လူ ၅ သိန်းခွဲပါဝင်သည့် ပြင်သစ်ဆန္ဒပြပွဲများတွင် လူ ၄၀၀ ခန့်ကိုဖမ်းဆီးထား

ပြင်သစ်နိုင်ငံတစ်ဝန်း၌ အောက်တိုဘာလ ၁၇ ရက်တွင်ဖြစ်ပွားသော ဆန္ဒပြမှုများအတွင်း လူပေါင်း ၅ သိန်းခွဲပါဝင်ကြောင်းပြင်သစ်ပြည်ထဲရေးဝန်ကြီး လောရန့်နူနန့်ကပြောသည်။ ဆန္ဒပြပွဲသည် ဆူပူမှုအထိကူးပြောင်းလာပြီး ဆန္ဒပြသူများအနက်လူ ၄၀၀ ခန့်ကို တာဝန်ရှိသူများကဖမ်းဆီးထားသည်။ ထို့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်အယောက် ၆၀ ခန့်မှာလည်း ဒဏ်ရာများရရှိခဲ့သည်။

ပြင်သစ်နိုင်ငံတစ်ဝန်း၌ဖြစ်ပွားသော ဆန္ဒပြမှုများတွင် လယ်သမားများ၊ ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူများ၊ ကုန်သွယ်ရေးသမဂ္ဂများနှင့် ကျောင်းသားများပါဝင်သည်။ ဆန္ဒပြသူများသည် လောင်စာဆီဈေးနှုန်းများလျှော့ချရေး၊ လူနေမှုစရိတ်များကျဆင်းစေရေး၊ ပညာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေးတို့ကို တောင်းဆိုခြင်းဖြစ်သည်။

သို့သော်ဆန္ဒပြသူများသည် ပြည်သူပိုင်အဆောက်အအုံများ၊ ရဲစခန်းများနှင့် ဈေးဆိုင်များကို တိုက်ခိုက်မှုများလုပ်ဆောင်လာသည်။ အလားတူ မာဆေး၊ လီလီ၊ ကာလေ့နှင့် အန်ဂါမြို့တို့ရှိ မြို့တော်ခန်းမများအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းနှင့်ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခြင်းတို့ကိုပါ လုပ်ဆောင်လာသည်။ အဆိုပါအခြေအနေကိုအခွင့်ကောင်းယူသူများကလည်းမြို့များစွာရှိ ဆိုင်များစွာကိုလုယက်ခိုးယူမှုများလုပ်ဆောင်လာသည်ဟု ပြည်ထဲရေးဝန်ကြီးကပြောသည်။

ထိုဆန္ဒပြမှုများကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ခေတ္တမျှရပ်တန့်နှောင့်နှေးခဲ့ရပြီး မြေအောက်ရထားလိုင်းများကိုလည်း ခေတ္တရပ်ဆိုင်းခဲ့ရသည်။  ထို့နောက်  ပြင်သစ်သမ္မတအမ်မန်နူယယ်မက်ခရွန်က ဆူပူမှုများကိုလုပ်သည့်အတွက် ခွင့်လွှတ်ပေးမည်မဟုတ်ကြောင်း၊ အဆောက်အအုံများကိုဖျက်ဆီးသူများ၊ အစိုးရရုံးများနှင့်ဈေးဆိုင်များကိုကိုတိုက်ခိုက်သူများ၊ မြို့တော်ခန်းမများကို ကျူးကျော်သူများအားလုံးကို တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်သွားမည်ဟုပြောထားကြောင်းသိရသည်။Ref: Xinhua

Leave a Reply

Your email address will not be published. Required fields are marked *