မြေရှားသတ္ထုဆိုတာ ဘာလဲ

မြေရှားသတ္ထုဆိုတာ ဘာလဲ
—————————–
မြေရှားသတ္ထုကို အင်္ဂလိပ်လို Rare Earth လို့ခေါ်ပါတယ်။ သတ်မှတ်ထားတဲ့ ဒြပ်စင် ၁၇ အုပ်စုရှိပါတယ်။ အဲဒါတွေကို မြေရှားသတ္ထုလို့ခေါ်တာပါ။ မြေရှားသတ္တုကို ၁၇၈၀ ပြည့်နှစ်ကျော်လောက်က ဆွီဒင်မှာစတွေ့ခဲ့ခြင်း ဖြစ်သည်။

မြေရှားဒြပ်စင်များ (rare-earth elements) ကို ငယ်ငယ်က ဓါတုဗေဒ ဘာသာရပ်တွင် ကျက်မှတ်ခဲ့သော ဒြပ်စင်အလှည့်ကျဇယား (periodic table)၏ Lanthanide နှင့် Actnide Series တို့တွင်ပါဝင်သည်။ 

မြေရှားဒြပ်စင် ၁၇ မျိုး စာရင်း

  • Scandium (စကန်ဒီယမ် – Sc)
  • Yttrium (အစ်ထရီယမ် – Y)
  • Lanthanum (လန်သနမ် – La)
  • Cerium (ဆီးရီယမ် – Ce)
  • Praseodymium (ပရာဆီယိုဒီယမ် – Pr)
  • Neodymium (နီယိုဒီယမ် – Nd)
  • Promethium (ပရိုမက်သီယမ် – Pm)
  • Samarium (ဆမေရီယမ် – Sm)
  • Europium (ယူရိုပီယမ် – Eu)
  • Gadolinium (ဂက်ဒီလီနီယမ် – Gd)
  • Terbium (တာဘီယမ် – Tb)
  • Dysprosium (ဒစ်စပရိုဆီယမ် – Dy)
  • Holmium (ဟိုလ်မီယမ် – Ho)
  • Erbium (အာဘီယမ် – Er)
  • Thulium (သူလီယမ် – Tm)
  • Ytterbium (အီတာဘီယမ် – Yb)
  • Lutetium (လုတီဆီယမ် – Lu)

အမျိုးအစားခွဲခြားမှု

မြေရှားသတ္တုများကို အလေးချိန်နှင့် ဂုဏ်သတ္တိအပေါ်မူတည်၍ အဓိကအားဖြင့် ၂ မျိုး ခွဲခြားထားသည်:

  1. အပေါ့စားမြေရှားသတ္တုများ (Light Rare Earth Elements – LREE):
    • Lanthanum, Cerium, Praseodymium, Neodymium နှင့် Samarium အစရှိသည်တို့ ပါဝင်သည်။
  2. အလေးစီးမြေရှားသတ္တုများ (Heavy Rare Earth Elements – HREE):
    • Europium, Gadolinium, Terbium, Dysprosium, Holmium, Erbium, Thulium, Ytterbium, Lutetium နှင့် Yttrium တို့ ပါဝင်ပြီး ရှားပါးပြီး တန်ဖိုးပိုကြီးမားသည်။

 ပေါ့ပါးမြေရှားဒြပ်စင် (LREE) တွေကို ပိုအတွေ့ရများပြီး စျေးကွက်တန်ဖိုးလည်း နည်းပါတယ်။ လေးလံမြေရှားဒြပ်စင် (HREE) တွေကတော့ ရှားပါးပြီး ပုံမှန်အားဖြင့် ပိုဈေးကြီးပါတယ်။ အဆင့်မြင့် တန်ဖိုးမြင့် နည်းပညာထုတ်ကုန်တွေ ထုတ်လုပ်ရာမှာ HREE တွေက မရှိမဖြစ်အရေးကြီးပါတယ်။

မြေရှားသတ္တု၏ အသုံးဝင်မှုမှာ သူ့ချည်းသက်သက်ဆိုပါက တန်ဖိုးမရှိလှပေ။ အခြားသတ္တုတစ်မျိုးဖြင့် ပေါင်းစပ်လိုက်သည့်အခါ ထူးခြား၍ အဆင့်မြင့်မားသော အရည်အသွေးရှိ သတ္တုတစ်မျိုး ထွက်ရှိလာခြင်းဖြစ်သည်။ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အီလက်ထရောနစ်ပစ္စည်း အမျိုးအစားပေါင်း ၂၀၀ ကျော်ထုတ်လုပ်ရာတွင် မြေရှားသတ္တုမှာ မရှိမဖြစ် အလွန်အရေးပါသည်။

မြေရှားသတ္တုတွေနဲ့ မြေရှားဒြပ်စင်တွေ ပါဝင်တဲ့ သတ္တုစပ်တွေကို ကွန်ပျူတာမှတ်ဉာဏ် (Memory)၊ ဒီဗွီဒီ (DVD)၊ လျှပ်စစ်ကား (EV)၊ မော်တာ၊ အားပြန်သွင်းပြီး သုံးနိုင်တဲ့ ဘက်ထရီ၊ စမတ်ဖုန်း၊ အိတ်ဇောအဆိပ်ငွေ့ စစ်ထုတ်ကိရိယာ (Catalytic Converters)၊ သံလိုက်၊ ဖလော်ရီဆင့်မီးချောင်းနဲ့ တခြားနေ့စဉ်သုံး ပစ္စည်းကိရိယာတွေ တော်တော်များများမှာ အသုံးပြုကြပါတယ်။ မြေရှားဒြပ်စင်တွေကိုတော့ ဓာတ်ကူပစ္စည်း (Catalyst)၊ အလင်းလွှတ်ပစ္စည်း (Phosphor) နဲ့ အချောတိုက်ဆေး (Polishing compound) တွေ အဖြစ် အသုံးပြုကြပါတယ်။ အလင်းလွှတ်ပစ္စည်း ဆိုတာက စွမ်းအင်တစ်မျိုးမျိုးကို လက်ခံရရှိတဲ့အခါမှာ အလင်း ပြန်လည်ထုတ်လွှတ်ပေးနိုင်တဲ့ ပစ္စည်းတွေဖြစ်ပြီး ဖုန်းမျက်နှာပြင်၊ တီဗွီဖန်သားပြင်နဲ့ မီးချောင်းတွေမှာ သုံးပါတယ်။ အချောတိုက်ဆေးတွေကိုတော့ မှန်ဘီလူးတွေ၊ ဖန်သားပြင်တွေနဲ့ သတ္တုမျက်နှာပြင်တွေကို ပြောင်လက်ချောမွေ့သွားအောင် ပွတ်တိုက်ဖို့ အသုံးပြုတာပါ။ စီရီယမ်အောက်ဆိုဒ် (Cerium Oxide) ဟာ ကျောက်မျက်ရတနာတွေကို အချောတိုက်တဲ့နေရာမှာ ရေပန်းစားတဲ့ ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါတယ်။ 

မြေရှားသတ္တုသုံး အမြဲတမ်းသံလိုက်တွေဟာ ခေတ်မီ စစ်ဘက်ဆိုင်ရာ နည်းပညာတွေမှာ တော်တော်လေး အရေးပါတဲ့ အစိတ်အပိုင်းတွေပါ။ ထူးကဲတဲ့ သံလိုက်အားနဲ့ အပူဒဏ်ခံနိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် ရိုးရိုးသံလိုက်တွေထက် ပိုအားကောင်းသလို အပူချိန်မြင့်မားတဲ့ စစ်ဘက်သုံး စက်ပစ္စည်းတွေမှာလဲ ဂုဏ်သတ္တိမပျက်ဘဲ အလုပ်လုပ်နိုင်ကြပါတယ်၊ များသောအားဖြင့် နီယိုဒီမီယမ်-သံ-ဘိုရွန် (NdFeB) နဲ့ ဆမားရီယမ်-ကိုဘော့ (SmCo) သံလိုက်အမျိုးအစားပေါ့။ ဒီသံလိုက်တွေဟာ လေယာဉ်တွေမှာသုံးတဲ့ လျှပ်စစ်မော်တာတွေ၊ မောင်းနှင်ထိန်းချုပ်တဲ့ စနစ်တွေကနေ စလို့ တိကျတဲ့ ပဲ့ထိန်းလက်နက်ခဲယမ်းတွေနဲ့ ဂြိုဟ်တုစနစ်တွေအထိ ကာကွယ်ရေးပိုင်းဆိုင်ရာ နည်းပညာတွေမှာ အများကြီး အထောက်အကူပြုနေတာပါ။

ဥရောပကုမ္ပဏီများသည် မြေရှားသတ္တုပါဝင်သော အမြဲတမ်း သံလိုက်များကို တရုတ်ပြည်မှ ဝယ်ယူပြီး ကမ်းလွန်လေစွမ်းအင်သုံး တာဘိုင်စက်များ၊ ကွန်ပျူတာ ဖန်သားပြင်များ၊ လျှပ်စစ်မော်တော်ယဉ်များ အပါအဝင် နေ့စဉ်သုံး လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွင် ထည့်သွင်း အသုံးပြုနေကြသည်။  ဤသံလိုက်များမှာ မြန်မာနိုင်ငံမှတူးဖော်ရရှိသော မြေရှားသတ္တုဒြပ်စင်များဖြင့် ပြုလုပ်ထားသည်။ ကမ္ဘာ့အခြားနေရာများတွင် များများစားစားမတွေ့ရသော အလေးစီးမြေရှားသတ္တုများဖြစ်သည့် terbium နှင့် dysprosium တို့ကို မြန်မာနိုင်ငံတွင်သာ များပြားစွာတွေ့ရှိရသောကြောင့် ဖြစ်သည်။

မြေရှားထုတ်ယူနည်း

ထုတ်ယူတဲ့နည်း (၂) မျိုး ရှိပါတယ်။

၁။ ပထမနည်းက အပေါ်ယံမြေလွှာကို စက်နဲ့ခြစ်ယူပြီး ရေစစ်ကန်ထဲ ထည့်ပါတယ်။ နောက်တော့ အက်စစ်နဲ့ အခြားဓာတုဆေးရည်တွေ ကန်ထဲလောင်းထဲပြီး မြေရှားသတ္တုကို စစ်ယူတဲ့နည်း ဖြစ်ပါတယ်။

၂။ ဒုတိယနည်းကတော့ တောင်ကုန်းတောင်တန်းပေါ်မှာ ကျင်းတွေတူးပြီး၊ အက်ဆစ်နဲ့ ဓါတ်ဆေးရည်ကို ကျင်းထဲလောင်းထည့်ပါတယ်။ ကျင်းထဲမှာ အရည်ဖြစ်သွားတဲ့ မြေကြီးကို ပိုက်နဲ့စုပ်ယူပြီး သိုလှောင်ကန်ကို ပို့ပါတယ်။ သိုလှောင်ထားတဲ့ မြေရှားရည်ကနေ မြေရှားသတ္တုကို ထုတ်ယူရတာ ဖြစ်ပါတယ်။

ဒုတိယနည်းကို မြန်မာ-တရုတ်နယ်စပ် တရားဥပဒေစိုးမိုးမှုမရှိတဲ့ ဒေသတွေမှာ သုံးပါတယ်။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း ချီဖွေမြို့နယ်က ပန်ဝါနယ်စပ်ဒေသဟာ မြေရှားသတ္တုထွက်တဲ့နေရာ ဖြစ်ပါတယ်။ မြေရှားသတ္တု (၁၇) မျိုးရှိတဲ့အနက် ပန်ဝါမှာရှိတဲ့ (၅) မျိုးကို တရုတ်က ထုတ်ယူပါတယ်။ ကမ္ဘာမှာရှိတဲ့ Terbian နဲ့ Dysprosium ပမာဏရဲ့ (၃၀) ရာခိုင်နှုန်းဟာ ပန်ဝါမှာ ရှိတယ်လို့ ဆိုပါတယ်။

ပထမဦးစွာ ထုတ်ယူမယ့်နေရာမှာ တောရှင်းရပါတယ်။ နောက်တော့ အချင်း (၆) လက်မလောက်ရှိတဲ့ ကျင်းကို အနက်ပေ (၃၀) ကျော်အထိ တူးရပါတယ်။ နောက်တော့ အဲဒီကျင်းတွေထဲကို အက်ဆစ်နဲ့ အခြားဓါတ်ဆေးရည်တွေ လောင်းထည့်ပါတယ်။ အက်ဆစ်နဲ့ ဓါတ်ဆေးကြောင့် ဓါတ်ပြုပြီးထွက်လာတဲ့ နို့နှစ်ရောင်အရည်တွေကို ပိုက်နဲ့စုပ်ယူပြီး မြေရှားသိုလှောင်ကန်ထဲ ထည့်ထားပါတယ်။ မြေကျင်းတူးပြီး ရေမစိမ့်အောင် မိုးကာဖျင်ခင်းထားတဲ့ သိုလှောင်ကန်တွေပါ။ မြေရှားရည် အနည်းထိုင်သွားတဲ့အခါမှာ အပေါ်ယံရေကြည်ကို ပိုက်နဲ့စုပ်ထုတ်လိုက်ပြီး အနည်တွေကို အခြောက်ခံထားပါတယ်။ ခြောက်သွားတဲ့ အနည်တွေ လေးလံတဲ့ မြေရှားသတ္တုရိုင်း ဖြစ်လာတဲ့အခါ တရားမဝင်သယ်ဆောင်သွားပါတယ်။

မြေရှားသတ္တုတူးဖော်မှုဟာ  တောင်တစ်တောင်လုံးမြေရှားထုတ်မယ်ဆိုရင် နှစ်လခန့်ကြာမြင့်ကာ  နှစ်ပတ်တစ်ကြိမ်မြေရှားထုတ်ပြီး တစ်ကြိမ်ကို မြေရှားအိတ် ၈၀၀ ကနေ ၁၀၀၀ ကြားထွက်ရှိတယ်လို့ သူကဆိုပါတယ်။ မြေရှားသတ္တုကို မီးမဖုတ်ခင် အစို တစ်အိတ်ကို တရုတ်ငွေစျေးနဲ့ တစ်အိတ်  ယွမ် ၄၀၀၀ ဝန်းကျင် ( မြန်မာငွေ ၁၃ သိန်း နီးပါး) ရရှိတယ်လို့ သိရပါတယ်။ 

သတင်းဌာနများရဲ့ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်အထိ မြန်မာနိုင်ငံမှာ တရားမဝင် သတ္တု လုပ်ကွက် ၃၅၇ တွက် ရှိပြီး ဓာတုပျော်ရည်ကန်နဲ့ တူးဖော်တဲ့ စုဆောင်းကန်တွေလည်း ၂,၇၀၀ ကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီလုပ်ကွက်တွေကနေ ၂၀၂၁ မှ ၂၀၂၄ ထိ ၄ နှစ်တာ ကာလအတွင်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလျံ တန်ဖိုးရှိတဲ့ မြေရှားတွေ တရားမဝင်တင်ပို့ ရောင်းချခဲ့ကြပါတယ်။

တကယ်ကျ မြေရှားသတ္ထုဆိုတာ ကမ္ဘာ့အပေါ်ယံမြေလွှာထဲမှာ အများအပြားရှိနေတာပါ။ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးနဲ့ တခြားနိုင်ငံတွေမှာလည်းရှိပါတယ်။ မြေရှားသတ္ထုရဲ့သဘောက သူချည်းရှိနေတာမဟုတ်ဘဲ တခြားဒြပ်စင်တွေနဲ့ ရောနှောနေလို့ ပြန်လည် ခွဲထုတ်ရပါတယ်။ ဒီလိုခွဲထုတ်ရတာက ကုန်ကျစရိတ်ကြီးလွန်းတာ ဖြစ်ပါတယ်။ မြေရှားသတ္ထုရဲ့အဓိကဆိုးကျိုးကတော့ သူ့ကိုတူးဖောက်တဲ့အခါမှာ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာပါပဲ။ ဓာတုပစ္စည်းတွေသုံးရတာရယ်၊ အဲဒီကထွက်တဲ့ စွန့်ပစ်ရေတွေဟာ ပတ်ဝန်းကျင်က ဒေသခံတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွာထိခိုက်စေတာဖြစ်ပါတယ်။ မြေရှားသတ္တု ထုတ်ယူလို့ ပျက်စီးသွားတဲ့ တောင်ကုန်းတောင်တန်းတွေဟာ ဒေသခံတွေအတွက် အသုံးမဝင်တော့ပါ။ သတ္တုရိုင်း ထုတ်ယူတဲ့အဆင့်တိုင်းဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *