၂၁ ရာစုသည် နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာသောခေတ်ဖြစ်သည်နှင့်အညီ ကမ္ဘာတစ်ဝန်းရှိ လူဦးရေအများစုသည် ကျေးလက်ဒေသများမှ မြို့ပြများသို့ ရွှေ့ပြောင်းအခြေချလာ ကြပါသည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဘဏ်၏အချက်အလက်များအရ ကမ္ဘာ့လူဦးရေ၏ ၅၇ ရာခိုင်နှုန်း ကျော်သည် မြို့ပြများတွင် နေထိုင်လျက်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၆၈ ရာခိုင်နှုန်းခန့်သည် မြို့ပြများတွင် နေထိုင်ကြလိမ့်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားပါသည်။
မြို့ပြလူဦးရေ အဆမတန်တိုးပွားလာခြင်းသည် စွမ်းအင်မလောက်ငမှု၊ ယာဉ်ကြောပိတ်ဆို့မှု၊ အမှိုက်သရိုက်ပြဿနာ၊ လေထုညစ်ညမ်းမှု၊ အိမ်ရာရှားပါးမှု၊ ကျန်းမာရေးပြဿနာများ၊ လုံခြုံရေးနှင့် မှုခင်းထူပြောမှု၊ ကျေးလက်ဒေသများတွင် လယ်ယာစိုက်ပျိုးရေး လုပ်သားအင်အားပြတ်လပ်လာမှု စသည့် ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ဤကဲ့သို့သော မြို့ပြပြဿနာများအား သာမန်နည်းလမ်းဟောင်းများဖြင့် ဖြေရှင်းရန်မှာ အကန့် အသတ်များရှိလာသဖြင့် ခေတ်မီနည်းပညာအခြေပြု စီမံခန့်ခွဲမှုစနစ်များဆီသို့ ကူးပြောင်းရန်လိုအပ်ချက် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ထို့ကြောင့် နည်းပညာ၊ လူသားနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိုးကျ ပေါင်းစပ်ပြီး ရေရှည်တည်တံ့မည့် မြို့ပြပုံစံသစ် တစ်ခုအဖြစ် Smart City (စမတ်စီးတီး သို့မဟုတ် စမတ်ကျသောမြို့ပြ) အယူအဆ ပေါ်ပေါက်လာရ ခြင်းဖြစ်ပါသည်။ စမတ်စီးတီးဆိုသည်မှာ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကိုအသုံးပြု၍ မြို့ပြ၏လုပ်ဆောင်ချက်များကို မြှင့်တင်ရန်၊ သယံဇာတများကို ထိရောက်စွာစီမံခန့်ခွဲရန်နှင့် မြို့သူမြို့သားတို့၏ လူနေမှုဘဝအရည်အသွေးကိုမြှင့်တင်ရန် ရည်ရွယ်ဖန်တီးထားသော အနာဂတ် မြို့ပြစနစ်ဖြစ်သည်။
လူ့ယဉ်ကျေးမှုသမိုင်းနှင့် မြို့ပြဆီသို့ ရွှေ့ပြောင်းခြင်း
လူ့ယဉ်ကျေးမှုသမိုင်းကို ပြန်လည်ဆန်းစစ် ကြည့်လျှင် လူသားတို့သည် ကနဦးတွင် တစ်နေရာမှ တစ်နေရာသို့ရွှေ့ပြောင်းကာ အမဲလိုက်ရှာဖွေ စားသောက်ကြသူများဖြစ်ခဲ့ကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီခန့်က စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်ပညာကို စတင်တွေ့ရှိခဲ့ချိန်မှစ၍ မြစ်ဝှမ်းဒေသများတွင် အခြေချနေထိုင်လာကြပြီး လူ့ယဉ်ကျေးမှု စတင်ပွင့်လန်းလာခဲ့သည်။ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်လာသည်နှင့်အမျှ ကုန်သွယ်မှု ဗဟိုချက်မများ၊ ယဉ်ကျေးမှုအဆောက်အအုံများ နှင့် အုပ်ချုပ်ရေးယန္တရားများ စုစည်းရာမြို့ပြငယ်များ စတင်ပေါက်ဖွားလာခဲ့ပါသည်။
သို့ရာတွင် လူသားတို့ မြို့ပြသို့ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့လာမှုကို အရှိန်အဟုန်မြှင့်တင် ပေးခဲ့သည့်အရာမှာ ၁၈ ရာစုတွင် ပေါ်ပေါက်ခဲ့သော စက်မှုထွန်းကားလာခြင်းပင်ဖြစ်ပါသည်။ စက်ရုံ၊ အလုပ်ရုံများ ပေါ်ပေါက်လာခြင်းကြောင့် ကျေးလက်ဒေသ စိုက်ပျိုးရေးလုပ်ငန်းများမှ လူသားလုပ်သား စွမ်းအားစုများသည် အလုပ်အကိုင်အခွင့်အလမ်း ပေါများပြီး လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားသော မြို့ကြီးများဆီသို့ ရွှေ့ပြောင်းလာကြပါသည်။ ယနေ့ ၂၁ ရာစုတွင်မူ “စက်မှုအခြေပြုမြို့ပြများ”မှသည် “ဒီဂျစ်တယ်နည်းပညာအခြေပြုမြို့ပြများ” အဖြစ် သို့ ထပ်မံကူးပြောင်းလာခဲ့ပြီး ထိုသို့ လူဦးရေ အဆမတန် စုပြုံလာမှုကို စနစ်တကျ ထိန်းကျောင်း နိုင်ရန်အတွက် စမတ်စီးတီးစနစ်ကို မဖြစ်မနေ ပုံဖော်လာကြရခြင်းဖြစ်ပါသည်။
စမတ်မြို့ပြစနစ်တစ်ခု၏ အဓိကမဏ္ဍိုင်ကြီးများ
စမတ်မြို့ပြစနစ်တစ်ခု အောင်မြင်စွာလည်ပတ်နိုင်ရန်အတွက် အပြန်အလှန် ချိတ်ဆက်နေသော အခြေခံမဏ္ဍိုင်ကြီးများ ရှိပါသည်။
(၁) အုပ်ချုပ်ရေးစနစ်
ဒီဂျစ်တယ်စနစ်ကို အခြေခံသည့် အုပ်ချုပ်ရေး စနစ်သည် စမတ်မြို့ပြစနစ်၏ အဓိက မဏ္ဍိုင် ဖြစ်ပါသည်။ ပြည်သူလူထုနှင့် အစိုးရဌာနများအကြား ဆက်သွယ်မှုကို ဒီဂျစ်တယ်ပလက်ဖောင်းများမှ တစ်ဆင့် သွက်လက်မြန်ဆန်စွာ လုပ်ဆောင်နိုင်သည်။ အခွန်ပေးဆောင်ခြင်း၊ ပါမစ်လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို အွန်လိုင်းမှ လွယ်ကူစွာပြုလုပ်နိုင်သဖြင့် အုပ်ချုပ်ရေးယန္တရားကို ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်စေပါသည်။
(၂) စွမ်းအင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု
သန့်ရှင်းသော စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်းသည် စမတ်မြို့ပြစနစ်၏ အသက်ဖြစ်ပါသည်။ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင် စသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် များကို အဓိကအသုံးပြုနိုင်ပါသည်။ ထို့ပြင် စမတ် လျှပ်စစ်ကွန်ရက်များကိုအသုံးပြုကာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အလိုအလျောက် တွက်ချက်ခွဲဝေပေးခြင်းဖြင့် စွမ်းအင်လေလွင့်မှုကို လျှော့ချပေးပါသည်။
စမတ်အမှိုက်ပုံးများတွင် အာရုံခံကိရိယာများ တပ်ဆင်ထားပြီး အမှိုက်ပြည့်ပါက အမှိုက်သိမ်းကား ဆီသို့ အလိုအလျောက် အချက်ပြစနစ်ပေးပို့ခြင်း၊ အမှိုက်များအား အမျိုးအစား ခွဲခြားသိမ်းဆည်းပေးခြင်းတို့ဖြင့် မြို့ပြသန့်ရှင်းရေးကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ပါသည်။ ဤစနစ်ကြောင့် အမှိုက်သိမ်း ကားများသည် အမှိုက်ပြည့်သည့် နေရာများဆီသို့သာ အလိုအလျောက် သွားလာရမည့်လမ်းကြောင်းကို တွက်ချက်မောင်းနှင်နိုင်သဖြင့် မြို့ပြသန့်ရှင်းရေး လုပ်ငန်းများကို အချိန်နှင့် ကုန်ကျစရိတ် သက်သာစွာဖြင့် အထိရောက်ဆုံး စီမံခန့်ခွဲနိုင်မည်ဖြစ်ပါသည်။
(၃) မြို့ပြသယ်ယူပို့ဆောင်ရေး
မြို့ပြတစ်ခု၏ အသက်သွေးကြောမှာ သယ်ယူပို့ဆောင်ရေးဖြစ်ပါသည်။ စမတ်မြို့ပြစနစ်တွင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် IoT Sensor များနှင့် ကင်မရာများကို လမ်းဆုံလမ်းခွ များတွင်တပ်ဆင်ကာ ယာဉ်ကြောအခြေအနေကို အချိန်နှင့်တစ်ပြေးညီ ခွဲခြမ်းစိတ်ဖြာပြီး မီးပွိုင့်များ ကို အလိုအလျောက် ထိန်းချုပ်ပေးပါသည်။ ထို့ပြင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် (ဘတ်စ်ကား၊ ရထား) များတွင် GPS စနစ်များ တပ်ဆင်ထားပြီး ခရီးသည်များအနေဖြင့် မိမိစီးမည့် ကား မည်သည့်အချိန်တွင် ရောက်ရှိမည်ကို မိုဘိုင်းလ် အက်ပလီကေးရှင်းမှတစ်ဆင့် တိကျစွာသိရှိနိုင်သည်။ လျှပ်စစ်ကားများအတွက် အားသွင်းစခန်းများ စနစ်တကျ ထည့်သွင်းတည်ဆောက်ထားပါသည်။
(၄) စီးပွားရေး
စမတ်မြို့ပြစနစ်တွင် ဒီဂျစ်တယ်စီးပွားရေးနှင့် တီထွင်ဆန်းသစ်မှုကို အားပေးပါသည်။ ငွေစက္ကူ မကိုင်တော့သော လူ့အဖွဲ့အစည်းကို ဖော်ဆောင်ပြီး မိုဘိုင်းလ်ငွေပေးချေမှုစနစ်များကို နေရာအနှံ့ အသုံးပြုနိုင်ပါသည်။ နည်းပညာစတင်ပျိုးထောင်သည့်လုပ်ငန်းများနှင့် နည်းပညာမြင့်လုပ်ငန်းများ အတွက် ကောင်းမွန်သောဂေဟစနစ်ကို ဖန်တီးပေးကာ အလုပ်အကိုင်အခွင့်အလမ်းသစ်များကို ဖော်ဆောင်ပေးပါသည်။
(၅) နေထိုင်မှုနှင့် လုံခြုံရေး
အိမ်ရာနေရာချထားမှုကဏ္ဍတွင်လည်း မြို့ပြမြေပုံညွှန်းစနစ် (GIS) နှင့် Big Data နည်းပညာ များကိုအသုံးပြု၍ လူဦးရေထူထပ်မှုနှင့် အိမ်ရာလိုအပ်ချက်ကို ကြိုတင်တွက်ချက်ကာ အိမ်ရာများ ကို စနစ်တကျ နေရာချထားပေးခြင်းဖြစ်ပါသည်။ ထို့ပြင် အခြေခံလူတန်းစားများပါ အဆင်ပြေစွာ နေထိုင်နိုင်မည့် တန်ဖိုးနည်းစမတ်အိမ်ရာစီမံကိန်းများကို သယ်ယူပို့ဆောင်ရေးကွန်ရက်များနှင့် နီးကပ်စွာပုံဖော်ပေးခြင်းဖြင့် တရားမဝင်အိမ်ရာများနှင့် အခြေချနေထိုင်မှုများဖြစ်ပေါ်လာမှုကို တားဆီးပေးနိုင်ပြီး မြို့သူမြို့သားအားလုံး မျှတစွာအခြေချ နေထိုင်နိုင်မည့်ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါ သည်။
ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် ဘေးကင်းလုံခြုံရေးကို အဆင့်မြှင့်တင်ပေးပါသည်။ မြို့ပြတစ်ခွင်တွင် မျက်နှာမှတ်မိခြင်းစနစ်များ ပါဝင် သော AI ကင်မရာများ တပ်ဆင်ထားသဖြင့် ရာဇဝတ်မှုများကို ကြိုတင်ကာကွယ်နိုင်ပြီး မှုခင်း ဖြစ်ပွားပါကလည်း ချက်ချင်းဖော်ထုတ်နိုင်ပါသည်။ ကျန်းမာရေးကဏ္ဍတွင် တယ်လီမက်ဒီဆင်း (Telemedicine) စနစ်ဖြင့် ကျန်းမာရေးဌာနများနှင့် အလှမ်းဝေးသောနေရာများမှပါ အွန်လိုင်းမှတစ်ဆင့် ဆရာဝန်များနှင့် ဆွေးနွေးကုသမှု ခံယူနိုင်ပါသည်။
(၆) စမတ်ကျသော ပြည်သူများ
နည်းပညာများ မည်မျှပင် ကောင်းမွန်စေကာမူ ၎င်းတို့ကိုအသုံးချမည့် ပြည်သူများတွင် ဒီဂျစ်တယ် ကျွမ်းကျင်မှုမရှိပါက စမတ်မြို့ပြစနစ် မဖြစ်မြောက် နိုင်ပါ။ ထို့ကြောင့် ပြည်သူများကို စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်မည့် ဒီဂျစ်တယ်အသိပညာပေးခြင်း၊ ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အသုံးပြုသောနည်းပညာများ
စမတ်မြို့ပြစနစ်တစ်ခု ဖြစ်မြောက်လာရန် နောက်ကွယ်မှ ပံ့ပိုးပေးထားသော ခေတ်မီနည်းပညာ များစွာရှိပါသည်။ ယင်းတို့အနက် အရေးအကြီးဆုံး နည်းပညာများမှာ အောက်ပါအတိုင်းဖြစ်သည် –
(၁) အရာဝတ္ထုတိုင်းကို အင်တာနက်ချိတ်ဆက်ခြင်း
လမ်းမီးတိုင်များ၊ အမှိုက်ပုံးများ၊ ရေပိုက်လိုင်းများနှင့် မီးပွိုင့်များတွင် အာရုံခံကိရိယာများ Sensors တပ်ဆင်ကာ ဒေတာများကို စဉ်ဆက်မပြတ် ကောက်ယူသည့်စနစ်ဖြစ်ပါသည်။ IoT သည် စမတ် မြို့ပြစနစ်၏ အာရုံခံအင်္ဂါများဖြစ်သည်။
(၂) ဉာဏ်ရည်တုနည်းပညာနှင့် မြောက်မြားလှစွာသော အချက်အလက်များအား တွက်ချက်ခြင်း
IoT အာရုံခံကိရိယာများမှရရှိလာသော မရေမတွက်နိုင်သည့် ဒေတာအချက်အလက် အမြောက် အမြားကို AI ကွန်ပျူတာစနစ်များသုံးပြီး ခွဲခြမ်းစိတ်ဖြာပါသည်။ ဥပမာ – မည်သည့်အချိန်တွင် ရေသုံးစွဲမှုအများဆုံးဖြစ်သည်၊ မည်သည့်ရပ်ကွက်သည် လျှပ်စစ်ဓာတ်အား သုံးစွဲမှုအမြင့်မားဆုံး ဖြစ်သည်၊ မည်သည့်ဧရိယာသည် အမှိုက်တန်ချိန် အများဆုံးစွန့်ပစ်ခြင်းဖြစ်သည်၊ မည်သည့်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နိုင်သည် စသည်တို့ကို တွက်ချက်ကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါ သည်။
(၃) မြန်နှုန်းမြင့် ဆက်သွယ်ရေးကွန်ရက်နည်းပညာ
ဒေတာအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ မြန်ဆန်စွာ အပို့အယူလုပ်နိုင်ရန်အတွက် အလွန်မြန်ဆန်ပြီး နှောင့်နှေးမှုမရှိသော “5G ကွန်ရက်”သည် မရှိမဖြစ် လိုအပ်ပါသည်။
(၄) ကလောက်ဒ်စနစ်
မြို့ပြတစ်ခုလုံးမှ ထွက်ပေါ်လာသော အချက်အလက်များကို လုံခြုံစိတ်ချစွာ သိမ်းဆည်းရန်နှင့် အစိုးရဌာနအသီးသီးက လိုအပ်သလို ဝင်ရောက်အသုံးပြုနိုင်ရန် ကလောက်ဒ်သိုလှောင်မှုစနစ်ကို အသုံးပြုပါသည်။
စမတ်မြို့ပြစနစ်တည်ဆောက်ရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ
စမတ်မြို့ပြစနစ်များသည် ကောင်းကျိုးများစွာရှိသော်လည်း ၎င်းတို့ကို တည်ဆောက်ရာတွင် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလေ့ရှိပါသည်။
(၁) ဆိုက်ဘာလုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှု
မြို့ပြစနစ်တစ်ခုလုံး အင်တာနက်ပေါ်သို့ ရောက်ရှိသွားသည့်အခါ ဟက်ကာများ၏ တိုက်ခိုက်မှုခံရမည့်အန္တရာယ်ရှိပါသည်။ လျှပ်စစ်ကွန်ရက် သို့မဟုတ် ရေပေးဝေရေးစနစ်ဟက်ခံရပါက မြို့ပြကြီးတစ်ခုလုံး ရပ်ဆိုင်းသွားနိုင်ပါသည်။ ထို့ပြင် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုအတွက်လည်း စိုးရိမ်စရာရှိပါသည်။
(၂) ကြီးမားသော ကနဦးရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်
အဆင့်မြင့် အာရုံခံကိရိယာများ၊ 5G ကွန်ရက်များ၊ AI စနစ်များနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်အတွက် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါသည်။
(၃) ဒီဂျစ်တယ်ကွာဟမှု
နည်းပညာနှင့် အလှမ်းဝေးသောသူများသည် စမတ်မြို့ပြစနစ်၏ ဝန်ဆောင်မှုများကို ကောင်းစွာ အသုံးမချနိုင်သည့်ပြဿနာမျိုး ဖြစ်ပွားနိုင်ပါသည်။
(၄) ကျေးလက်လုပ်သား ရှားပါးမှုနှင့် စားရေရိက္ခာ စိန်ခေါ်မှု
မြို့ပြများသို့ လူဦးရေ အဆမတန် ရွှေ့ပြောင်းလာခြင်း၏ နောက်ဆက်တွဲဆိုးကျိုးမှာ စားရေရိက္ခာ အဓိကထုတ်လုပ်ပေးသည့် ကျေးလက်ဒေသများတွင် လယ်ယာစိုက်ပျိုးရေး လုပ်သားအင်အားပြတ်လပ်လာခြင်းဖြစ်ပါသည်။
ဤစိန်ခေါ်မှုကိုဖြေရှင်းရန်အတွက် စမတ်စီးတီး နည်းပညာများကို မြို့ပြတွင် အကောင်အထည်ဖော် သည့်နည်းတူ ကျေးလက်စိုက်ပျိုးရေးကဏ္ဍတွင်ပါ စမတ်စိုက်ပျိုးရေးစနစ်အဖြစ် တစ်ပြိုင်တည်း တိုးချဲ့ အသုံးချလာကြရပါသည်။ လူသားလုပ်အားနေရာ တွင် စိုက်ပျိုးရေးဒရုန်းများ၊ အလိုအလျောက် သီးနှံ ရိတ်သိမ်းစက်များနှင့် AI အခြေပြု သီးနှံစီမံခန့်ခွဲမှု စနစ်များကို အစားထိုးကာ ရိက္ခာပြတ်လပ်မှုအန္တရာယ် ကိုကာကွယ်ရန် ကြိုးပမ်းလာကြရပါသည်။
ခြုံငုံသုံးသပ်ရလျှင် စမတ်မြို့ပြစနစ်ဆိုသည်မှာ လူသားတို့၏ အနာဂတ်မြို့ပြဘဝ ရေရှည် တည်တံ့ခိုင်မြဲစေရန်အတွက် မရှိမဖြစ်လိုအပ်သော အဖြေတစ်ခုပင်ဖြစ်ပါသည်။ မြို့ပြလူဦးရေ တိုးပွား လာမှုနှင့်အတူ ဖြစ်ပေါ်လာမည့်စိန်ခေါ်မှုများကို နည်းပညာအကူအညီဖြင့် ထိရောက်စွာ ကျော်လွှား နိုင်မည်ဖြစ်ပါတော့သည်။ ။
