ဂျပန်နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သီးနှံမျိုးများ ခိုးယူစိုက်ပျိုးခံနေရ

စပျစ်သီးမှစ၍ တန်ဖိုးကြီး စတော်ဘယ်ရီသီးများအထိ ဂျပန်နိုင်ငံ၏ အဖိုးတန်ဆုံး သီးနှံမျိုးစိတ်များကို ပြည်ပနိုင်ငံများတွင် ခိုးယူစိုက်ပျိုးနေကြသည်။ ယခုအခါ ယင်းလုပ်ရပ်ကို ဂျပန်အစိုးရက အပြီးတိုင် ဟန့်တားရန် ကြိုးပမ်းလာပြီဖြစ်သည်။  ဂျပန်နိုင်ငံတွင် တီထွင်ဖန်တီးထားသော အမှတ်တံဆိပ်ပါ လယ်ယာထွက်ကုန်များနှင့် သီးနှံမျိုးစိတ်များ ပြည်ပသို့ ပေါက်ကြားမှုမှာ အရှိန်အဟုန် မြင့်တက်လျက်ရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထိုအချက်သည် ဂျပန်၏ ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍအပေါ် ထိခိုက်နစ်နာမှုမှာ အလွန်ကြီးမားလှသည်။

ဥပမာအားဖြင့် ယခင်က ပေါက်ကြားမှုရှိခဲ့ကြောင်း အတည်ပြုထားသည့် ပရီမီယံ 'Shine Muscat' စပျစ်သီးမျိုးစိတ်များကို ယခုအခါ တရုတ်နိုင်ငံတွင် စီးပွားဖြစ် အကြီးအကျယ် စိုက်ပျိုးနေကြပြီး ယင်းအတွက် ဂျပန်နိုင်ငံမှာ နှစ်စဉ် ယန်း ဘီလီယံ ၂၀ (အမေရိကန်ဒေါ်လာ ၁၃၅ သန်းခန့်) ဆုံးရှုံးနေရသည်။

ဂျပန် ပြည်တွင်း၌ တီထွင်ထားသော မျိုးစေ့များနှင့် ပျိုးပင်များကို ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်းအား ကာလကြာရှည်စွာ တားမြစ်ထားသော်လည်း ပေါက်ကြားမှုများက ဆက်တိုက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကောက်ယူခဲ့သော စစ်တမ်းအရ ပြည်တွင်း၌ ဖန်တီးထားသော သစ်သီးနှင့် အခြားထွက်ကုန် မျိုးစိတ် ၅၀ ခန့် ပြည်ပသို့ ပေါက်ကြားသွားဖွယ်ရှိကြောင်း တွေ့ရှိရပြီး၊ ဤအရေအတွက်မှာ ၂၀၂၀ ပြည့်နှစ် စစ်တမ်းထက် ပိုမိုတိုးလာခြင်းဖြစ်သည်။ အချို့သော မျိုးစိတ်များဆိုလျှင် မှတ်ပုံမတင်ရသေးမီကပင် ပစ်မှတ်ထား ခိုးယူခံရသည်ဟု ယူဆရသည်။

ထို့ကြောင့် အစိုးရအနေဖြင့် မျိုးစိတ်သစ်များ မှတ်ပုံမတင်ရသေးမီကပင် ခွင့်ပြုချက်မရှိဘဲ တင်ပို့မှုများကို ပိတ်ပင်နိုင်မည့် ဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းရန် ကြိုးပမ်းနေသည်။ ယင်းဥပဒေကြမ်းတွင် လျှောက်လွှာတင်သည့်အချိန်မှစ၍ ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးထားသော မျိုးစေ့များ၊ ပျိုးပင်များနှင့် ရိတ်သိမ်းပြီးသော ထွက်ကုန်များကို တရားမကြောင်းအရ တရားစွဲဆိုမှုမှတစ်ဆင့် တားမြစ်ပိတ်ပင်ခွင့်နှင့် ဖျက်ဆီးခွင့်ပြုမည့် အချက်များ ပါဝင်လာမည်ဖြစ်သည်။ တီထွင်သူများကိုယ်စား အပင်မျိုးစပ်သူများ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းထားသော အထူးအဖွဲ့အစည်းတစ်ခုကိုလည်း ဩဂုတ်လတွင် စတင်ဖွဲ့စည်းမည်ဖြစ်သည်။ ဤအဖွဲ့သည် ပြည်တွင်းပြည်ပရှိ တရားမဝင် စိုက်ပျိုးမှုများကို စောင့်ကြည့်ပြီး ချိုးဖောက်မှုများ တွေ့ရှိပါက တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် ဂျပန်မျိုးစိတ်သစ်များကို တရားဝင် လိုင်စင်ထုတ်ပေးခြင်းနှင့် မူပိုင်ခွင့်ကြေးများ (royalties) ကောက်ခံခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ဤနည်းဖြင့် ရရှိလာသော မူပိုင်ခွင့်ကြေးများကို မျိုးစိတ်သစ်များ ထပ်မံဖန်တီးနိုင်ရန် တီထွင်သူများထံ ပြန်လည်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်“

Leave a Reply

Your email address will not be published. Required fields are marked *