အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဒီပါဝလီပွဲတော်အပြီး လေထုညစ်ညမ်းမှုသိသိသာသာမြင့်တက်လာပါတယ်။ နိုဝင်ဘာလ ၈ ရက်နံနက်ပိုင်းမှာတော့ မြို့တစ်မြို့လုံးမီးခိုးမြူထူထပ်စွာဖုံးလွှမ်းကာလေထုညစ်ညမ်းမှုကအဆိုးဆုံးအဆင့်ရောက်လာပါတယ်။
အိန္ဒိယ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဘုတ်အဖွဲ့ရဲ့တိုင်းတာချက်အရ နယူးဒေလီမြို့ရဲ့လေထုအရည်အသွေးညွှန်းကိန်း(AQI)ဟာ ၄၈၃ အထိ ရောက်ရှိနေတာတွေ့ရပါတယ်။ မြို့အနှံ့ နေရာအများအပြားမှာလည်း AQI ၄၀၀ ကျော်အထိ မြင့်တက်တာကြောင့် ကျန်းမာရေးအန္တရာယ်ရှိအဆင့်ကို ရောက်ရှိနေတာပါ။
လေထုညစ်ညမ်းမှုထိန်းချုပ်ဖို့ တာဝန်ရှိသူတွေဟာ ပွဲတော်အပြီးမှာ မီးခိုးမြူတွေ ထူထပ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းပြီး အရေးပေါ်အစီအမံ အဆင့် ၃ ကို အသက်သွင်းထားခဲ့တာပါ။ ဒါပေမဲ့ ဒီပါဝလီပွဲတော်မှာ မီးရှူးမီးပန်းတွေပစ်မှုတွေကြောင့် လေထုအခြေအနေ ပိုမိုဆိုးရွားလာခဲ့တာပါ။
လေထုညစ်ညမ်းမှု ဆိုးဝါးလာနေရတဲ့အကြောင်းရင်းတွေထဲမှာ လေတိုက်နှုန်းနည်းပါးခြင်း၊ ဆောင်းရာသီအတွင်း စိုထိုင်းဆမြင့်တက်ခြင်းနဲ့ လယ်ယာများကိုမီးရှို့ခြင်းတို့ပါဝင်ပါတယ်။ အဲဒါတွေကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ PM2.5 နဲ့ PM10 အမှုန်အမွှားတွေ လေထုထဲမှာ ပိုမိုစုဝေးလာပါတယ်။ ဒါ့အပြင် ယာဉ်အသွားအလာ၊ စက်မှုလုပ်ငန်းတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကထွက်လာတဲ့ ဖုန်မှုန့်နဲ့ မီးခိုးငွေ့တွေကြောင့်လည်း နယူးဒေလီဟာ ကမ္ဘာ့လေထုညစ်ညမ်းမှုအဆိုးဆုံး မြို့တော်တွေထဲမှာ ဆက်လက်ပါဝင်နေတာဖြစ်ပါတယ်။ Ref: Xinhua
