နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
( ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက် )
ချစ်ခင်လေးစားအပ်ပါသော ဆရာ၊ ဆရာမများခင်ဗျာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့မင်္ဂလာအခါသမယ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများ အားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သပါသည်။ ယနေ့ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် စသည့် ခမ်းနားထည်ဝါ မြင့်မြတ်လှသော ဂုဏ်အင်အနန္တတို့ကို မော်ကွန်းတင် ချီးမြှောက်သည့် ကျက်သရေမင်္ဂလာနှင့် ဝေဖြာထူးမြတ်လှသော ကမ္ဘာ့ဆရာများနေ့ဖြစ်ပါသည်။
ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကမ္ဘာအနှံ့ကျင်းပခဲ့ပြီး ဆရာတို့၏ ကောင်းမြတ်သော ဂုဏ်သတင်းကို ချီးမွမ်းထောမနာပြုခဲ့ကြသည်မှာ ၃၃ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ဂုဏ်ပြုကျင်းပခဲ့သည်မှာ ယခုဆိုလျှင် ၂၄ နှစ်ရှိခဲ့ပြီ ဖြစ်ပါသည်။ ဆရာဆရာမများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ပညာတတ်လူ့စွမ်းအား အရင်းအမြစ်များကို အစဉ်ပြုစုပျိုးထောင်ပေးနေကြသော ပုဂ္ဂိုလ်များဖြစ်ကြပါသည်။ နိုင်ငံနှင့် လူမျိုးအကျိုးကို ပညာဖြင့် ခေတ်အဆက်ဆက် သယ်ပိုးထမ်းရွက်ခဲ့ကြသည့် ဆရာ ဆရာမများ၏ စွမ်းရည်စွမ်းပကားကို လေးစားဂုဏ်ပြုအပ်ပါသည်။
မြတ်ဆရာဟူသည် လူအများကို ဉာဏ်ပညာအလင်း ဆောင်ကြဉ်းပေးပြီး လောဘကင်းအောင် လမ်းပြနိုင်သူ၊ ဒေါသကို ဖြေဖျောက်နိုင်ပြီး သည်းခံခွင့်လွှတ်တတ်အောင် လေ့ကျင့်သင်ကြားပေးသူ၊ မောဟ အမိုက်အမှောင်ကို ဖယ်ရှား၍ လမ်းမှန်ရောက်အောင် တည့်မတ်ထိန်းကျောင်းပေးနိုင်သူဖြစ်ပါသည်။ “ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု” ဟူသည့် နာယကဂုဏ် (၆)ပါးနှင့် ပြည့်စုံပြီး “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာအပ်ပို့” ဟူသည့် ကျင့်ဝတ်ငါးဖြာနှင့်အညီ အာစရိယဂိုဏ်းဝင် ကျေးဇူးရှင်များ ဖြစ်ပါသည်။ ထို့ပြင် ကြားမြင်သုတရှိခြင်း၊ အတတ်ပညာပြည့်ဝခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ မှန်ကန်၍ အကျိုးရှိသောစကားကိုသာ ဆိုတတ်ခြင်း စသည့် ဂုဏ်အရည်အချင်းတို့နှင့်လည်း ပြည့်စုံသူများဖြစ်ကြပါသည်။
ဆရာတို့၏ မွန်မြတ်သောဂုဏ်ကို မဃဒေဝလင်္ကာတွင် “ရှေးရှု မေတ္တာ ကရုဏာနှင့် နာနာကျင်ကျင် အပြစ်မြင်တိုင်း ဝမ်းတွင်မသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော့” ဟု ချီးကျူးဖွဲ့ဆိုထားပါသည်။ မြန်မာ့ယဉ်ကျေးမှု၏ ဂုဏ်ဒြပ်တစ်ခုအဖြစ် အနန္တောအနန္တဂိုဏ်းဝင် အာစရိယ ဆရာသခင် ကျေးဇူးရှင်တို့ကို ဂါရဝတရား၊ နိဝါတတရား ဦးထိပ်ထား၍ ရှေးပဝေသဏီကပင် ရိုးရာအစဉ်အလာဖြင့် လေးစားရိုသေ ပူဇော်ကန်တော့ခဲ့ကြသည်မှာ နှစ်ပေါင်းရှည်ကြာခိုင်မြဲခဲ့ပြီဖြစ်ပါသည်။
ဆရာဟူသော ဝေါဟာရသည် “ဆာယာ” ဟူသော ပါဠိစကားလုံးမှ ဆင်းသက်လာပြီး “လုံခြုံအေးမြခြင်းကို ပေးစွမ်းသည့် အရိပ်” ဟု အဓိပ္ပာယ်ရပါသည်။ မြန်မာအဘိဓာန်တွင်လည်း “ပညာသင်ကြား ပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြသသူ” ဟု ဖွင့်ဆိုထားပါသည်။ လောကီ၊ လောကုတ် အကျိုးတိုးပွားစေသည့် ပညာရပ်အထွေထွေကို ဆရာများထံမှသာ နည်းနာခံယူ ဆည်းပူးကြရသည်ဖြစ်ရာ ဤလောက မြေမဟီတွင် ဆရာနှင့်ကင်းသောသူ၊ ဆရာ မရှိသောသူဟူ၍ မရှိနိုင်ပါ။
ဆရာများသည် “စာကိုလည်းသင်၊ လူလည်းပြင်” ဆိုသည့်အတိုင်း မိမိတို့၏ တပည့်များကို ရင်ဝယ်ဖြစ်ငြားမွေးသည့် သားသမီးရင်းချာ ကဲ့သို့ ကျောသား၊ ရင်သား မခွဲခြားဘဲ စာပေထူးချွန်ရုံသာမက အသိပညာ၊အတတ်ပညာ ပြည့်ဝအောင် သင်ကြားပေးကြရပါသည်။ “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား” ဟူသည့် မြန်မာ့စိတ်ထားကို စိတ်သန္တာန်တွင် စိမ့်ဝင်ကိန်းအောင်းစေရန်ကိုလည်း သွန်သင်ဆုံးမပေးကြပါသည်။ တပည့်များ၏ အနာဂတ်ဘဝတိုးတက်မြင့်မားပြီး တန်ဖိုးမြင့်လူသားကောင်းများအဖြစ် လူမှုအသိုက်အဝန်းကို အကျိုးပြုနိုင်ရေး လမ်းညွှန်ပြသပေးကြရပါသည်။ နိုင်ငံ့မျိုးဆက်သစ်များကို ထူးချွန်ထက်မြက်သည့် လူကောင်းလူတော် ဖြစ်လာစေရန်၊ အတ္တ ပရ မျှတ၍ လူမှုရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံစေရန် လေ့ကျင့်ပျိုးထောင်ပေးကြရပါသည်။ ထို့ကြောင့် ဆရာများသည် “ပညာရေး၏ နှလုံးသား၊ အနာဂတ်၏ ပဲ့ကိုင်ရှင်၊ နိုင်ငံ၏ အဓိကမဏ္ဍိုင်” ပင် ဖြစ်ပါသည်။
စာသင်ခန်းများသည် နိုင်ငံ၏အနာဂတ်ကို ထုဆစ်ပုံဖော်ရာနေရာများဖြစ်ပြီးဆရာများသည် နိုင်ငံ့ခေါင်းဆောင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများကို လေ့ကျင့်မွေးထုတ်ပေးသည့် ရှေ့ဆောင်လမ်းပြများဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ခံယူချက်၊ ယုံကြည်ချက်နှင့်စိတ်နေသဘောထားကောင်းမွန်မှန်ကန်ပြီး ဆရာကျင့်ဝတ်နှင့်ပြည့်စုံသည့် ဆရာကောင်း၊ ဆရာမွန်များစွာ လိုအပ်ပါသည်။
နိုင်ငံတော်အနေဖြင့် ၂၁ ရာစု ပညာခေတ်တွင် သိပ္ပံနှင့်နည်းပညာ ပြိုင်ဆိုင်မှုအားကောင်းလာသည့်ယနေ့ ကမ္ဘာ့အခင်းအကျင်းနှင့် လိုက်လျော ညီထွေ ပါဝင်နိုင်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော ပညာရေးအဆင့်အတန်းတစ်ခုဖြစ်ပေါ်လာစေရန် ဆရာများ၏ အခန်းကဏ္ဍနှင့်အခွင့်အရေးများကို တန်းတူညီမျှ မြှင့်တင်ပေးလျက်ရှိပါသည်။ ပညာရေးကိုမြှင့်တင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းသာယာဝပြောရေးအတွက် ခိုင်မာစွာအုတ်မြစ်ချခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ဆရာများ၏အသံကို အလေးထားပြီး ဆရာများ၏ လူမှုဘဝအဆင်ပြေကောင်းမွန်စေရေးနှင့် စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။ အထူးသဖြင့် ဒီဂျစ်တယ်စွမ်းရည်များ၊ သုတေသနအခြေပြုသင်ကြားနည်းများ ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရေးနှင့် တွေးခေါ်မြော်မြင် နိုင်စွမ်းမြင့်မားရေးအတွက် အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိပါသည်။
နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ဘဏ္ဍာငွေကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံပြီး အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာနှင့် သုတေသန စသည့် ကဏ္ဍစုံ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံအတွင်း အကြားအလပ်မရှိ အပြည့်အဝရရှိခံစားနိုင်ရန် အခြေခံပညာကဏ္ဍတွင် အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်ပေးလျက်ရှိပါသည်။ ကျောင်းသားလူငယ်များကို တန်ဖိုးမဖြတ်နိုင် သည့်လူ့စွမ်းအားအရင်းအမြစ်များဟု ယုံကြည်ခံယူထားပြီး အခြေခံပညာကျောင်းများကို Smart School များဖြစ်စေရေး၊ တက္ကသိုလ် ကောလိပ်များကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်ဝသည့် သင်ယူမှုဝန်းကျင်ကောင်းများဖြစ်စေရေး အားပေးမြှင့်တင်သွားမည်ဖြစ်ပါသည်။
ဆရာများအား လစာအပြင် ပညာအရည်အချင်းအလိုက် ခံစားခွင့်များထပ်ဆောင်းချီးမြှင့်ခြင်း၊ ဝတ်စုံစရိတ်၊ အိမ်ငှားစရိတ်ထောက်ပံ့ပေးခြင်း၊ ပြည်တွင်း ပြည်ပ ပညာသင်ယူမှုအခွင့်အလမ်းများ တိုးမြှင့်ပေးခြင်း၊ ထူးချွန်ထက်မြက်သည့် ပညာရေးမိသားစုဝင် သားသမီးများအား နှစ်စဉ်ဂုဏ်ပြုဆုချီးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆရာများ၏ ဂုဏ်သိက္ခာရှိမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှု၊ တာဝန်ကျေပွန်မှုများကို အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များနှင့် ထူးချွန်ဆရာများကို စိစစ်ရွေးချယ်ပြီး နှစ်စဉ်ဂုဏ်ပြုချီးမြှောက်ပေးလျက်ရှိပါသည်။ ထို့ပြင် ဆရာများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံပြီး ဆရာ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နိုင်ရေးအတွက် ဆရာ့လုပ်ငန်းခွင်အခြေအနေများ သာလွန်ကောင်းမွန်လာစေရေးတို့ကိုလည်း ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်ပါသည်။
“တိုင်းပြည် တည်ငြိမ်အေးချမ်းရေး”နှင့် “နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုရရှိရေး” တို့ကို ဦးစားပေး ရည်မှန်းချက် နှစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်ဖော်ဆောင်နေချိန်တွင် အသိဉာဏ်ပညာ ဆင်ခြင်တုံတရားမြင့်မားပြီး ငြိမ်းချမ်းရေး အခြေခံအသိရှိသော ဆရာ ဆရာမများနှင့် ကျောင်းသားလူငယ်များသည် နိုင်ငံ့အတွက် စွမ်းအားမြင့်သည့် အားအင်တစ်ရပ်ဖြစ်ပါသည်။ အမျိုးသားပညာရေးစနစ်၏ ပင်မထောက်တိုင်များဖြစ်သည့် ဆရာဆရာမများအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို သိရှိလိုက်နာပြီး အသိပညာများ လက်ဆင့်ကမ်းဖြန့်ဝေပေးရန် တာဝန်ရှိပါသည်။ ပညာရေး၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” ဆိုသည့်အတိုင်း မိမိတို့၏ တပည့်များကို စည်းကမ်းကောင်းမွန်ပြီး ဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသားများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်လည်း လိုအပ်ပါသည်။ အမျိုးသား အကျိုးစီးပွားကို အစဉ်ရှေးရှုပြီး နိုင်ငံနှင့် ပညာရေးအပေါ် သစ္စာရှိရှိ တာဝန်ကျေပွန်ရန် အရေးကြီးပါသည်။
ဆရာဆရာမများအနေဖြင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ကောင်းစွာသိရှိပြီး ပညာရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ထို့ပြင် ဒီမိုကရေစီကျင့်စဉ်များကို မိမိတို့ကိုယ်တိုင်သာမက ကျောင်းသားလူငယ်များပါ ကျင့်သုံးလိုက်နာနိုင်ရေး ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ပါသည်။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်းရှိပြီး ဆရာ အတတ်ပညာ ပြည့်စုံကုံလုံအောင် အစဉ်လေ့လာသင်ယူကြရန် လိုအပ်ပါသည်။ အရည်အသွေးမြှင့်တင်ပေးသည့် သင်တန်းများ၊ ဆွေးနွေးပွဲများကိုလည်း စိတ်ဝင်တစားတက်ရောက်ပြီး ပညာရေးကဏ္ဍတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ကျောင်းသားလူငယ်များ အနာဂတ်တွင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေကို လေးစားလိုက်နာတတ်စေရေးအတွက် သွန်သင်ဆုံးမ ဗဟုသုတမျှဝေပေးနိုင်ရန် ဆရာ ဆရာမများ ကိုယ်တိုင်စာပေဖတ်ရှုခြင်းနှင့် ဗဟုသုတရှာမှီးလေ့လာထားရန် လိုအပ်မည်ဖြစ်ကြောင်းကိုလည်း အသိပေးမှာကြားလိုပါသည်။
ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်စေရေး၊ ကျောင်းထွက်နှုန်း လျော့ကျစေရေး၊ နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးမြောက်အောင် သင်ယူနိုင်စေရေး၊ အဆင့်မြင့်ပညာ တက်ရောက်နေသူများကို ပြီးဆုံးအောင် သင်ကြားကြစေရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို သင်ယူခွင့်ရရှိနိုင်စေရေးတို့သည် ပညာရေးဌာနနှင့် တိုက်ရိုက် သက်ဆိုင်နေသည့်အတွက် ဆရာ၊ ဆရာမများအနေဖြင့် ထမ်းဆောင်ရမည့် တာဝန်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဦးလည်မသုန် ထမ်းရွက်ကြပါရန် တိုက်တွန်းလိုပါသည်။
နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍတိုးမြှင့်လာစေရေးအတွက် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအသစ်ကို ပြင်ဆင်ဖွဲ့စည်းထားပါသည်။ သို့ဖြစ်ရာ ထူးချွန်ထက်မြက်သည့် အသိ ပညာရှင်၊ အတတ်ပညာရှင်အရေအတွက် များစွာ မွေးထုတ်နိုင်ရေး ဆက်လက်အားပေးဆောင်ရွက်သွားကြရန် အရေးကြီးပါသည်။ ကျွမ်းကျင်ပညာရှင်များ၏ စုပေါင်းစွမ်းအားဖြင့် တစ်နိုင်ငံလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာစေရန် ဆရာ ဆရာမများ၊ မိဘပြည်သူများနှင့် တာဝန်ရှိသူများအားလုံးက လက်တွဲညီညီ ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
ဆရာများသည် “ပညာဖြင့် အသက်မွေးခြင်းသည် အမြတ်ဆုံး ဖြစ်သည်”ဟူသောထုံးကို နှလုံးမူခံယူပြီး ပညာ၏ အနှစ်သာရအမှန် ကိုနက်ရှိုင်းစွာ နားလည်သဘောပေါက် ခံယူထားကြသူများ ဖြစ်ကြပါသည်။ မိမိတို့၏ တပည့်များအပေါ် ပညာတတ်စေလိုသော စေတနာ၊ လိမ္မာယဉ်ကျေးစေလိုသော မေတ္တာ၊ ကြင်နာသနားတတ်သော ကရုဏာများဖြင့် ဆုံးမသွန်သင် ပဲ့ပြင်တတ်သော အာစရိယဆရာ၊ ဥပဇ္ဈာယ်ဆရာများဖြစ်ထိုက်သည့် အရည်အသွေးများ ပြည့်ဝအောင် ကျင့်ကြံသွားကြရမည် ဖြစ်ပါသည်။ နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်များအတွက် အမြင်ကျယ်ကျယ် ရှုမြင်မျှော်တွေးနိုင်စွမ်းရှိသည့် ပင်ကို အသိ၊ ဆင်ခြင်ဉာဏ်သတိများကို နှလုံးအိမ်တွင် ထာဝစဉ်ရှင်သန်အောင် မွေးမြူသွားကြရန် ကမ္ဘာ့ဆရာများနေ့ အခါသမယတွင် အလေးအနက် တိုက်တွန်းအပ်ပါသည်။
နိဂုံးချုပ်အားဖြင့် –
– ပညာ့ပန်းဥယျာဉ်တွင် အရောင်အသွေး စုံလင်လှပသည့် ပန်းများ ငြိမ်းချမ်းစွာပွင့်လန်းနိုင်အောင် အကောင်းဆုံး ပုံဖော်ဖန်တီးနိုင်သည့် ဥယျာဉ်မှူးများ ဖြစ်ကြပါစေ၊
– ပညာရိပ်မြုံတွင် မွေ့လျော်ပျော်ပိုက်သည့် အဖိုးထိုက်ရတနာ ပညာတတ်လူကောင်းလူတော် များစွာကို မွေးထုတ်ပေးနိုင်ကြပါစေ၊
– ပညာပါရမီရင့်သန်ပြီး ဂုဏ်သတင်းကောင်းဖြင့် နိုင်ငံ့ပုံရိပ်နှင့် ပညာရေးကဏ္ဍကို မြှင့်တင်နိုင်ကြပါစေ၊
– ဆရာ ဆရာမများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့်ပညာရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ပြီးကောင်းကျိုး အရာရာ ပြည့်ဝနိုင်ပါစေ ကြောင်း ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါသည်။
အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ
ဦးမင်းအောင်လှိုင်
နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
