သွေးကြောရောင်ရမ်းမှုကလည်း နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်

မကောင်းတဲ့ ကိုလက်စထရောပမာဏကို လျှော့ချနိုင်ပေမယ့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေရှိနေဆဲဖြစ်တဲ့ အကြောင်းရင်းကို ဆွီဒင်နိုင်ငံမှ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအရ အဆီသယ်ဆောင်တဲ့ သွေးထဲရှိ အမှုန်အမျိုးအစားနှစ်မျိုးဟာ သွေးကြောရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ဇီဝဖြစ်စဉ်တွေမှာ တူညီတဲ့လက္ခဏာတွေ ရှိနေတယ်လို့ဆိုပါတယ်။

            ဆွီဒင်နိုင်ငံ Chalmers တက္ကသိုလ်မှ သုတေသီတွေဟာ ယခင်နှလုံးရောဂါမဖြစ်ဖူးသူ ၃၅၀၀၀ ခန့်ရဲ့ သွေးနမူနာတွေကို UK Biobank ကနေရယူစစ်ဆေးခဲ့ပါတယ်။ သူတို့က သွေးထဲရှိပရိုတင်းဓာတ် ၃၀၀၀ နီးပါးကိုလေ့လာပြီး မကောင်းတဲ့ ကိုလက်စထရောလို့ လူသိများတဲ့ LDL အပြင် အခြားအဆီသယ်ပစ္စည်းတွေရဲ့ သက်ရောက်မှုကို နှိုင်းယှဉ်ခဲ့တာပါ။

            အဓိကက ထရိုင်ဂလစ်စရိုက်ကြွယ်ဝတဲ့ လစ်ပိုပရိုတင်း (TRL) နဲ့ လစ်ပိုပရိုတင်းအေ (Lp(a)) တို့ကို လေ့လာခဲ့တာပါ။ အဲဒီအမှုန်နှစ်မျိုးမှာ ကိုယ်ခံအားကလာပ်စည်းတွေကို ဆွဲဆောင်နိုင်ပြီး သွေးကြောနံရံတွေမှာ ရောင်ရမ်းမှုနဲ့ ဖွဲ့စည်းပုံပြောင်းလဲမှုတွေကိုဖြစ်စေနိုင်တဲ့ ပရိုတင်းပုံစံတွေ့ရှိပါတယ်။

            ဒီလိုတွေ့ရှိချက်ကြောင့် LDL ပမာဏကို လျှော့ချခြင်းဟာ နှလုံးရောဂါကာကွယ်ရေးမှာ အရေးကြီးနေဆဲဖြစ်ပေမယ့် TRL နဲ့ Lp(a)တို့ရဲ့ သက်ရောက်မှုကိုနားလည်ခြင်းကကုသမှုနဲ့ကာကွယ်ရေးနည်းလမ်းအသစ်တွေ ဖော်ထုတ်ရာမှာအထောက်အကူပြုနိုင်တယ်လို့ ပညာရှင်များကပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *