ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ရေလှောင်တမံ၏တမံပေါင်နိမ့်ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှဆည်ရေများလျှော့ချလျက်ရှိပြီး ရေလှောင်တမံ၏ ဆင်ခြေလျှောနိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
တမံ၏အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံလျော့အိကျနေရာတစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းဒဏ်မခံရစေရန်အတွက် မိုးရေကာဖျင်များစနစ်တကျ အုပ်မိုးကာကွယ်ခြင်း၊ တမံလျော့အိကျမှုအား ကာကွယ်ထိန်းသိမ်းရန်နှင့်တမံအောက်ခြေဆင်ခြေလျှော၏ အပြင်ဘက်မှတမံတာအောက်ခြေအား ပိုမိုခိုင်မာတောင့်တင်းမှုရှိစေရန် မြေသားတမံပုံစံဆောင်ရွက်ခြင်းတို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဒေသခံပြည်သူများပူးပေါင်းကာ စက်ယန္တရားများအသုံးပြု၍ ယနေ့တွင် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံရေပြင်၏နိမ့်မြင့်အမှတ် ၃၁၅ ပေမှ သိုလှောင်ရေ ၁၀ ပေလျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာ ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် တမံရှိရေ ၃၀၄ ဒသမ ၄ ပေသာ ကျန်ရှိတော့သဖြင့် ၁၀ ဒသမ ၆ ပေခန့်လျော့နည်းသွားကြောင်း သတင်းရရှိသည်။
