မြို့ပြစိုက်ပျိုးမွေးမြူရေး

မြို့ပြစိုက်ပျိုးရေး (Urban Agriculture, Urban Farming, Urban Gardening) ဆိုသည့် သီးနှံစိုက်ပျိုးခြင်းအဓိပ္ပာယ်မှာ အစားအစာ (Food)များကို မြို့ကြီး၊ မြို့ငယ်၊ ကျေးရွာများအနီးတွင် စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ခြင်းဖြစ်ပါသည်။ (Urban agriculture is the practice of cultivating, processing, and distributing food in or around a village, town, or city. Urban agriculture can also involve animal husbandry, aquaculture, agroforestry, and horticulture.) မြို့ပြစိုက်ပျိုးမွေးမြူရေးတွင် ဆင်ခြေဖုံးအရပ်များ (Peri-urban Areas; Suburban Areas)လည်း ပါဝင်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund) ၏ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေ  သန်းရှစ်ထောင် (Eight Billion, 2023) ၏ တစ်ဝက်ကျော်သည် မြို့ပြများ (Cities) တွင် နေထိုင်သူများဖြစ်ပါသည်။ 

မြို့ပြစိုက်ပျိုးရေးမှာ (အထူးသဖြင့် အချိန်တိုအတွင်း စားသုံးနိုင်သည့် ဟင်းသီးဟင်းရွက်များ) ကျေးလက်၊ တောရွာစိုက်ခင်းများတွင် စိုက်ပျိုးရုံမဟုတ်ဘဲ၊ မြို့နေလူထုအားလုံး (လူကြီး၊ လူငယ်၊ ကျောင်းသား၊ ကျောင်းသူ အစရှိသဖြင့်) မိမိအိမ်ရှိ မြေလွတ်များ၊ မြေလွတ်မရှိသည့် တိုက်ခန်းများတွင် ဝရန်တာများ၌ အိုးငယ်လေးများဖြင့် အလွယ်တကူ စိုက်ပျိုးနိုင်သည့် အပင်များကိုလည်း ထည့်သွင်းနိုင်ပါသည်။ ဥပမာ- ခရမ်းချဉ်၊ ငရုတ်ပင်၊ ချဉ်ပေါင်ပင်၊ ဆလပ်ရွက်၊ ရုံးပတီသီး အစရှိသည့်အပင်များဖြစ်ပါသည်။

မြို့ပြစိုက်ပျိုးရေးကို (၃) မျိုး ခွဲခြားနိုင်ပါသည်။

(က) အိမ်ထောင်စု အခြေပြုအစားအသောက်ထုတ်လုပ်ရေး (Home-scale Food Production) တစ်ပိုင်တစ်နိုင်နှင့် လူငယ်ပညာပေးလုပ်ငန်းများဖြစ်ပါသည်။  ဥပမာ – စုပေါင်းဥယျာဉ် (Community Gardens)၊ အိမ်နောက်ဖေးဈေးဆိုင်တည် (Backyard Plots)၊ ကျောင်း/လူငယ်ဥယျာဉ် (School/Educational Youth Gardens)။

(ခ) နည်းစနစ်အခြေပြုပြီးထုတ်လုပ်နည်း (Specialized Techniques and Infrastructure) အိမ်ခြံတွင်း၊ တိုက်ခန်းတွင်း စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပါသည်။ ဥပမာ – တိုက်ခေါင်မိုးပေါ်ဥယျာဉ် (Rooftop garden)၊ မြေမဲ့စိုက်ပျိုးခြင်း (Hydroponics)၊ ငါး၊ ပုဇွန်နှင့် မြေမဲ့အပင် စိုက်ပျိုးခြင်းအား တွဲဖက်ထုတ်လုပ်ခြင်း (Aquaponics)၊ ထောင်လိုက်စိုက်ပျိုးနည်းစနစ်များ (Vertical farming Systems)။ အလင်းရောင်နှင့် ရေရရှိနိုင်သောနေရာများတွင် (Utilization of Spaces) သီးနှံပင်များကို အကျိုးရှိစွာ စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိမြို့ကြီးများတွင် မြေတန်ဖိုးသည် အလွန်ဈေးကြီး၍ (Land is scare and expensive) အိမ်ခေါင်မိုး၊ တိုက်ခေါင်မိုး (Roof of the Buildings)များတွင် စိုက်ပျိုးလာကြခြင်း ဖြစ်ပါသည်။ တစ်ချို့သည် အစားအစာ စိုက်ပျိုးထုတ်လုပ်ဖို့ မဟုတ်ဘဲ အလှအပအတွက် စိုက်ပျိုးကြခြင်း (Ornamental Agriculture and Landscape Agriculture) ဖြစ်သည်။ ထို့အပြင် Aquaponicsဟုခေါ််သော (ငါး၊ ပုဇွန်မွေးမြူခြင်း- Aquaculture)နှင့် မြေမဲ့စိုက်ပျိုးခြင်း(သို့) ရေတွင်စိုက်ပျိုးခြင်း (Hydroponics) ကိုရောစပ်ကာ မိမိအိမ်ခြံဝန်းနှင့် ခေါင်မိုးပေါ်များ၌ စိုက်ပျိုးမွေးမြူသည့်နည်းစနစ်တစ်ခုလည်း ရှိသေးသည်။ ဤစနစ်တွင် ငါး၊ ပုဇွန်မွေးမြူနေသည့်ရေသည် မြေမဲ့စိုက်ပျိုးပင်များထံမရောက်မီ ဘေးထွက်ပစ္စည်းများ၊ အညစ်အကြေးများ၊ အဆိပ်အတောက်များကို နိုင်ထရိုဂျင်အဖြစ် ပြောင်းလဲပေးသည့် ဘက်တီးရီးယား (Nitrifying Bacteria) များက နိုက်ထရိတ်အဖြစ် ပြောင်းလဲပေးလိုက်သဖြင့် အပင်အတွက်လိုအပ်သည့် နိုင်ထရိုဂျင်တစ်စိတ်တစ်ဒေသအဖြစ် ပေးနိုင်ပါသည်။

(ဂ) ဈေးကွက်အခြေပြုထုတ်လုပ်ရေး (Market Farm) ဈေးကွက်တွင်အမြတ်ရအောင် စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ခြင်း ဖြစ်ပါသည် (In ground Production and Selling them for Profits)။

မြို့ပြစိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများမှာ –

  • (က) အစားအသောက်ဘေးကင်းလုံးခြုံမှု (Food Security) ရှိ၍ လတ်ဆတ်ပြီး အန္တရာယ်ကင်းသည့် ဟင်းသီးဟင်းရွက်များကို မိသားစုအားလုံး ကောင်းမွန်စွာ စားသုံးနိုင်ပါမည်။
  • (ခ) ပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေး (Environmental Health) ပိုမိုကောင်းမွန်လာနိုင်ပြီး အပင်များများ စိုက်ပျိုးနိုင်လေ သန့်ရှင်းကောင်းမွန်သောလေများ ရရှိနိုင်လေဖြစ်ပြီး အိမ်ခြံဝန်းရှိသူများက သစ်ပင်ကြီးများကိုပါ စိုက်ပျိုးနိုင်ပါက အပူဒဏ်ကိုလည်း တစ်နည်းတစ်ဖုံ ကာကွယ်ရာရောက်ပါသည်။

လူမှုရေးအကျိုးသက်ရောက်မှု (Social Impact) အနေဖြင့် –

  • (ဂ) အစုအဖွဲ့လိုက် ကျန်းမာမှုကို ပေးစွမ်းနိုင်ပါသည်။ အချို့တိုက်ခေါင်မိုးပေါ်တွင် ဥယျာဉ်ခြံငယ်ကလေး (Roof Garden) ဖန်တီးပြီး စားသုံးသီးနှံ ဟင်းသီးဟင်းရွက်များသာမက ပန်းမန်များဖြစ်သည့် နှင်းဆီ၊ ဂန္ဓမာ၊ မေမြို့၊ စံပယ်နှင့် အလှမြက်ခင်းများကို စိုက်ပျိုးထားရာ အပန်းဖြေစရာနေရာကောင်းအဖြစ် ဖန်တီးထားပါသည်။ အလွန်ကောင်းမွန်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။
  • (ဃ) စားသုံးသောမိသားစုနှင့် နီးကပ်စွာရှိနေ၍ သယ်ယူပို့ဆောင်စရိတ်သက်သာ (Less Transportation) နိုင်ပါသည်။ ဥပမာ – ရန်ကုန်မြို့တွင်း ရထားလမ်း၊ ကားလမ်းဘေးများ၌ ကန်ဇွန်းရွက်များ စိုက်ပျိုးခြင်း။
  • (င) မြို့ပြစိုက်ပျိုး၊ မွေးမြူရေးသည် မြို့နေအောက်ခြေလူတန်းစားများအတွက် အလုပ်အကိုင်အခွင့်အလမ်း (Employment Opportunity in Cities) များ မြို့ပေါ်တွင်နေထိုင်ရင်း ရရှိနိုင်ပါသည်။
  • (စ) တိုက်ခန်းများတွင်နေထိုင်သူအချင်းချင်း အနီးအနားတွင် အတူတကွစိုက်ပျိုးခြင်းဖြင့် ရင်းနှီးမှုလည်းပိုမိုရရှိနိုင်ပါသည် (Social benefits)။
  • (ဆ) ဩဂဲနစ်စွန့်ပစ်ပစ္စည်းများ (Organic Wastes) ဥပမာ – မီးဖိုချောင်စွန့်ပစ်ပစ္စည်းများ – ကြက်သွန်ခွံ၊ ဟင်းသီးဟင်းရွက်အရိုးများ၊ သစ်သီးပုပ်များ၊ ကြက်ဥအခွံများကို သဘာဝမြေဩဇာ (Natural Fertilizers)၊ မြေဆွေး၊ သစ်ရွက်ဆွေး (Compost) စသည်တို့ပြုလုပ်ပြီး အပင်များစိုက်ပျိုးပြုစုခြင်းဖြင့် အမှိုက်ပြဿနာများ တစ်နည်းတစ်လမ်းဖြေရှင်းပေးနိုင်ပါသည်။ ကျွန်တော် ဂျာမနီတွင် ပါရဂူဘွဲယူရန် ကျောင်းတက်စဉ်က အမှုက်ပစ်ရာတွင် ပလတ်စတစ် (Plastics) ကို အဝါရောင်အမှိုက်ပုံး၊ စားကြွင်းစားကျန်နှင့် ဩဂဲနစ်အမှိုက် (Food waste and Organic Matter) ကို အခြားအမှိုက်ပုံး ၊ ပုလင်းအဖြူ (Clear Glass)ကို အဖြူရောင်အမှိုက်ပုံး၊ အရောင်ပါပုလင်း (Colored Glass)ကို အညိုရောင်အမှိုက်ပုံး၊ အစိမ်းရောင်ပုလင်း (Green Glass) ကို အစိမ်းရောင်အမှိုက်ပုံး၊  စက္ကူ၊ စက္ကူချပ် (Paper and Cardboard) ကို အပြာရောင်အမှိုက်ပုံးစသည်ဖြင့် အမှိုက်အမျိုးမျိုးခွဲပစ်ခဲ့ရသည်ကို မှတ်မိနေပါသည်။ 
  • (ဇ) မိတ်ဆွေအစုအဖွဲ့များကို လေ့ကျင့်ပညာပေးခြင်း (Educate Community) ပြုလုပ်နိုင်ပါသည်။ အထူးသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Conservation) အတွက် အကျိုးရှိနိုင်ပါသည်။

သုတေသနပြုချက်များအရ မြို့ပြစိုက်ပျိုးရေးမှ ထိုမြို့ပြများ၏ ဟင်းသီးဟင်းရွက် (Vegetables) လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းအထိ ဖြည့်တင်းပေးနိုင်ပါသည်။ ထိုသို့အိမ်၊ တိုက်ခန်းများမှာနေရင်း ဓာတုအဆိပ်အတောက်ဖြစ်စေနိုင်သည့် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာလည်းကင်းစင်ကာ အစားအစာဘေးကင်းလုံခြုံရေး (Food Safety) လည်းဖြစ်၊ မိမိကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကိုလည်းပေးစွမ်းနိုင်သည့် မြို့ပြစိုက်ပျိုးမွေးမြူရေးကို ပြုလုပ်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” 

Leave a Reply

Your email address will not be published. Required fields are marked *