မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်နှင့် ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၃)ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (အောက်တိုဘာ ၂၅ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island) ၏ အနောက်မြောက်ဘက် ရေမိုင် (၁၅၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၄၆၅) မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၅၂၀) မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့(အောက်တိုဘာ ၂၅ရက်)မှ (၂၉)အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများ တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် တောင်ဘက်ယွန်းယွန်းသို့ရွေ့လျားနိုင်ပြီး လာမည့် (၁၈) နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ အနောက်-အနောက်မြောက်ဘက်သို့ပြန်ကွေ့ကာ လာမည့် (အောက်တိုဘာ ၂၆ ရက်) တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ရောက်ရှိနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း၊ လာမည့် (အောက်တိုဘာ ၂၇ ရက်) တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း သိရသည်။
ထို့ပြင် (အောက်တိုဘာ ၂၈)ရက်တွင် အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေအနီးတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ကာ နေ့လယ်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်နှင့် ရနမ်ကမ်းခြေတို့ကို ဘပတ်လမြို့နှင့် ဗီဆာကာပတ္တနမ်မြို့ တို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
ထို့ကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။

