အာဟာရရည်ဖြင့် စိုက်ပျိုးခြင်း Hydroponic သည် ဂရိစကား နှစ်လုံးမှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ အလုပ်လုပ်သော ရေဟု အဓိပ္ပာယ်ရသည်။ အပင်များကို မြေ အသုံးမပြုဘဲ (မြေမဲ့) အာဟာရ ဖျော်ရည်ဖြင့် စိုက်ပျိုးခြင်း ဖြစ်သည်။
၁၈၆၀ ပြည့်နှစ်တွင် ဂျာမန်ရုက္ခဗေဒ ပညာရှင် ပါမောက္ခ Julius Von Sachs သည် အာဟာရ ဖျော်ရည်ကိုစတင်ဖော်ထုတ် ခဲ့သည်။ သို့သော် စီးပွားဖြစ်စိုက်ပျိုးနိုင်သည့် အခြေအနေသို့ မရောက်ရှိခဲ့။ ၁၉၃၆ ခုနှစ်မှ စ၍ အာဟာရ ဖျော်ရည်နှင့် သီးနှံစီးပွားဖြစ် စိုက်ပျိုးနည်းကို စတင်သိရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အပင် ဇီဝကမ္မဗေဒ ပညာရှင် Dr.Willian F Gerickeသည် အာဟာရ ဖျော်ရည်တွင် ခရမ်းချဉ်ကို အမြင့်ရှစ်ပေထိ ရရှိအောင် စိုက်ပျိုးပြသခဲ့သည်။ Hydroponic ဟု အမည်ပေးခဲ့သည်။ ဤ အောင်မြင်မှုသည် နောင် ၁၀ စုနှစ်များအတွက် Hydroponic ကို စီးပွားဖြစ် လုပ်ငန်းတစ်ခု အဖြစ်ဆီသို့ တွန်းပို့လှုံ့ဆော်နိုင်ခဲ့သည်။၁၉၃၀ ပြည့်လွန်နှစ်များတွင် ဥရောပ၊ မြောက်အမေရိကနှင့် ဂျပန်နိုင်ငံတစ်ဝန်းရှိသိပ္ပံပညာရှင်များ၏ သုတေသန လုပ်ငန်းများ တွင်ကျယ်လာပြီး ၁၉၄၀ ပြည့်နှစ်လွန်များတွင် Hydroponic ကို ရိက္ခာထုတ်လုပ်မှု လုပ်ငန်းတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ အမေရိကန် စစ်တပ်သည် ဒုတိယ ကမ္ဘာစစ်အတွင်းတွင် မြေဆီလွှာ အလွန်ညံ့ဖျင်းသည့် ပစိဖိတ်ကျွန်းများတွင် တပ်စွဲထားရာ Hydroponic နည်းဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး၍ တပ်သားများ၏ ရိက္ခာအခက်အခဲကို ကျော်လွှားနိုင်ခဲ့သည်။
၁၉၅၀ ပြည့်လွန်နှစ်များတွင် အမေရိကား၊ အီတလီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ၊ ဆွီဒင်၊ ရုရှား၊ အစ္စရေး၊ အာရှနှင့် တောင်အမေရိက နိုင်ငံများတွင် Hydroponic စိုက်ပျိုးသည်ကို စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထူထောင်ခဲ့ကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်မှစ၍ ဟင်းသီး ဟင်းရွက်များ၊ ပန်းများ၊ ဘယ်ရီသီးများနှင့် အခြားသစ်သီးပင်များကို Hydroponic စိုက်ပျိုးနည်းဖြင့် လုပ်ငန်းများ တရှိန်ထိုး ချဲ့ထွင်လာခဲ့သည်။ အထူးသဖြင့် မြေရှားပါးသည့် စင်ကာပူနိုင်ငံတွင် ရိက္ခာအတွက် Hydrop-onic စိုက်ပျိုးနည်းသည် ကောင်းစွာနေရာယူ အောင်မြင်လျက် ရှိနေပြီ ဖြစ်သည်။ နောက်ပိုင်းတွင် တိုးတက်လာသည် နှင့်အမျှ အခြေအနေအမျိုးမျိုး၌ စမ်းသပ် သုတေသနပြုချက်များလည်း ဖွံ့ဖြိုးလာခဲ့သည်။ ပြင်ပကွင်းပြင်တွင် စိုက်ပျိုးခြင်းမှသည် Green House များတွင်စိုက်ပျိုးလာကြသည်။ သင်္ဘောသားများအတွက် လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်ရရှိစေရန် ရေငုပ်သင်္ဘောများတွင် စိုက်ပျိုးလာခဲ့ကြသည်။
အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းတွင်တွင် အားသာချက်များ၊ အားနည်းချက်များ ရှိပါသည်။
အားသာချက်များမှာ
မြေမရှိ၊နေရောင်ခြည် ရသည့်နေရာ၊ မည်သည့်နေရာမဆို စိုက်ပျိုးနိုင်သည်။ (ဝရန်တာ၊ခေါင်မိုး) သယ်ယူ စရိတ်သက်သာသည်။ လတ်ဆတ်သည့် အသီးအနှံကို ရရှိသည်။ အပင်ကြီးထွားမှုကို လိုသလိုထိန်းပေးနိုင်သည်။ လုပ်အားနှင့် ကုန်ကျစရိတ်သက်သာစေသည်။ ရေနှင့် အာဟာရ ဓာတ်များကို ချွေတာနိုင်သည်။ ရောဂါပိုးမွှားကျရောက်မှု သက်သာစေသည်။ ပျိုးပင်ရွှေ့ပြောင်းစိုက်ပျိုးရခြင်းဒဏ်ကို လျော့စေသည်။ မြေဆီလွှာ အသုံးပြုမှု လျော့နည်းစေသည်။ အထွက်နှုန်းကောင်း ရရှိစေသည်။
အားနည်းချက်များမှာ
ရင်းနှီးစရိတ်များခြင်း၊ ပိုးမွှားရောဂါပျံ့နှံ့မှုမြန်စေခြင်း၊ နည်းပညာကျွမ်းကျင်မှု အထူးလိုအပ်ခြင်းတို့ဖြစ်သည်။ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းတွင် အာဟာရ ဖျော်ရည်သည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဖျော်စပ်နည်း မမှန်ကန်ခြင်း၊ ထည့်သွင်းသည့် မြေဩဇာများ အချိုးအစား မမှန်ကန်ခြင်း ဖြစ်ပါက အပင်လုံးဝသေသွားနိုင်ပါသည်။ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းဖြင့်စိုက်ပျိုးသော သီးနှံများမှာလည်း ပိုးမွှား ရောဂါကျရောက်နိုင်ပါသည်။ ပျ၊ ခရု၊ ပက်ကျိ၊ ရွက်စားခူကောင်များ၊ ယင်ဖြူများ၊ ရွက်ထွင်းပိုးများ၊ ဘက်တီးရီးယားနှင့် မှိုရောဂါများ၊ ဗိုင်းရပ်စ်ရောဂါများ အနည်းငယ်စီ ကျရောက်နိုင်ပါသည်။
တချို့နိုင်ငံများတွင် အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်စိုက်ပျိုး၍ စီးပွားဖြစ်နေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လူနေထူထပ်ပြီး မြေရှားပါးသော မြို့ကြီးများတွင် ရိက္ခာအတွက် စိုက်ပျိုးသင့်သော နည်စနစ်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
