ချဉ်ပေါင် စိုက်ပျိုးနည်း

၁။ မူရင်းဒေသ

အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့တွင် စတင်ပေါက်ရောက်ခဲ့သည်ဟု ယူဆရသည်။

မြန်မာအမည် – ချဉ်ပေါင်

အင်္ဂလိပ်အမည် – ROSELLE

ရုက္ခဗေဒအမည် – Hibiscus sabdariffa

မျိုးရင်းအမည် – MALVACEAE

၂။ အမျိုးအစား

မြန်မာပြည်တွင် ချဉ်ပေါင်အမျိုးအစား (၃) မျိုးခန့် တွေ့ရှိရသည်။ စိုက်ပျိုးမှုများသောမျိုးများမှာ –

(၁) ချဉ်ပေါင်အနီ

အိန္ဒိယမှရသော မျိုးဖြစ်သောကြောင့် ဘိလပ်ချဉ်ပေါင် (သို့) ကုလားချဉ်ပေါင်ဟုလည်း ခေါ်သည်။ အသီးမှာ နီရဲသောအသွေးရှိသဖြင့် ချဉ်ပေါင်နီဟုလည်း ခေါ်ကြသည်။

(၂) မြန်မာချဉ်ပေါင်

မြန်မာချဉ်ပေါင်သည် အရွက်ဝိုင်းသည်။ အပင်အရပ်မှာ နိမ့်ပြီး အကိုင်းအနည်းငယ်ဖြာသည်။ ၎င်းကို အရွက်စား သုံးရန် အဓိကရည်ရွယ်စိုက်ပျိုးကြသည်။

(၃) လက်ခြားချဉ်ပေါင်

ကိုင်းဖြာမှုမရှိပဲ တစ်ပင်တိုင်မျိုးဖြစ်၍ လျှော်ထုတ်ရန် အသုံးပြုကြသဖြင့် လျှော်ချဉ်ပေါင်ဟုလည်း ခေါ်ကြသည်။ အရွက်မှာ လက်ခြားဖြာပြီး အမွှေးအနည်းငယ်ထူသည်။

၃။ စိုက်ပျိုးသည့် ဒေသ

အလွန်အေးသော အရပ်မှလွဲပြီး ချဉ်ပေါင်ကို မြန်မာပြည်အနှံ့အပြား စိုက်ပျိုးကြသည်။

၄။ ရေမြေရာသီဥတု

ချဉ်ပေါင်သည် ဆားပေါက်သည့် မြေမှလွဲ၍ ရေစီးရေလာကောင်းသော မြေမျိုးတွင် များစွာစိုက်ပျိုးဖြစ်ထွန်းသည်။ မြေဆီဩဇာထက်သန်သော နုန်းပါသည့် ကိုင်းမြေများတွင် ပိုမိုဖြစ်ထွန်းသည်။

၅။ မြေပြုပြင်ခြင်း

ချဉ်ပေါင်ပင် ဖြစ်ထွန်းချိန်တွင် မိုးဖွဲဖွဲရွာပါက ပိုမိုဖြစ်ထွန်း၏။ မိုးများလွန်းပြီး ရေဝပ်သောဒေသတွင် ချဉ်ပေါင်မဖြစ်ထွန်းပေ။ ဆောင်းရာသီတွင်လည်း ချဉ်ပေါင်ကို ရေပေးစိုက်ပျိုးနိုင်သည်။ ထယ် (၁) စပ် ထိုးပြီး နောက်၊ ထွန် (၆-၈) စပ်အထိ ထွန်ရေးကောင်းသည့်တိုင် ထွန်ရသည်။ ကြမ်းတုံးရိုက်ပြီးနောက် စိုက်ကြောင်းများ ဆွဲ၍ တစ်တန်းနှင့်တစ်တန်း (၃) ပေ ခြားရမည်။

၆။ မြေဩဇာကျွေးနည်း

တစ်ဧကလျှင် နွားချေးလှည်း (၁၀-၁၅)စီး၊ ယူရီးယားဓာတ်မြေဩဇာ (၂၂၄) ပေါင်၊ တီစူပါ (၅၆) ပေါင်နှင့် ပိုတက်ရှ်မြေဩဇာ (၅၆) ပေါင် ထည့်ပေးရမည်။ နွားချေးမြေဩဇာနှင့် ဓာတ်မြေဩဇာများကို ထည့်ပေးရာတွင် မြေကြီးတွင် သမစေရန် ထွန်ယက်ပေးရမည်။

၇။ စိုက်ပျိုးနည်း

ရာသီမရွေး စိုက်ပျိုးနိုင်သည်။ တစ်တန်းနှင့်တစ်တန်း (၃) ပေအကွာ ကြောင်းဆွဲထားသော စိုက်ကွက် (သို့) စိုက်ဘောင်တွင် ချဉ်ပေါင်မျိုးစေ့များ ဖြူးထည့်ပေးရန်ဖြစ်ပါသည်။ အစေ့များမှ စိုက်ပြီး (၃-၅) ရက်တွင် အပင်ပေါက်လာမည်။

ချဉ်ပေါင်တစ်ဧကစိုက်လျှင် မျိုးစေ့တစ်ပြည်နှုန်း လိုအပ်ပါသည်။ အလျားပေ (၂၀)၊ အနံ (၄) ပေ စိုက်ဘောင် တစ်ပေါင်အတွက် မျိုးစေ့ နို့ဆီဗူး (၁) ဗူးခန့်လိုအပ်ပါမည်။

၈။ ရေသွင်းနည်း

မိုးတွင်းစိုက်ပါက မိုးရေရနေသဖြင့် ရေသွင်းရန် မလိုအပ်သော်လည်း ဆောင်းစိုက်အတွက် ရေသွင်းပေးရမည်။ မြေအခြေနေအရ (၂-၃) ကြိမ်အထိ ရေသွင်းပေးရန် လိုသည်။

၉။ အပင်ပြုစုခြင်း

မျိုးစေ့ဖြူးပြီးနောက် (၃-၅) ရက်ကြာလျှင် အပင်ကလေးများ ပေါက်လာမည်။ အရွက် (၃-၄) ရွက်ထွက်လာလျှင် တစ်ပင်နှင့်တစ်ပင် တစ်ပေခွာ ထား၍ ကျန်အပင်များ မှုန်းပေးပါ။ အတန်းကြားရှိ ပေါင်းများကို ကြားထွန်လိုက်၍ နှိမ်ပေးပြီး အပင်ခြေရင်းပေါင်းကို လက်ပေါင်းလိုက်ပေးပါ။ ကြားထွန်ကို ပေါင်းအခြေအနေအရ (၃-၄) ကြိမ် လိုက်ပေးရပါမည်။

၁၀။ ဆွတ်ခူးနည်း

စိုက်ပြီးနောက် (၄၅-၆၀) ရက် ကြာလျှင် အရွက်များစတင်ဆွတ်ခူးနိုင်ပြီဖြစ်သည်။ အပင်လိုက်နှုတ်ပြီး အမြစ်ပိုင်း ဖြတ်ကာ ရောင်းချနိုင်သည်။ တစ်ဧကလျှင် ချဉ်ပေါင်အရွက်အစို ပိဿာ (၅၀၀-၁၀၀၀) အထိထွက်နိုင်သည်။

၁၁။ မျိုးစေ့ထုတ်နည်း

မျိုးထုတ်ရန် ချဉ်ပေါင်များကို အသီးရင့်သည်အထိ ထားရမည်။ ရင့်သောအခါ အသီးများညှိုးလာသည်။ ညှိုးရာမှ ခြောက်လာပြီး အသီးများကွဲလာကာ အစေ့များထွက်လာသည်။ မကွဲအာမီ အသီးပါသောအပိုင်းကို တံစဉ်ဖြင့်ဖြတ်တောက်၍ နေလှန်းပါ။ ကောင်းစွာခြောက်သွေ့သောအခါ အသီးများကို တုတ်ဖြင့်ရိုက်ပုတ်ပြီး အစေ့များယူပါ။

၁၂။ သတိပြုရန်အချက်

(၁) ချဉ်ပေါင်စိုက်ခင်းကို ရေပေးရာတွင် ရေပေးမလွန်ရန် လိုအပ်သည်။ ရေပေးလွန်ပါက အရွက်များဝါပြီး အပင်ကျသွား၏။

(၂) မြေဩဇာကျွေးရာတွင်လည်း လိုအပ်သည်ထက်ပိုမကျွေးရန်လိုသည်။ မြေဩဇာအကျွေးများပါက အပင်နာပြီးသေနိုင်၏။

(၃) ချဉ်ပေါင်ပင်များကို ငယ်စဉ် မှုန်းပေးရန်လိုသည်။ သို့မှသာ ချဉ်ပေါင်ပင်များ ကြီးထွား သန်မာစေမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *