အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီအပူဇော်ခံပြီး သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ယနေ့နံနက်ပိုင်းတွင် မူလစံကျောင်းတော်သို့ ပြန်လည်ကြွဝင်သည့် အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် စွမ်းအင်သုံးစွဲမှုလျှော့ချနိုင်ရေး၊ အင်းရေပြင်တွင် စက်ဆီများညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် အင်းလေးအစုအဖွဲ့မှ ဆောင်ရွက်ထားသော EV စက်လှေဖြင့် အင်းလေးဒေသထွက်ကုန်ဖြစ်သည့် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်သီးသယ်ဆောင်ပေးပို့မှု သရုပ်ပြသခြင်း၊ အင်းလေးဒေသရိုးရာဆွမ်းပို့လှေများ သရုပ်ပြသခြင်း၊ လှေယဉ်အလှအကအဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ခြင်းတို့ ဆောင်ရွက်ကြသည်။
ဆက်လက်၍ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များ ကရဝိက်ဖောင်တော်ဖြင့် ကြွချီလာရာ ရုပ်ပွားတော်ပထမအဆူကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ဒုတိယအဆူကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တတိယအဆူကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ စတုတ္ထအဆူကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ပင့်ဆောင်ကြပြီး မူလကိန်းဝပ်စံပယ်တော်မူသည့် ပလ္လင်ပေါ်သို့ ပင့်ဆောင်ပေးကြသည်။
ထို့ပြင် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ အမျိုးသား ၄၆ တက်၊ အမျိုးသားရာကျော်လှေ၊ အမျိုးသမီး ၂၆ တက်၊ ကျောင်းသား ၂၆ တက်၊ ကျောင်းသား တစ်ဦးချင်း လှေလှော်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲများယှဉ်ပြိုင်ရာ ပြိုင်ပွဲဝင်အသင်းများက စည်းလုံးညီညွတ်မှုအားဖြင့် ကြိုးစားယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်ခရီးသွားဘုရားဖူးဧည့်သည်များက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ လှေယဉ်၊ ဆွမ်းပို့လှေဂုဏ်ပြုဆုများကို အင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့ကလည်းကောင်း၊ အမျိုးသား ၄၆ တက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့်အသင်းများကို ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသားရာကျော်လှေပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများနှင့် တစ်ဦးချင်းပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ကျောင်းသား ၂၆ တက်ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ အမျိုးသား ၄၆ တက်ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆု ရရှိသူများကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း၊ အမျိုး သမီး ၂၆ တက်ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားရာကျော်လှေပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲကို နောင်အင်းလေးသီချင်းဖြင့် အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရသည်။
