓိက ပြောချင်တာကတော့ အဆောက်အအုံအစိတ်အပိုင်း အများစုဟာ အပူရှိန်၊ စိုထိုင်းမှုတွေကြောင့် ကျုံ့ ကြွမှု ဖြစ်တတ်ပြီး ကာလရှည်ကြာမှာ မီးဖုတ်အုတ်က ပြန့်ကားပြီး ဘိလပ်အုတ်တွေကတော့ ကျုံ့ဝင်သွားပါတယ်။ ကျုံ့တဲ့ ကိစ္စဟာ နံရံတွေကွဲအက်နိုင်ဖို့များတဲ့အတွက် အုတ်နီပဲ ရွေးခြယ်အသုံးပြုနေကြတာပါ။
သို့သော် မီးဖုတ်အုတ်က လောင်စာစွမ်းအင်ကုန်ပါတယ်။ အဲဒါကြောင့် လောင်စာ စွမ်းအင်မကုန်တဲ့ ဘိလပ်အုတ်ကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေနဲ့ ကြည့်မယ်ဆိုရင် သုံးသင့် ၊ မသုံးသင့် စဉ်းစားစရာပါပဲ။

