ကမ္ဘာတဝန်းမှာ နျူကလီးယား စွမ်းအင်ကို အသုံးချဖို့ ကြိုးပမ်းလာကြတာနဲ့အမျှ အသေးစား မိုဂျူလာ နျူကလီးယား ဓာတ်ပေါင်းဖို (Small Modular Reactors – SMRs) တွေ တည်ဆောက်မယ့် အစီအစဉ်တွေ ပိုမို အရှိန်ရလာနေပါတယ်။
SMR ဆိုတာ ဘာလဲ
SMR ဆိုတာ သာမန် နျူကလီးယား စက်ရုံကြီးတွေရဲ့ ၃ ပုံ ၁ ပုံခန့်သာ ရှိတဲ့ အဆင့်မြင့် နျူကလီးယား ဓာတ်ပေါင်းဖို အသေးစားလေးတွေ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ် (0.3 Gigawatts) အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။
ယူရေနီယမ် လို လေးလံတဲ့ အက်တမ်တွေကို ခွဲခြမ်းတဲ့ Nuclear fission နည်းနဲ့ လျှပ်စစ်ထုတ်ယူတာပါ။ ကာဗွန်လောင်စာ ၁ ကီလိုဂရမ် လောင်ကျွမ်းမှုထက် စွမ်းအင် အဆပေါင်း တစ်သန်း ပိုမို ထုတ်ပေးနိုင်ပါတယ်။ နှိုင်းယှဉ်ချက်အနေနဲ့ ပြောရရင် စင်ကာပူနိုင်ငံဟာ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာ လျှပ်စစ်ဓာတ်အား ၁၃ ဂစ်ဂါဝပ် ခန့် ထုတ်လုပ်နိုင်တဲ့ စွမ်းရည် ရှိခဲ့ပါတယ်။
အဓိက အားသာချက်များ
ပိုမိုသေးငယ်ခြင်း – သာမန် ဓာတ်ပေါင်းဖိုတွေထက် နျူကလီးယား ကုန်ကြမ်း ပါဝင်မှု နည်းပါတယ်။ အရေးပေါ် အခြေအနေ ကြုံလာရင်တောင် ရေဒီယိုသတ္တိကြွ ပစ္စည်း ထွက်ပေါ်မှု နည်းပါးပါမယ်။ ဒါကြောင့် အရေးပေါ် ကာကွယ်ရေး ဇုန် (Emergency zone) ကို စက်ရုံနယ်နိမိတ် အထိပဲ ကျဉ်းကျဉ်းလေး သတ်မှတ်ရုံနဲ့ လုံလောက်နိုင်ပါတယ်။ ဒီအချက်ကြောင့် စက်မှုဇုန်တွေ ဒါမှမဟုတ် လူနေထူထပ်တဲ့ မြို့ပြတွေနားမှာပါ တပ်ဆင်လာနိုင်ပါတယ်။
ပိုမိုဘေးကင်းခြင်း (Safer) – SMR အများစုမှာ ကမ္ဘာ့ဆွဲငင်အားလို သဘာဝတရားကို အခြေခံတဲ့ ဘေးကင်းရေး စနစ်တွေ ပါဝင်ပါတယ်။ လူက ထိန်းချုပ်ပေးစရာ မလိုပါဘူး။ အပူချိန်လွန်ကဲလာရင် သဘာဝအတိုင်း လည်ပတ်မှုနဲ့ အပူကို လျှော့ချပေးတဲ့အတွက် မတော်တဆမှု အန္တရာယ်ကို အလိုအလျောက် တားဆီးပေးပါတယ်။
SMR အမျိုးအစား ၄ မျိုး
၁။ ရေအေးပေးစနစ်သုံး ဓာတ်ပေါင်းဖိုများ (Water-cooled reactors)
အလုပ်လုပ်ပုံ – ဓာတ်ပေါင်းဖို အူတိုင်ထဲက ယူရေနီယမ် အက်တမ်တွေကို ခွဲခြမ်းပြီး ပြင်းထန်တဲ့ အပူကို ထုတ်ပေးပါတယ်။ ဖိအားမြင့် ရေတွေက အပူကို သယ်ဆောင်သွားပြီး ရေနွေးငွေ့ ဖြစ်စေပါတယ်။ အဲဒီ ရေနွေးငွေ့နဲ့ တာဘိုင် တွေကို လည်ပတ်စေပြီး လျှပ်စစ်ထုတ်တာပါ။ သာမန် နျူကလီးယား စက်ရုံအများစုမှာ သုံးနေကျ နည်းပညာ ဖြစ်လို့ အကျွမ်းတဝင်ဆုံး စနစ် ဖြစ်ပါတယ်။
လက်တွေ့ အခြေအနေ – တည်ဆောက်ဆဲနဲ့ တီထွင်ဆဲ SMR တွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်က ဒီစနစ်ကို သုံးပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ အတွေ့အကြုံနဲ့ ကုန်ကြမ်း ထောက်ပံ့မှု ကွင်းဆက် ခိုင်မာပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ဘေးကင်းရေး စနစ်တချို့ကိုတော့ ပညာရှင်တွေ ဆက်လက် လေ့လာဖို့ လိုပါသေးတယ်။
ဘေးကင်းမှု – ဓာတ်ပေါင်းဖို ဘေးမှာ ရေပမာဏ အများကြီး သိုလှောင်ထားပါတယ်။ အရေးပေါ် အခြေအနေ ဖြစ်လာရင် စက်ခလုတ် နှိပ်စရာမလိုဘဲ အပူတွေကို ရေက စုပ်ယူပေးနိုင်ပါတယ်။ သာမန် စက်ရုံသုံး လောင်စာကိုပဲ သုံးတာမို့ ဘေးကင်းကြောင်း သက်သေပြပြီးသားပါ။
လက်တွေ့ ဥပမာ: ရုရှားနိုင်ငံရဲ့ KLT-40S ဓာတ်ပေါင်းဖိုဟာ ကမ္ဘာ့ပထမဆုံး ရေပေါ် နျူကလီးယား စက်ရုံဖြစ်ပြီး ၂၀၂၀ ခုနှစ်ကတည်းက ပီဗက် (Pevek) ဆိပ်ကမ်းမြို့မှာ စတင် အသုံးပြုနေပါတယ်။
၂။ အပူချိန်မြင့် ဓာတ်ငွေ့အေးပေးစနစ်သုံး ဓာတ်ပေါင်းဖိုများ (High-temperature gas-cooled reactors)
အလုပ်လုပ်ပုံ – ဟီလီယမ် ဓာတ်ငွေ့ကို ဓာတ်ပေါင်းဖို အူတိုင်ထဲ ဖြတ်သန်းစေပြီး အပူစုပ်ယူပါတယ်။ အရည်မပျော်နိုင်တဲ့ အထူးလောင်စာတွေဆီကနေ အပူချိန် ၁,၀၀၀ ဒီဂရီ စင်တီဂရိတ် အထိ ဆွဲထုတ်နိုင်ပါတယ်။ ဒီအပူနဲ့ စွမ်းဆောင်ရည်မြင့် လျှပ်စစ် ထုတ်နိုင်သလို၊ သံမဏိစက်ရုံနဲ့ သန့်စင်တဲ့ ဟိုက်ဒရိုဂျင် (Hydrogen) ထုတ်လုပ်ရေးလို စက်မှုလုပ်ငန်းကြီးတွေဆီ အပူ တိုက်ရိုက် ပို့ပေးနိုင်ပါတယ်။ စက်မရပ်ဘဲ လောင်စာ အသစ် ဖြည့်သွင်းနိုင်တဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။
လက်တွေ့ အခြေအနေ – HALEU (High-assay low-enriched uranium) လို့ခေါ်တဲ့ အဆင့်မြင့် ယူရေနီယမ် အထူးလောင်စာ လိုအပ်တာက အဓိက အခက်အခဲပါ။ လက်ရှိမှာ ရုရှားနဲ့ တရုတ်တို့ကသာ အများအပြား ထုတ်လုပ်နိုင်ပြီး၊ အမေရိကန်ကတော့ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဘေးကင်းမှု – ရေဒီယိုသတ္တိကြွ လောင်စာတွေကို အလွှာပေါင်းများစွာ အထူး ဖုံးအုပ်ထားတာကြောင့် အပူပြင်းချိန်မှာတောင် မပျက်စီးပါဘူး။ ဟီလီယမ် ဓာတ်ငွေ့က သံချေးမတက်စေပါဘူး။ ဂရပ်ဖိုက် အလွှာတွေကလည်း အပူချိန်ကို ထိန်းညှိပေးလို့ လောင်စာ အပူလွန်ကဲမှုကို ကာကွယ်ပေးပါတယ်။
လက်တွေ့ ဥပမာ – ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ Shandong ပြည်နယ်မှာ စတင်လည်ပတ်ခဲ့တဲ့ HTR-PM ဟာ ဒီနည်းပညာသုံး ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် SMR ဖြစ်ပါတယ်။
၃။ ဆားရည်ပျော်စနစ်သုံး ဓာတ်ပေါင်းဖိုများ (Molten salt reactors)
အလုပ်လုပ်ပုံ – ရေအစား အရည်ပျော်နေတဲ့ ဆားရည်ကို သုံးပြီး အပူသယ်ဆောင်ပါတယ်။ အပူချိန် မြင့်မြင့်နဲ့ ဖိအားနိမ့်နိမ့်မှာ အလုပ်လုပ်နိုင်ပါတယ်။ ဆားရည်က လောင်စာဆီက အပူကို သယ်သွားပေးတာမျိုး သို့မဟုတ် လောင်စာကို ဆားရည်ထဲ တိုက်ရိုက် ဖျော်ထည့်ထားတာမျိုး ဖြစ်ပါတယ်။ အူတိုင်ထဲမှာ နျူကလီးယား ဓာတ်ပြုမှု ဖြစ်ပြီး၊ အရည် အပြင်ထွက်သွားတာနဲ့ ဓာတ်ပြုမှု အလိုအလျောက် ရပ်တန့်သွားပါတယ်။
လက်တွေ့ အခြေအနေ – ဆားရည်ကို သန့်စင်နည်းနဲ့ လောင်စာ စီမံခန့်ခွဲမှုတွေကို သုတေသန လုပ်နေဆဲပါ။ ဆားရည်ကြောင့် သတ္တုတွေ ပျက်စီးဆွေးမြေ့နိုင်တဲ့ အခက်အခဲ ရှိပါတယ်။ HALEU လောင်စာ အပေါ် မှီခိုနေရလို့ ထောက်ပံ့ရေး အခက်အခဲလည်း ကြုံနိုင်ပါတယ်။
ဘေးကင်းမှု – ဖိအားနည်းနည်းနဲ့သာ လည်ပတ်တာမို့ ဖိအားလွန်ပြီး ပေါက်ကွဲမယ့် အန္တရာယ် မရှိပါဘူး။ ဆားရည် ပူလာတာနဲ့အမျှ သဘာဝအတိုင်း ထုထည် ပွလာပြီး ဓာတ်ပြုမှု နှေးသွားပါတယ်။ အပူချိန် သတ်မှတ်ချက် ကျော်သွားရင် စက်က အလိုအလျောက် ရပ်သွားပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည် သန့်စင်သုံးစွဲနိုင်လို့ ရေရှည် နျူကလီးယား စွန့်ပစ်ပစ္စည်း ပမာဏကို လျှော့ချပေးနိုင်ပါတယ်။
လက်တွေ့ ဥပမာ – အမေရိကန် Tennessee ပြည်နယ်၊ Oak Ridge မှာ တည်ဆောက်နေတဲ့ Hermes 2 စမ်းသပ် ဓာတ်ပေါင်းဖို ဖြစ်ပါတယ်။
၄။ သတ္တုရည်အေးပေးစနစ်သုံး အမြန်ဓာတ်ပေါင်းဖိုများ (Liquid metal-cooled fast reactors)
အလုပ်လုပ်ပုံ – ရေအစား ဆိုဒီယမ် သို့မဟုတ် ခဲ (Lead) လို အရည်ပျော် သတ္တုရည်တွေကို သုံးပြီး အပူသယ်ဆောင်ပါတယ်။ စွမ်းဆောင်ရည် အလွန်မြင့်မားပြီး လောင်စာထဲကနေ စွမ်းအင် အများဆုံး ထုတ်ယူပေးနိုင်ပါတယ်။
လက်တွေ့ အခြေအနေ – ဆိုဒီယမ် သုံးတဲ့ စနစ်က အသုံးပြုမှု သမိုင်းကြောင်း ပိုများပေမဲ့၊ ခဲရည် သုံးတဲ့ စနစ်ကတော့ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။
ဘေးကင်းမှု – ဖိအားနိမ့်နိမ့်နဲ့သာ လည်ပတ်တာမို့ ပေါက်ကွဲမှု အန္တရာယ် မရှိပါဘူး။ အပူချိန် မြင့်တက်လာရင် အလိုအလျောက် ရပ်တန့်သွားနိုင်တဲ့ ဘေးကင်းရေး စနစ်တွေ ပါဝင်ပါတယ်။ နျူကလီးယား စွန့်ပစ်ပစ္စည်း ထွက်ရှိမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
လက်တွေ့ ဥပမာ – ရုရှားနိုင်ငံ Seversk မှာ တည်ဆောက်နေတဲ့ ခဲရည်သုံး BREST-OD-300 ဓာတ်ပေါင်းဖို ဖြစ်ပါတယ်။
