ပေါ်တူဂီအသင်းနည်းပြဂျီးဆပ် က အသင်းအတွက်ကစားပေးမည်ဆိုပါက စီရော်နယ်ဒိုအား အမြဲကြို ဆိုနေမည်ဟု ပြောကြားခဲ့သည်။စီရော်နယ်ဒိုသည် ယခုလအတွင်း ကျင်းပနေသည့် ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ၌ ပေါ်တူဂီအသင်းကစားသမားစာရင်းတွင်ပါဝင်လာပြီး အသင်းနှင့် ပူးပေါင်းခဲ့သော်လည်း ဝေးလ်အသင်း နှင့် ပွဲစဉ်တစ်ပွဲသာ ပါဝင်ကစားခဲ့ရသည်။
စီရော်နယ်ဒိုသည် နော်ဝေအသင်း နှင့်ပွဲစဉ်၌ ပွဲထွက်ကစားခွင့်မရရှိသည့်အတွက် ပွဲစဉ်အပြီးတွင် အသင်း ပရိသတ်များနှင့် အသင်းဖော်များကို နှုတ်ဆက်ခြင်းမရှိဘဲအဝတ်လဲခန်း အတွင်းသို့ ချက်ချင်းဝင်ရောက်ခဲ့သည်။ စီရော်နယ်ဒိုသည် အောက်တိုဘာလ ၂ ရက်က ကစားခဲ့သည့် ဒိန်းမတ်အသင်း နှင့် ပွဲစဉ်မတိုင်မီကလည်း အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်ခြင်းမရှိဘဲကစားသမားစာရင်းမှ နုတ်ထွက်ကာ စပိန်နိုင်ငံသို့ သွားရောက်ခဲ့သည်။
ထို့နောက် နည်းပြဂျီးဆပ်နှင့် စီရော်နယ်ဒို၏ ဆက်ဆံရေးတင်းမာမှုများ ပိုမိုမြင့်တက်လာပြီးပေါ်တူဂီနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများကပင် နည်းပြဂျီးဆပ်နှင့် စီရော်နယ်ဒိုတို့ကြားယခုရက်သတ္တပတ်အတွင်း သီးသန့်တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်မည်ဟု စေ့စပ်ညှိနှိုင်းခဲ့သည်။
သို့သော် စီရော်နယ်ဒိုကအသင်း နှင့် ပြန်လည်ပူးပေါင်းခြင်းမရှိဘဲ ဆော်ဒီနိုင်ငံသို့သွားရောက်ကာ အယ်နာဆာအသင်း နှင့် ပြန်လည်ပူးပေါင်းမှုကိုပြုလုပ်ခဲ့သည်။ပေါ်တူဂီနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌပရိုအန်ကာကလည်း စီရော်နယ်ဒိုနှင့် နည်းပြဂျီးဆပ်တို့ကြားနားလည်မှုလွဲမှားနေခြင်းသာဖြစ်ပြီး မကြာမီတွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ပြီးလျှင်ပြဿနာများ ပြန်လည်ပြေလည်သွားမည်ဟုပြောကြားခဲ့သည်။
နည်းပြဂျီးဆပ်က “စီရော်နယ်ဒိုက ပေါ်တူဂီအသင်းအတွက်အထိမ်းအမှတ် ကစားသမားတစ်ဦးဆိုတာ သိပါတယ်။သူအသင်းအတွက် ကစားပေးမယ်ဆိုရင် ကျွန်တော့်ဘက်က အမြဲတံခါးဖွင့်ကြိုဆိုနေမှာပါ။သူကဘယ်လိုအဆင့်အတန်းရှိတဲ့ ကစားသမားလဲဆိုတာ ကျွန်တော်သိ ပြီးသားပါ” ဟု ပြော သည်။
စီရော်နယ်ဒိုကိုယ်တိုင်ကလည်း လက်ရှိအချိန်ထိပေါ်တူဂီအသင်း ကစားသမားဘဝမှအပြီးတိုင် အနားယူရန်ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်းသိရသည်။
