မေး။ ။ အဆွေတော် သမ္မတကြီးခင်ဗျာ၊ အခုလိုမျိုး တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မေးမြန်းခွင့်ရတဲ့အတွက် များစွာကျေးဇူးတင်ပါတယ်။ အခုလို တွေ့ဆုံဆွေးနွေးရတဲ့ အကြောင်းရင်းကတော့ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်နိုင်ငံကို မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေ၊ အဆွေတော်ရဲ့ တာဝန်ထမ်းဆောင်မှုအခြေအနေတွေကို ပြောပြနိုင်မယ့် အခွင့်အရေး ရရှိစေဖို့အတွက် ဒီနေ့ လာရောက်တွေ့ဆုံမေးမြန်းရခြင်းဖြစ်ပါတယ်။
ဖြေ။ ။ ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်။ ခင်ဗျားတို့ကလည်း ကမ္ဘာမှာ ကျော်ကြားတဲ့ သတင်းဌာနကြီးတစ်ခု ဖြစ်သလို မဂ္ဂဇင်းကလည်း အင်မတန်ထင်ရှားတဲ့ မဂ္ဂဇင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ခံတွေ့ဖို့အတွက် ကျွန်တော်သဘောတူလိုက်တာပါ။ ကျွန်တော်လည်း ပြောခွင့်ရတာပေါ့။ ခင်ဗျားတို့ရဲ့ ဖြောင့်မတ်တည်ကြည်မှုနဲ့ မှန်မှန်ကန်ကန်သတင်းထဲမှာရေးတယ်။ သတင်းကတော့ ရေးရမှာပါ။ အနောက်နိုင်ငံကတော့ အနောက်နိုင်ငံရဲ့ လိုလားချက်တွေ ရေးလေ့ရှိတယ်။ သို့သော် ခင်ဗျားတို့က သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါးမဟုတ်ဘဲ ထင်ထင်ရှားရှားရေးတာတွေလည်း သတိပြုမိပါတယ်။ ဒါကြောင့်လည်း ခင်ဗျားနဲ့ကျွန်တော်တွေ့ဖို့အတွက် ကျွန်တော်စဉ်းစားပါတယ်။ သို့သော်ကျွန်တော်လည်း မအားတဲ့အတွက်ကြောင့် အချိန်တွေက ခဏခဏ ပြောင်းနေရတဲ့အတွက်တော့ နားလည်ပေးဖို့ ပြောချင်ပါတယ်။
မေး။ ။ အဆွေတော် သမ္မတကြီးခင်ဗျာ၊ ဆယ်စုနှစ်ပေါင်းများစွာ တပ်မတော်မှာ အဆွေတော်သမ္မတကြီးက စစ်မှုထမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲ ပြီးခဲ့တဲ့နောက် ဧပြီလကစပြီး မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ဒီလို အရပ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်တဲ့အပေါ်မှာ တပ်မတော်သားဘဝနဲ့ နှိုင်းယှဉ်ပြီးတော့ ဘယ်လိုမျိုး ချိန်ညှိဆောင်ရွက်ရတယ် ဆိုတာကို သိရှိလိုပါတယ်။
ဖြေ။ ။ ကျွန်တော့်အတွက် သိပ်ပြီး ခက်ခဲတာတော့ မဟုတ်ဘူး။ ကျွန်တော် တပ်မတော်သားတစ်ယောက်ဘဝကတော့ နှစ်ပေါင်း ၅၀ လောက် ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့် မိဘတွေက Civilian တွေ၊ အရပ်သားတွေ ဖြစ်ပါတယ်။
ကျွန်တော့် မိဘတွေကတစ်ဆင့် ထိတွေ့မှုဆိုတာ ကျွန်တော်တို့ကရှိပါတယ်။ တပ်ထဲမှာလည်း ကျွန်တော်တို့ မိသားစုတွေ လိုက်နေကြတာပါ။ တပ်ချည်းပဲ နေတာမဟုတ်ဘူး။ မိသားစုတွေနဲ့နေပြီး Family လို နေကြတယ်။ ကျွန်တော်တို့ Family Army လို့တောင် တင်စားပြီး ပြောကြတယ်။ မိသားစုဝင်တွေ တပ်ထဲမှာ လိုက်နေကြတာပါ၊ တာဝန်အရ သွားကြရင်သွားမယ်၊ သို့သော်လည်းပဲ မိသားစုတွေ နေကြတယ်။ အဲဒီမိသားစုတွေကလည်း ပြည်သူကနေ ပေါက်ဖွားလာတဲ့ လူတွေပဲ။ တပ်မတော်ကလည်း နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တပ်မတော်သားမိသားစုတွေကလည်း ပြည်သူတွေရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ပြည်သူနဲ့ထိတွေ့မှုက အစကတည်းက ရှိပြီးသားဖြစ်တယ်။ ဒါက တစ်ချက်ပါ။
နောက်တစ်ခုက ကျွန်တော်တို့က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို စနေနေ့၊ တနင်္ဂနွေနေ့ဆို အမြဲတမ်း လုပ်ကြတယ်။ တိုင်းပြည်အတွက် တပ်တွေအကုန်လုံး လုပ်ကြတာပါ၊ တပ်မတော်သားလည်းပါ၊ မိသားစုလည်း ပါကြတယ်၊ ပြည်သူနဲ့ထိတွေ့မှုတွေ ရှိကြတယ်။ ဒါကြောင့် စစ်သက်တစ်လျှောက်လုံးမှာ ဒီလိုထိတွေ့မှုတွေ ရှိလာခဲ့တယ်။
နောက်တစ်ခုက ကျွန်တော် တိုင်းမှူး ဖြစ်တဲ့အချိန်မှာ ကျွန်တော် ပြည်နယ်ဥက္ကဋ္ဌတာဝန်၊ အရပ်ဘက် အုပ်ချုပ်ရေးတာဝန် တွဲယူရတယ်။ ရခိုင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တွဲယူခဲ့တာရှိတယ်။ အဲဒါလေးနှစ်လောက် အတွေ့အကြုံရှိတယ်။ ကျွန်တော် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ တိုင်းပြည်ရဲ့အခြေအနေအရ အရေးပေါ် အခြေအနေ ကြေညာတဲ့အချိန်မှာ ကျွန်တော် တိုင်းပြည်ကို ခေတ္တတာဝန်ယူတဲ့အချိန်မှာ ကျွန်တော့်အစိုးရအနေနဲ့လည်း ပြည်သူနဲ့ထိတွေ့မှုတွေ ကျွန်တော် လုပ်ခဲ့တာတွေရှိတယ်။ အဲဒီအတွေ့အကြုံတွေက ကျွန်တော် ဒီဘက် တာဝန်ထမ်းဆောင်မှုအတွက်တော့ အများကြီး အထောက်အကူရပါတယ်။ ဒါကြောင့် ကြီးကြီးကျယ်ကျယ်တော့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရတာတော့မရှိဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။
မေး။ ။ အခုလက်ရှိ သမ္မတတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး တပ်မတော်မှာ ကျင့်သုံးခဲ့တဲ့ ခေါင်းဆောင်မှုကို ပိုမိုပြီးတော့ ကျင့်သုံးလေ့ရှိပါသလား။
ဖြေ။ ။ အဲဒါတော့ မတူဘူး။ အရပ်သားနဲ့ စစ်သားနဲ့မတူဘူး။ စစ်သားတွေအုပ်ချုပ်မှုက အမိန့်ပေးရတာပါ။ အမိန့်ပေးတယ်၊ command နဲ့ သွားတယ်။ အရပ်သားကျတော့ ကျွန်တော်တို့ကတိုက်တွန်းရတာပါ။ ကျွန်တော်တို့ နှိုးဆော်ရတယ်၊ တိုက်တွန်းရတယ်၊ နားလည်အောင် ရှင်းပြရတယ်။ ဒါတွေတော့ လုပ်ရပါတယ်။
ဒီမှာ တစ်ခုရှိတယ်၊ ခုနက အမေးကို ပြောတဲ့အထဲမှာ ကျွန်တော် တစ်ခု ပြောပြမယ်။ ကျွန်တော်တို့ commander ဆိုတာကတော့ တပ်မှူးကောင်း စိတ်ဓာတ်လည်း ရှိဖို့လိုသလို ဖခင်စိတ်ဓာတ်လည်းရှိရတယ်။ အဖေလို နေရတယ်၊ ရဲဘော်တွေအတွက် ဖခင်လိုနေရတယ်။ စစ်တိုက်တဲ့ နေရာမှာတော့ အမိန့်ပေးပြီး တိုက်တာ ရှိမယ်၊ တာဝန်ပေးပြီး အမိန့်ပေးရတယ်။ သို့သော် ကျန်တဲ့ ကိုင်တွယ် အုပ်ချုပ်တဲ့ နေရာမှာတော့ မိဘတစ်ယောက်အနေနဲ့ အုပ်ချုပ်ရတာပါ။ ဒါကြောင့် အဲဒီလို စိတ်ကလည်း ကျွန်တော် အရပ်ဘက် အုပ်ချုပ်တာမှာ ဒီလိုပဲ ကျွန်တော်သွားပါတယ်။ ဒါပေမဲ့ ကျွန်တော် တစ်ဖက်က commander ဆိုတဲ့ စိတ်ကို ဖယ်လိုက်ပြီးတော့ ဒီဘက်က မိဘစိတ်ဆိုတဲ့ စိတ်တွေနဲ့ပဲ ကျွန်တော်က ပြည်သူကို ဆက်ဆံတာရှိပါတယ်။
မေး။ ။ မြန်မာနိုင်ငံ ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးထာဝရတည်တံ့ခိုင်မြဲဖို့အတွက် ဘယ်လို စီစဉ်ဆောင်ရွက်ဖို့ ရှိပါသလဲ၊ တပ်မတော်အပိုင်းနဲ့ရော ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးကတော့ အရေးကြီးပါတယ်။ လက်နက်ကိုင်ပဋိပက္ခပါ။ ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပါတယ်။ ဒါတွေကလည်း လွတ်လပ်ရေး ရကတည်းကနေ ပေါ်လာတဲ့ကိစ္စပါ။ ကိုလိုနီဖြစ်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့် လွတ်လပ်ရေးရတဲ့အချိန်မှာ ခွဲခြားဆက်ဆံတဲ့ ပြဿနာတွေကနေပြီးတော့ တိုင်းရင်းသားတွေ အထင်လွဲတာတွေ ဖြစ်လာတာရှိပါတယ်။ နိုင်ငံရေးအရ သဘောထားကွဲလွဲတဲ့ ကိစ္စတွေရှိပါတယ်။ ဒါကို ကျွန်တော်တို့က ငြိမ်းချမ်းတဲ့နည်းနဲ့သွားဖို့လိုပါတယ်။
အဲဒီတော့ ဒီမှာလည်း တိုင်းရင်းသားတွေနဲ့ ပတ်သက်တာ၊ ပြည်သူနဲ့ပတ်သက်တာ နိုင်ငံရေးနဲ့ပတ်သက်တာ တစ်ခုရှိပါတယ်။ နောက် တိုင်းရင်းသားရေးနဲ့ပတ်သက်တာတစ်ခုရှိတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ရှိရင် အရင်တုန်းက နိုင်ငံရေးမှာ ပါလီမန်စနစ်သွားခဲ့တယ်။ ပြီးတော့ ဗဟိုအစိုးရ အုပ်ချုပ်တဲ့ စနစ်နဲ့သွားခဲ့တယ်၊ နှစ်ပေါင်းများစွာ ကြာခဲ့တာပါ။ ဒါ ခင်ဗျားတို့လည်း နားလည်ပါတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ ၂၀၁၁ ကစပြီးတော့ ပါတီစုံစနစ်ကို သွားတယ်။ သို့သော်လည်းပဲ ဗဟိုအစိုးရ ကွပ်ကဲတဲ့အုပ်ချုပ်မှုစနစ်မှာ သွားတဲ့အတွက်ကြောင့် လူတွေရဲ့ ခံစားချက်တွေ အများကြီးရှိတယ်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ၈၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ပြဿနာ၊ ဒါကိုကျွန်တော်တို့က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ သွားဖို့အတွက် သွားတာ၊ ၈၈ မှာ ကျွန်တော်တို့ ပါတီစုံစနစ်ကို ကျွန်တော်တို့ ပြောင်းလိုက်တာပါ။ ဒါပေမဲ့ တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ ကျွန်တော် ပြောင်းလာခဲ့တာဖြစ်တယ်။ တကယ်ကို ပါတီစုံစနစ်ကို ကျွန်တော်တို့ သွားတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း လက်ခံတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း သဘောတူ တည်ဆောက်ခဲ့တာပါ။
တိုင်းရင်းသားတွေနဲ့ပတ်သက်တာ၊ နိုင်ငံရေးနဲ့ ပတ်သက်တာမှာ တိုင်းရင်းသားတွေက ဘာတောင်းလဲဆိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အုပ်ချုပ်ခွင့်ပြဿနာပါ။ တစ်ဖက်ကကျ နိုင်ငံရေးသဘောထားကွဲလွဲလို့ ဒီမိုကရေစီကိုတောင်းတာပါ။ ဒီနှစ်ခုကိုသွားတာပါ။ ဒါကြောင့် ကျွန်တော်တို့က constitution ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒီဟာတွေ အကုန်လုံး ထည့်သွင်းပြီးတော့ ဒီအတိုင်းရအောင် အကောင်အထည်ဖော်ဖို့ လိုတာပါ။
ဒါကြောင့် ကျွန်တော်တို့က ပထမ ဒီမိုကရေစီအစိုးရ တက်လာတဲ့ ၂၀၁၁ ခုနှစ်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု လုပ်ပြီးတော့ NCA ကို လုပ်ခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ နောက်လက်နက်မကိုင်တဲ့ တချို့အဖွဲ့တွေ ပါပါတယ်၊ သူတို့ လက်မှတ်ထိုးခဲ့တာ ရှိတယ်။ ဒီလို လုပ်ခဲ့တာရှိတယ်။ အဲ့ဒီအပေါ်မှာမူတည်ပြီး ကျွန်တော်တို့က ဒါကို အကောင်အထည်ဖော်ခဲ့တာရှိတယ်။
အခု NCA ပေါ်မှာမူတည်ပြီး ဖြစ်ပေါ်လာတဲ့ တောင်းဆိုလာတဲ့ အချက်နဲ့ အခြေခံဥပဒေပြင်ဖို့ အချက်တွေရှိတယ်။ အဲဒီအခြေခံဥပဒေပြင်ဖို့ အချက်တွေကိုလည်း အခုလွှတ်တော်မှာ ကျွန်တော့် အစိုးရကနေ လွှတ်တော် တင်ထားပြီးပြီ ဖြစ်ပါတယ်။ ဒါ လွှတ်တော်မှာ သူတို့က ဆွေးနွေးဆုံးဖြတ်မှာပါ။ ဒါကတော့ သူ့ရဲ့ constitution ပြင်ဆင်ခြင်းရဲ့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းရဲ့ အခန်းကဏ္ဍတွေရှိတယ်၊ အဲဒီအခန်းကဏ္ဍနဲ့သွားလိမ့်မယ်။ ဒါက တိုင်းရင်းသားတွေရဲ့ တောင်းဆိုတဲ့အပိုင်း၊ နိုင်ငံရေးအရ တောင်းဆိုတဲ့ အပိုင်းပါ။
တစ်ဖက်က ဒီဘက်မှာလည်း ၂၀၂၁ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာကြောင့် ကျွန်တော်တို့ကို အကြမ်းဖက်တိုက်ခိုက်မှုတွေရှိတယ်။ ကျွန်တော်တို့က ဒီမိုကရေစီသွားတာပဲ။ ကျွန်တော်တို့က ရွေးကောက်ပွဲ အပေါ်မှာမူတည်ပြီး ဒီမိုကရေစီက လုပ်ခဲ့ပြီးပြီ။ ဒါကြောင့် ဒီမိုကရေစီပေါ်မှာ လက်ခံလို့ရှိရင် သူတို့ကလာပြီး ငြိမ်းချမ်းရေးနဲ့ ဖြေရှင်းဖို့၊ ဒါအတွက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားတယ်။ ကျွန်တော် တာဝန်ယူတဲ့အချိန်မှာ ရက်ပေါင်း ၁၀၀ အတွင်းမှာ ငြိမ်းချမ်းရေး လုပ်ဖို့ ဖိတ်ခေါ်တာလာပါတယ်၊ တချို့လည်း လာကြပါတယ်။ အလင်းဝင်တဲ့လူ ၄၀၀၀ ကျော်လောက် ရှိတယ်။ အပိုင်းလိုက် အပိုင်းလိုက် ကြေညာတယ်။ ဒီ တစ်ရက်၊ နှစ်ရက် အတွင်းမှာ အလင်းဝင်တဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။
အဲ့ဒီ အများစုကတော့ လူငယ်တွေများတယ်။ တိုင်းရင်းသားတွေမှာလည်း ယောက်ျားတွေများတယ်။ ကျွန်တော်တို့ဆီရဲ့ အားနည်းချက်က အဲ့ဒီ လူငယ်တွေရော၊ တိုင်းရင်းသားတွေမှာ ပညာရေး အားနည်းချက် ရှိတယ်။ ပညာရေးအားနည်းချက် ရှိတော့ ပညာရေးအားနည်းချက်ကို အသုံးချပြီးတော့မှ သူတို့ကို နိုင်ငံရေးသမားတွေနဲ့ ခေါင်းဆောင်တချို့က စည်းရုံးသိမ်းသွင်းပြီး ခေါ်ဆောင်တဲ့ အခါမှာ လက်နက်ကိုင် အဖွဲ့အစည်းထဲ သူတို့ ပါလာကြတယ်။ အဲဒါတွေ ဖျောင်းဖျနားလည်အောင် လုပ်ဖို့လိုပါတယ်၊ နှမြောဖို့ ကောင်းပါတယ်။ တကယ်တော့ လူငယ်တွေဟာ လက်နက်ကိုင်ဖို့ မဟုတ်ဘူး၊ ပညာသင်ရမယ့်အရွယ်၊ ပညာမသင်နိုင်ဘဲ ဒီ လက်နက်ကိုင် လမ်းစဉ်ကိုသွားနေကြတာ မှားနေတယ်။ ဒါကို သိအောင် တစ်ဖက်ကနေ ဒါတွေလည်း လုပ်ပါတယ်။ နားလည်အောင်လည်း ရှင်းပြပါတယ်။ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေလည်း လုပ်ထားတာ ရှိတယ်။ ဒါကြောင့် ကျွန်တော် ထင်ပါတယ်၊ ကျွန်တော် တာဝန်ယူတဲ့ ၅ နှစ် အတွင်းမှာ ငြိမ်းချမ်းရေးရအောင် ကြိုးစားဖို့လုပ်ထားတာ အောင်မြင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
မေး။ ။ လက်ရှိကာလမှာ နိုင်ငံတကာရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေ မြန်မာနိုင်ငံက ခံနေရပါတယ်။ အဆွေတော်တို့ နိုင်ငံက တချို့ပုဂ္ဂိုလ်တွေလည်း ဒီပိတ်ဆို့မှုထဲမှာ ပါရှိနေပါတယ်။ စီးပွားရေးအရ အထီးကျန်မှုဖြစ်စေတဲ့အနေအထားမျိုး ဖြစ်နေတဲ့အတွက် မြန်မာ ပြည်သူလူထုအပေါ် ဘယ်လိုမျိုးထိခိုက်နစ်နာစေသလဲဆိုတာကိုသိရှိလိုပါတယ်။
ဖြေ။ ။ ထိခိုက်နစ်နာမှုတွေ ရှိပါတယ်။ ဒီ sanction လုပ်တာ နှစ်ခု ရှိပါတယ်။ တစ်ခုက ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်လို့ မရဘူး၊ ငွေတွေကို ထုတ်လို့ မရဘူး၊ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု ငွေတွေကို သုံးလို့မရအောင် လုပ်တာပေါ့။ ဒီဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ ကန့်သတ်တဲ့ အတွက်ကြောင့် နိုင်ငံခြားကနေ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေမှာ အခက်အခဲဖြစ်သွားတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်တွေအတွက် ထိခိုက်တာတွေ ရှိပါတယ်။ ရင်းနှီး မြှုပ်နှံမှုမရတဲ့လူတွေ အနေနဲ့ကတော့ သူတို့အတွက် အခက်အခဲ ရှိခဲ့ပါတယ်။
ဒီလိုပဲ ကျွန်တော်တို့ သုံးဖို့အတွက်နဲ့ ပတ်သက်ပြီးတော့ ကန့်သတ်ထားတော့လည်း ကျွန်တော်တို့ လိုချင်တဲ့ဟာတွေ ကျွန်တော်တို့ သုံးလို့ မရတာရှိတော့ ပြည်တွင်းရဲ့ လိုအပ်ချက်တွေကို အပြည့်အဝကျွန်တော်တို့ မသွင်းနိုင်တာတွေ ရှိတယ်။ အဲဒီတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိတာမျိုး ရှိလာတယ်၊ ခက်ခဲလာတယ်။ နောက်တစ်ခါပစ္စည်းတွေ ကျွန်တော်တို့ ဝယ်ရတာ ခက်ခဲတာတွေ ရှိပါတယ်။ ဒီအတွက်ကြောင့် ပြည်တွင်းမှာ စီးပွားရေးအရတော့ အတိုင်းအတာတစ်ခုထိ ထိခိုက်မှုတော့ ရှိပါတယ်။
သို့သော်လည်းပဲ ကျွန်တော်တို့ကတော့ ပြည်တွင်းမှာ ဒီစားနပ်ရိက္ခာထုတ်လုပ်မှု လုံလောက်အောင် ကျွန်တော်တို့ ထုတ်နိုင်တဲ့အခြေအနေရှိတယ်။ ကျွန်တော်တို့က စားနပ်ရိက္ခာ ရှားတဲ့ တိုင်းပြည် မဟုတ်ဘူး။ ဒါကြောင့် ပြည်သူလူထု အတွက်တော့ စားနပ်ရိက္ခာနဲ့ ပတ်သက်တာ ပူစရာတော့ မရှိဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့က ခုနကကန့်သတ်ချက်တွေကြောင့် ထုတ်လုပ်မှု အပိုင်းမှာတော့ ကျွန်တော်တို့ အခက်အခဲ ရှိခဲ့တာတော့ အမှန်ပါပဲ။
မေး။ ။ အဆွေတော် သမ္မတကြီး အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ကောင်း မွန်လာဖို့ အတွက် ဘယ်လိုမျိုး စီမံဆောင်ရွက်သွားဖို့ စိတ်ကူးထားသလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ကျွန်တော် ခုနက ဖြေလိုက်တဲ့အထဲ တစ်ခုပါတယ်။ ကျွန်တော်တို့က စားနပ်ရိက္ခာ ပိုလျှံမှု ရှိတယ်၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်တဲ့ တိုင်းပြည်လို့ ပြောပါမယ်။ တကယ်လည်း ကျွန်တော်တို့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက ကျေးလက်ဒေသမှာ နေပြီးတော့ ၅၀ ရာခိုင်နှုန်းလောက်က စိုက်ပျိုးမွေးမြူရေးနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေ လုပ်နေကြတဲ့ လူတွေ ဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုး ထုတ်လုပ်နိုင်အောင် ကျွန်တော်တို့ စီးပွားရေးအရ လုပ်တာပါ၊ စိုက်ပျိုးမွေးမြူရေးကို ဦးစားပေးတဲ့ စီးပွားရေးစနစ်ပါ။
နောက်တစ်ခါ agro-based industry ၊ စိုက်ပျိုးရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ လုပ်ငန်းနဲ့သွားတယ်။ ကျွန်တော်တို့မှာ industry ထောင်နိုင်တဲ့ လုပ်ငန်းတွေ ရှိတယ်။ အဲဒါ ဘာလဲဆိုလို့ရှိရင် ဝါ စိုက်ပျိုးရေးလုပ်ငန်းတွေ ရှိတယ်။ ရော်ဘာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ရှိတယ်။ ဒါတွေက စက်မှုလုပ်ငန်း သွားလို့ရတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုန်ကြမ်း ရောင်းစရာ မလိုတဲ့ ဟာတွေပါ။ ဒါတွေ ကျွန်တော်တို့က အားပေးပါတယ်။ ကုန်ထုတ်လုပ်မှု အားပေးတာပါ။
ခုန ခင်ဗျားက ကျွန်တော်တို့ အခက်အခဲ ဖြစ်မလား ဆိုပြီး ပြောတဲ့အခါ မှန်ပါတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့က ကုန်ထုတ်လုပ်မှု များများ လုပ်နိုင်လို့ရှိရင် ပြည်သူလူထုက ထုတ်လုပ်နိုင်လို့ရှိရင် စီးပွားရေးက ပိုကောင်းလာမှာပါ။ ခုနက ပြောတဲ့ ကျေးလက်မှာ နေတဲ့လူတွေက ကုန်ထုတ်လုပ်မှု အဓိကဖြစ်တဲ့ အတွက်ကြောင့် သူတို့ရဲ့စီးပွားတက်လာလို့ရှိရင် ကျေးလက်တွေရဲ့ လူတွေရဲ့ လူမှုစီးပွားဘဝ တက်လာလို့ရှိရင် သူတို့ရဲ့ အခြေအနေလည်း တိုးတက်ကောင်းမွန်မှု ဖြစ်လာမှာပါ။ အဓိကကတော့ ကျေးလက်ကို စိုက်ပျိုးမွေးမြူရေးအခြေခံတဲ့ စက်မှုလုပ်ငန်းကို သွားဖို့အတွက် ဦးတည်ပြီး လုပ်ပါတယ်။ ဒါ တစ်ချက်ပါ။နောက်တစ်ခုက MSME လုပ်ပါတယ်။ MSME က နိုင်ငံရဲ့ စီးပွားရေးရဲ့ ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အဲဒီတော့ ကျွန်တော့် လက်ထက်မှာ ဒါကို အဓိကထား လုပ်တယ်။ အဲဒီ ကုန်ထုတ်လုပ်မှုကနေ MSME ကုန်ချော ထုတ်လုပ်တဲ့ လုပ်ငန်းကို ကျွန်တော် သွားတာပါ။ အဲဒီအတွက်ကြောင့် စီးပွားရေးကတော့ သိသိသာသာ ကောင်းတာတော့ တွေ့တယ်၊ ကျွန်တော် မြင်ပါတယ်။
မေး။ ။အဆွေတော် အခုသမ္မတအဖြစ်တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်သူတွေ ကို Trump နဲ့ အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုကဏ္ဍမျိုးတွေကို အကူအညီပေးစေလိုသလဲ ဆိုတာလေး သိရှိလိုပါတယ်။
ဖြေ။ ။ အမေရိကန်နဲ့ မြန်မာကတော့ ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော်တို့ သံတမန် ဆက်ဆံမှုစတင်ခဲ့တယ်။ နှစ်ပေါင်း ၇၀ ၊ နှစ် ၈၀ နီးပါး ရှိလာပြီ။ ၇၀ ကျော် ၈၀ တော့ရောက်ပြီပေါ့။ ကျွန်တော်တို့နိုင်ငံ နှစ်နိုင်ငံကတော့ ဝေးပါတယ်။ ကီလိုမီတာ ၁၃,၀၀၀ လောက်ဝေးပါတယ်။ သို့သော်လည်းပဲ ဆက်ဆံမှုကတော့ တော်တော်လေး ကောင်းခဲ့တာပေါ့။ အမေရိကန်နဲ့ မြန်မာက မိတ်ဆွေနိုင်ငံတွေလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲပေါ်မှာ မူတည်ပြီးတော့ အမေရိကန်နဲ့ ဆက်ဆံရေးက တော့ အနိမ့်အမြင့် ရှိခဲ့တာရှိတယ်။
နောက်တစ်ခုကတော့ ကျွန်တော်တို့ နိုင်ငံခြားရေးမူဝါဒက ကြားနေမူဝါဒ ကျင့်သုံးတယ်။ ဘက်မလိုက်တဲ့ ကြားနေမူဝါဒကျင့်သုံးတယ်။ ဗီယက်နမ်မှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတို့၊ ကိုရီးယားမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေမှာ ကျွန်တော်တို့ ဘာတစ်ခုမှ ဝင်မပြောဘူး၊ မပါဘူး။ ဒါကြောင့် ဆိုလိုတာကတော့ ကျွန်တော်တို့က ကြားနေနိုင်ငံအနေနဲ့ အမေရိကန်နဲ့ ဆက်ဆံတဲ့အခါမှာလည်း ကောင်းမွန်တာတွေ ရှိပါတယ်။ အဲ့ဒီတုန်းကတော့ နိုင်ငံရေးရဲ့ အပြောင်းအလဲတွေကြောင့် နိုင်ငံတွင်းအခြေအနေနဲ့ ဒေသတွင်းအခြေအနေတွေကြောင့် အမေရိကန်-မြန်မာရဲ့ ဆက်ဆံရေးကလည်း အနိမ့်အမြင့် ဖြစ်ခဲ့တာရှိတယ်။
သို့သော် ကျွန်တော်တို့က ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့ အချိန်ဖြစ်တယ်။ အမေရိကန်ကလည်း ဒီမိုကရေစီနိုင်ငံပဲ၊ ကျွန်တော်တို့လည်း ဒီမိုကရေစီနိုင်ငံပဲ။ အဲ့ဒီတော့ ကျွန်တော်တို့ ပြည်သူတွေက ဒီမိုကရေစီနိုင်ငံဖြစ်အောင် သွားနိုင်ဖို့ဆိုလို့ရှိရင် ဒီမိုကရေစီ အတွက် လိုအပ်တဲ့ တည်ငြိမ်အေးချမ်းမှုတို့၊ ဖွံ့ဖြိုးမှုတို့ ဒါတွေကိုတော့ အမေရိကန်ကနေ ပူးပေါင်းဆောင်ရွက်ပေးရင်တော့ အကောင်းဆုံးပါ။
ဒီမှာ နှစ်ချက်ပါ။ တစ်ခုက ဘာလဲဆိုလို့ရှိရင် နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေနေတဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေပါ။ ပြည်ပမှာ နေပြီးတော့မှ ကျွန်တော်တို့အပေါ်မှာ အမျိုးစုံ တိုက်ခိုက်ပြောဆိုနေတဲ့ဟာတွေ၊ နောက်တစ်ခါ ကျွန်တော်တို့ကို အကြမ်းဖက် တိုက်ခိုက်ဖို့အတွက် ကြိုးစား နေတာတွေ ဒါတွေ မဖြစ်ဖို့အတွက် အမေရိကန်က တားဆီးပေးဖို့ လိုပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့ကို စီးပွားရေးအရနဲ့ ငွေရေးကြေးရေးအရ ကျွန်တော်တို့ကို ကန့်သတ်ထားတာရှိတယ်။ ဒါတွေကို အမှန်အတိုင်း သုံးသပ်ပေါ့ဗျာ။ အမေရိကန် အစိုးရလည်း သုံးသပ်ပါ၊ အများကြီး အတွေ့အကြုံ ရှိပါတယ်။ ကျွန်တော်တို့ထက် အများကြီး မြင်ပါတယ်။ ဒီမိုကရေစီ သက်တမ်းလည်း အများကြီးရှိပြီ။ ကျွန်တော်တို့မှာ အခုမှ ဒီမိုကရေစီကိုစတဲ့ တိုင်းပြည်ဖြစ်တော့ မြန်မာနိုင်ငံရဲ့အခြေအနေကို သုံးသပ်ပြီးတော့မှ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေကို အမှန်အတိုင်း ရှုမြင်သုံးသပ်ပြီးလို့ရှိရင် ခုနက ပြောတဲ့ စီးပွားရေးအရ ပိတ်ဆို့ဆောင်ရွက်နေတဲ့ အချက်လေးတွေကိုလည်း လျှော့ပေါ့ စဉ်းစားသွားမယ်၊ လုပ်သွားမယ် ဆိုလို့ရှိရင်တော့ ပိုပြီး သင့်လျော်မယ်လို့ ကျွန်တော်က ပြောချင်ပါတယ်။
မေး။ ။ မေးခွန်းက နှစ်ပိုင်းပါ ခင်ဗျာ။ တစ်ခုက တစ်ဦး၊ တစ်ယောက်ချင်းအပေါ်မှာ ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ထားတာရယ်၊ ဒုတိယတစ်ခုကတော့ ရခိုင် ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေအရ ဒီလိုမျိုး ကန့်သတ်ပိတ်ဆို့ထားတာတွေ ပြီးတော့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ လူတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားတာတွေ အဲ့ဒီအချက်တွေနဲ့ ပတ်သက်ပြီး လုပ်ထားတဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကိုရော ဆိုလိုတာ ဖြစ်ပါသလား။
ဖြေ။ ။ တစ်ဦးချင်းနဲ့ ပတ်သက်ပြီးတော့လည်း တစ်ဦးချင်း ဘာတွေလုပ်သလဲ၊ ဒါတွေလည်း ခင်ဗျားတို့ကြည့်ပါ။ ဒါကတော့ ကျွန်တော်တို့ကတော့ လုပ်သင့်လုပ်ထိုက်တဲ့ တိုင်းပြည်အတွက် လုပ်သင့်တဲ့ အလုပ်တွေ လုပ်ကြတာပဲလို့ ကျွန်တော်တို့က မြင်ပါတယ်။ တစ်ဦးချင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ တိုင်းပြည်အတွက် လုပ်ကြတာပါ။ ဒါပေမယ့် နိုင်ငံတကာထိခိုက်အောင်၊ အမေရိကန်နိုင်ငံ ထိခိုက်အောင်လည်း ကျွန်တော်တို့ဘာမှမလုပ်ဘူး။ တိုင်းပြည်အတွက်ထိခိုက်အောင်လည်း ဘာမှမလုပ်ဘူး။ တိုင်းပြည်ကောင်းဖို့အတွက် လုပ်ကြတာတွေပဲ ဖြစ်ပါတယ်။
မေး။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂါလီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက် အပေါ်မှာ မူတည်ပြီး ချမှတ်ထားတဲ့ အဲ့ဒီ ကန့်သတ်ပိတ်ဆို့မှုတွေကိုလည်း ဖယ်ရှားပေးစေလိုတဲ့ အချက်ဆိုတာ မှန်ပါသလား ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ရခိုင်နဲ့ပတ်သက်ပြီး ဘင်္ဂါလီနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာတစ်ခုမှ သူတို့အပေါ်မှာ လုပ်ထားတာမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့က သံသယရှင်းတယ်၊ စိတ်ရှင်းတယ်။ တိုင်းပြည်အတွက် ကျွန်တော်တို့ တိုင်းပြည်ရဲ့ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့အတွက် ကျွန်တော် တို့ ကာကွယ်စောင့်ရှောက်တဲ့ အပိုင်းပဲရှိတယ်။ ဒါတွေလည်း အခြေအနေမှန်လာကြည့်ပါ။ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက ပြောတာလက်ခံပြီးတော့ လုပ်မယ်ဆိုရင်တော့ သတင်းအမှားပဲ ရပါလိမ့်မယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့အခြေအနေအပေါ်မှာ သေချာ လေး ရှုမြင်သုံးသပ်ပြီး လုပ်မယ်ဆိုရင်လည်း အဖြေထွက်ပါလိမ့်မယ်။ ဒါကတော့ ကျွန်တော့်ဘက်က အမြင်ကို ပြောချင်ပါတယ်။
နောက်တစ်ချက်က ခုန အချုပ်အခြာအာဏာဆိုပြီးတော့ သုံးလိုက်တာ တစ်ခုရှိတယ်။ အချုပ်အခြာအာဏာဆိုတဲ့ အထဲမှာလည်း ကျွန်တော်တို့က တည်ဆဲဥပဒေတွေ ရှိပါတယ်။ တည်ဆဲဥပဒေအရ ကျွန်တော်တို့ လုပ်ကြတာပါ။ ဥပမာအားဖြင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဘင်္ဂါလီနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ နှစ်နိုင်ငံသဘောတူညီထားတဲ့ အချက်တွေရှိတယ်။ ဒီအချက်ပေါ် မူတည်ပြီး ကျွန်တော် တို့က လိုက်နာဖို့ ဘာမှဝန်လေးစရာအကြောင်းမရှိဘူး။ သူတို့ရဲ့ တည်ရှိနေမှုကို ကျွန်တော်တို့ အသိအမှတ်ပြုပါ တယ်။ အသိအမှတ်မပြုဘူး ကျွန်တော်မပြောဘူး။ ဒါကြောင့် အဲဒါအပေါ်မှာ တိုက်ခိုက်နေတာတွေ ရှိတယ်၊ ဒါကတော့ လုံးဝ မှားနေတယ် ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ သဘောတူညီထားတဲ့ အချက်အတိုင်းပဲ ကျွန်တော်တို့ လုပ်မယ်။ လုပ်လို့ရှိရင် ဒီ ပြဿနာတွေ ရှင်းသွားမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ အဲဒါ လုပ်နိုင်ခွင့်ရဖို့လည်း လိုပါသေးတယ်။ ဒါကို မလုပ်ရကောင်းလား ဆိုပြီးတော့ ကျွန်တော်တို့ အပေါ်မှာ အရေးယူပိတ်ဆို့မှု လုပ်တယ်ဆိုရင်တော့ ဒါကတော့ ကျွန်တော်တို့လည်း ဘယ်လိုမှ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။
မေး။ အခုလက်ရှိကာလမှာ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ ၅နှစ်တာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတာကို သိရှိရပါတယ်။ မြန်မာနဲ့ ရုရှားနိုင်ငံကြား ဆက်ဆံရေး ဘယ်လိုရှိသလဲ သိလိုပါတယ်။
ဖြေ။ ။ ကျွန်တော်တို့နဲ့ အမေရိကန်က ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာ သံတမန် ဆက်ဆံရေးထူထောင်တယ်၊ ရုရှားနဲ့ကျတော့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှာ သံတမန်ဆက်ဆံမှုရှိတယ်၊ ခင်ဗျားတို့ထက် နောက်ကျတယ် သူတို့က။ ဒါပေမယ့် သူတို့ တိုင်းပြည်နဲ့က ကီလိုမီတာ ၆၀၀၀ လောက်ဝေးတယ် ရုရှားနိုင်ငံရဲ့ နောက်ခံ အကြောင်း အရာပေါ့၊ သူတို့ကလည်း နာဇီကို တိုက်ခိုက်ခဲ့ရတာရှိသလို ကျွန်တော်တို့လည်း ဖက်ဆစ် ကို တိုက်ခိုက်ခဲ့ရတာရှိပြီး လွတ်လပ်ရေးရခဲ့ကြတာ။ သူတို့လည်း တိုင်းပြည်အတွက် ပြန်လည် ထူထောင်ခွင့်ရတာပဲ။ ဒီလို နောက်ခံ background တူပါတယ်။ ရုရှားနိုင်ငံမှာ လည်း နိုင်ငံရေးအပြောင်းအလဲတွေရှိတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး အပြောင်း အလဲတွေ ရှိတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံ ရေးက အပြောင်း အလဲမရှိဘူး၊ ပုံမှန်ဆက်ဆံရေး ရှိခဲ့တယ်။
ခုနပြောတဲ့ စစ်ဘက်ဆိုင်ရာ သဘောတူညီချက် ဒါလည်း သိပ်ကြီးကျယ်တဲ့ဟာ တွေမဟုတ်ပါဘူး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မဟုတ်ပါဘူး။ နောက်တစ်ခုက ကျွန်တော်တို့နဲ့ ရုရှားနဲ့က နှစ်ပေါင်းများစွာ ဆက်ဆံရေးကောင်းမွန်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ကျွန်တော်တို့ အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ ရုရှားနိုင်ငံက ပညာတော်သင်တွေ လက်ခံပေးတာတို့၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးတာတို့၊ နည်းပညာအကူအညီပေးတာတို့ အများကြီးရှိပါတယ်။ ဘာတစ်ခုမှ အကျိုးအမြတ်ယူတာမဟုတ်ဘဲ သူတို့လုပ်ပေးခဲ့တာ တွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းထားတာဖြစ်ပါ တယ်။
အခုတော့ ပညာရေးတို့၊ ကျန်းမာရေးတို့၊ နောက်ပြီး အဏုမြူစွမ်းအင်နဲ့ ပတ်သက်တဲ့ကိစ္စတို့၊ အာကာသနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တို့ ဒါတွေ ကျွန်တော်တို့ ရှိပါတယ်။ ဒါတွေ အများကြီး သဘောတူညီမှု လုပ်နေတာ ရှိပါတယ်။ ဒါတွေက တချို့ နိုင်ငံတွေနဲ့ လုပ်ရတာ ကျွန်တော်တို့ ခက်တယ်၊ ရုရှားကျတော့ ဒါတွေ အကုန်လုံး ပူးပေါင်းဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ ဒါကြောင့် ရုရှားနဲ့ မြန်မာ ဆက်ဆံရေးက ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အကြိမ်ပေါင်းများစွာ သွားခဲ့ပါတယ်။ ကျွန်တော်တို့ လိုအပ်ချက် ရှိတာတွေကို သူတို့နဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို သူတို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့လည်း ပူးပေါင်း ဆောင်ရွက်တာတွေ ရှိပါတယ်။
မေး။ အဏုမြူနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခုလောက် ထပ်မံမေးမြန်းလိုပါတယ်။ ဒါကတော့ အရပ်ဘက် အတွက် နျူကလီးယားစွမ်းအင်ကို သုံးမှာလား၊ ဒါမှမဟုတ် ကျန်တဲ့ တခြားရည်ရွယ်ချက်နဲ့ သုံးဖို့ရော ရှိပါသလား ခင်ဗျာ။
ဖြေ။ ။ အရပ်ဘက် လျှပ်စစ်ဓာတ်အားပေးလုပ်ဖို့ပါ၊ အဓိက လျှပ်စစ်စွမ်းအင်ပါ။ ၁၁၀ မဂ္ဂါဝပ် ရှိတဲ့ small modular ပါ၊ small modular အသေးအဖွဲလေးပါ။ ဒါလေး လုပ်တာ၊ ကျန်တာတော့ ဘာမှ မရှိဘူး။ ကျန်တဲ့ ရည်ရွယ်ချက်လည်း မရှိဘူး။ ရည်ရွယ် လုပ်လို့လည်းမရဘူး။ နိုင်ငံတကာမှာလည်း ဒါတွေ မဟုတ်တာ သွားလုပ်လို့လည်း ကျွန်တော်တို့ မရနိုင်ပါဘူး။
မေး။ နောက်တစ်ခုက အဆွေတော် မကြာသေးမီက ပေကျင်းကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး တရုတ်အစိုးရနဲ့ မြန်မာအစိုးရကြား နားလည်မှု စာချွန်လွှာ ၁၈ ခု ထိ ရေးထိုးခဲ့တာကို မှတ်သားရပါတယ်။ မြန်မာနဲ့တရုတ်အကြား နယ်စပ်ဒေသမှာ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေအပါအဝင် အခု တရုတ်နိုင်ငံ နဲ့ဆက်ဆံရေးကို အဆွေတော်တို့အနေနဲ့ ဘယ်လိုထင်မြင်ပါသလဲ သိရှိလိုပါတယ်။
ဖြေ။ ။ တရုတ်နိုင်ငံနဲ့ကတော့ အိမ်နီးချင်းနိုင်ငံ၊ နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံမို့ သူတို့နဲ့ ဆက်ဆံရေးကတော့ အိမ်နီးချင်းဆက်ဆံရေးတော့ ရှိပါတယ်။ မြန်မာနိုင်ငံပေါ်မှာ လည်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကလည်း တော်တော်လေးများပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်တဲ့ အခက်အခဲ ရှိတာတော့ အမှန်ပါပဲ။ ဒါတွေ ကျွန်တော်တို့ နှစ်နိုင်ငံသံတမန်နည်းလမ်းအရ တွေ့ဆုံဆွေးနွေးပြီးတော့မှ ဖြေရှင်း ဆောင်ရွက်တာတွေ ရှိပါတယ်။ အတိုင်းအတာတစ်ခုထိ အောင်မြင်တာတွေလည်း ရှိပါတယ်။ သို့သော် ဆက်လက် ဆောင်ရွက်ဆဲ ကိစ္စတွေလည်း ရှိတယ်။
ဒီတော့ ဘာပဲပြောပြော နှစ်နိုင်ငံကတော့ ခွဲခြားလို့မရဘူး။ နယ်နိမိတ်ထိစပ်နေတော့ ခွဲခြားလို့မရတဲ့ တိုင်းပြည်တွေ ဖြစ်တာပါ။ ဒါကြောင့် ကျွန်တော်တို့လည်း တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီးတော့ အလေးထားပြီး ဆောင်ရွက်ပါတယ်။ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ တော်တော်များပါတယ်။ ရင်းနှီးမြှုပ်နှံမှု အများဆုံးထဲမှာလည်း ပါပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဆီမှာ လာရောက် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့်၊ ကုန်သွယ်မှုတိုးချဲ့ခြင်းအားဖြင့် တိုင်းပြည်ရဲ့ စီးပွားရေး အထောက်အကူ ရပါတယ်။
နောက်တစ်ခုကတော့ တရုတ်နဲ့မြန်မာက ယွမ်နဲ့ကျပ်တိုက်ရိုက်ပေးချေဖို့ ကျွန်တော်တို့ ဆောင်ရွက်ထားတာ ရှိပါတယ်။ ခင်ဗျားပြောတဲ့ အမေရိကန်နဲ့က စီးပွားရေး ပိတ်ဆို့မှုတွေ၊ ဘဏ္ဍာရေးပိတ်ဆို့မှုတွေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အခက် အခဲတွေ ရှိတယ်။ တရုတ်နဲ့ကျတော့ ကျွန်တော်တို့က ကျပ်နဲ့ယွမ် တိုက်ရိုက်ပေးချေဖို့ သဘောတူထားတာတွေ ကျွန်တော်တို့ လုပ်နေတာတွေ ရှိပါတယ်။
မေး။ တရုတ်က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ တရုတ်အပေါ် တော်တော်လေး မှီခို အားထားရတယ် ဆိုတာ မှန်ပါသလား ခင်ဗျာ။
ဖြေ။ ။ အဲ့ဒီလိုတော့ မဟုတ်ဘူးဗျ။ မှီခိုအားထားတာ မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံတကာနဲ့ အကုန်လုံးကူးလူးဆက်ဆံမှု၊ သံတမန်ဆက်ဆံမှု၊ ကူးသန်းရောင်းဝယ် ဆက်ဆံမှုရော အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက်ကြောင့်တော့ ပိုပြီးတော့ အလေးထား ပါတယ်။ အိန္ဒိယလည်း ဒီလိုပဲလေ။ ကျွန်တော်တို့ အိန္ဒိယ၊ မြန်မာနဲ့ တရုတ် သုံးနိုင်ငံက sandwich လို ကျွန်တော်တို့ ဖြစ်နေကြတာ။ အဲ့ဒီတော့ အိန္ဒိယနဲ့လည်း ကျွန်တော်တို့ အလေးထားတာပဲ၊ တရုတ်နဲ့လည်း အလေးထားတာပဲ။ ဒီလိုတော့ ရှိပါတယ်။
တရုတ်ကို လုံးဝ မှီခိုတယ်တော့ မဟုတ်ဘူး။ သို့သော်လည်းပဲ တရုတ်ကတော့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးတာတွေ အများကြီးရှိပါတယ်။ တရုတ်က လုပ်နေတဲ့ Belt and Road Initiative (BRI)ပေါ့။ ဒီစီမံကိန်းတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မြန်မာနဲ့တရုတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစင်္ကြံ ဆိုတာ ရှိတယ်။ ဒါကလည်း မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့လုပ်နေတာ ဖြစ်ပါတယ်။
အဲ့ဒီတော့ ကျွန်တော်တို့ တိုင်းပြည်တိုးတက်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ ဘယ်သူနဲ့ပဲဖြစ်ဖြစ် လုပ်ဖို့လိုတယ်။ တရုတ်နဲ့က အများကြီး လုပ်တယ်။ ခင်ဗျားတို့ အမေရိကန်လာလုပ်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အကျိုးလုပ်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ဘာမှမလုပ်စရာအကြောင်းမရှိဘူး။ ဥပဒေတွေနဲ့ ကျွန်တော် အကုန်ခွင့်ပြု ပေးလို့ ရတာပဲ။ အိန္ဒိယလည်း ဒီလိုပဲ လုပ်တာပဲ၊ ထိုင်းလည်း အများကြီး လုပ်တာပဲ။ ကျွန်တော်အခု အိန္ဒိယ သွားတယ်၊ ထိုင်း သွားတယ်၊ တရုတ် သွားတယ်၊ ရုရှား သွားတယ်၊ ဘယ်လာရုစ်သွားခဲ့တယ်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော် ဖိတ်ခေါ်တယ်။ သူတို့ လာလုပ်ကြတယ်။
တရုတ်ကလည်း အများကြီး လာလုပ်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့ကတော့ တရုတ်ကို လုံးဝ မှီခိုတယ် ဆိုတာတော့ မဟုတ်ဘူး။ နိုင်ငံအားလုံးနဲ့ အကုန်လုံးပေါင်းပြီး ဆောင်ရွက်တယ်။ သို့သော် ပူးပေါင်းဆောင်ရွက်မှုအများဆုံးကတော့ တရုတ်ပဲ။ တရုတ် ကတော့ အများကြီးလုပ်တယ်။ အိမ်နီးချင်းလည်း ဖြစ်တယ်၊ သွားလာရတာလည်း လွယ် တယ်။ ဒီလိုတော့ ရှိပါတယ်။ အိန္ဒိယကလည်းလာတယ်။ အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လည်း အများကြီး ရှိပါတယ်။
မေး။ အဆွေတော်သမ္မတကြီးခင်ဗျာ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်ဒဏ် ၃၃ နှစ် ကျခံနေရတဲ့အခါမှာ အဆွေတော်တို့အနေနဲ့ ပြစ်ဒဏ်ကို ၁၈ နှစ် လျှော့ချပေးခဲ့ပြီး ၁၃ နှစ် ပြစ်ဒဏ်ကို ကျခံရန်ကျန်ရှိဆဲဖြစ်ပါတယ်။ သူမရဲ့ အနာဂတ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ် သက်ပြီး သိရှိလိုပါတယ်။
ဖြေ။ ။ ဒီလိုအခြေအနေမျိုး မရောက်အောင်တော့ ကျွန်တော်တို့လည်း မျိုးစုံ ကြိုးစားခဲ့တာ။ သို့သော်လည်းပဲ ဒီလိုအခြေအနေမျိုးထိ ရောက်လာခဲ့တယ်။ အဲ့ဒီတော့ သူ့ရဲ့ အသက်အရွယ်အရ ကျွန်တော်တို့ အရေးယူထားတဲ့ ကိစ္စတွေ ရှိပါတယ်။ ပြစ်မှုပိုင်း ဆိုင်ရာက ကျွန်တော်တို့ အရေးယူခဲ့တာ ဖြစ်ပါတယ်။ တကယ်လည်း ပေါ်လွင်ပါတယ်။ သူ့ရဲ့ ပထမဦးဆုံး စခဲ့တဲ့ ပြဿနာကတော့ ရွေးကောက်ပွဲမှာ အနိုင်ရအောင် မတရားတဲ့ နည်းနဲ့ ရအောင် ကြိုးစားခဲ့တဲ့ ဟာပါ။ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်ပါတယ်။ ဒီမိုကရေစီမှာ အထွေထွေရွေးကောက်ပွဲသည် အသက်ပါပဲ။ အဲ့ဒီတော့ ရွေးကောက်ပွဲမှာ မတရားသဖြင့် လုပ်ခဲ့တဲ့ ဟာပါ။ ၂၀၂၁ ကျွန်တော်တာဝန်ယူတဲ့အချိန်မှာ ဒါတွေ စစ်ဆေးတွေ့ရှိချက်တွေ ကျွန်တော် website မှာ အကုန်တင်ထားပါတယ်။ မဲမသမာမှု ၃၀ ရာခိုင်နှုန်းမကလောက်ဖြစ်ခဲ့တာ။ တကယ်ဆိုးပါတယ်။ တိုင်းပြည်လည်း ဒီမိုကရေစီမှာ တော့ ရုပ်အပျက်ဆုံး ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ကလည်း သူ့ကို အရေးယူခဲ့တာ ရှိတယ်။
အဲ့ဒီမှာမှ ထပ်ပြီးတော့ ပေါ်လာတာက အဂတိမှုတွေဖြစ်ပါတယ်။ တကယ်တော့ အရေးယူမယ်ဆို တခြားအများကြီး ရှိပါတယ်။ ကျွန်တော်တို့ ဖြတ်ချလိုက်ပြီးတော့ ဒီလောက်လေးပဲ အရေးယူခဲ့တာ။ နောက်သူ့ရဲ့ အသက်အရွယ်အရပါ၊ နောက် စေတနာ စိတ် ပြီးတော့ ကျွန်တော်လုပ်နိုင်တဲ့ အခွင့်အာဏာအတွင်းကနေ ကျွန်တော် လျှော့ပေး လိုက်တာ။ ဒါပေမယ့် ကျွန်တော်တို့က အနာဂတ်ဆိုတာ ကြိုမမြင်နိုင်တော့ ဘာဖြစ် မလဲ ကျွန်တော်မပြောနိုင်ဘူး။ သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီးတော့ လျှော့ ပေါ့ စဉ်းစားမယ့်အချက်တွေ ပေါ်လာလို့ရှိရင်လည်း ကျွန်တော်တို့ စဉ်းစားမှာပါ။ ဒါလည်း သူမ အပေါ် မူတည်မယ်လို့ ကျွန်တော်တို့က ပြောချင်ပါတယ်။
နောက်တစ်ခုက သူ့ကိုလည်း ကျွန်တော် ကောင်းကောင်းထားပါတယ်။ မကြာသေး ခင်က ကျွန်တော် ICRC ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးတယ်၊ ဓာတ်ပုံတွေ ထုတ်ဝေတယ်။ အိမ်မှာ စနစ်တကျ ထားပါတယ်။ ကျွန်တော် အကျဉ်းထောင်ထဲမှာ မထားဘူး။ သူ့ကို relax သက်သက်သာသာ နေရတဲ့ ပြစ်ဒဏ်မျိုးပါ ကျွန်တော်တို့ ချထားတာ ဖြစ်ပါတယ်။ သူ့အပေါ်မှာ ကျွန်တော် အများကြီး သက်ညှာပါတယ်။
မေး။ ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အပေါ် မူတည်ပြီးတော့ သူ့ရဲ့ နိုင်ငံရေးအရ အခန်းကဏ္ဍ ဘယ်လို ဖြစ်မယ်လို့ ထင်ပါသလဲ ခင်ဗျာ။
ဖြေ။ ။ အဲဒါ သူ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒါကြောင့် ခုန ပြောတဲ့ အချက် ရှေ့ ဘာဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ မပြောနိုင်ဘူး။ အခြေအနေ ပေါ်မှာ အများ ကြီး တည်လိမ့်မယ်။ အဲဒီအပေါ် မူတည်ပြီးတော့ သူ့အတွက် အခွင့်အရေး ရမှာပါ။ ဒါလည်း သူ့ အပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒီ အခြေအနေပဲ ရှိမယ် လို့ ကျွန်တော် ပြောချင်ပါတယ်။
မေး။ ။အဆွေတော်က မန္တလေးမှာ မွေးခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ မှတ်သားမိပါ တယ်။ ပြီးတော့ အဆွေတော်ရဲ့ ဖခင်ကလည်း အနုပညာရှင် တစ်ယောက်လို့ ပြောပါ တယ်။
ဖြေ။ ။ မန္တလေးမှာ ကြီးပြင်းတာပါ။ မွေးတာတော့ မန္တလေးမှာ မဟုတ် ပါဘူး။ တခြား မြို့နယ်တစ်ခုမှာ မွေးဖွားတာပါ။ အဲဒီဒေသ ကျွန်တော် မကြာခဏ သွားပါ တယ်။ ခင်ဗျား ကျွန်တော့် သတင်း နားထောင်ရင် တွေ့ပါလိမ့်မယ်။
မေး။ ။မိသားစု နောက်ခံ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း မေးခွင့်ပြုပါ ခင်ဗျာ။ ဖခင်က အနုပညာသမားဖြစ်တော့ အဆွေတော် သမ္မတကြီးအနေနဲ့ ငယ်ဘဝက ဘယ်လို အခြေအနေမျိုးနဲ့ ဖြတ်သန်း ကြီးပြင်းခဲ့တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ခင်ဗျား မေးတော့လည်း နောက်ကြောင်း ပြန်စဉ်းစားရတာပေါ့။ ကျွန်တော့် မိဘတွေကတော့ မှန်ပါတယ်။ အဖေကတော့ အနုပညာသမား ပန်းချီဆရာ ဖြစ်ပါတယ်။ ငယ်ငယ်ကတော့ ကျွန်တော်တို့ ကျောင်း မနေ နေအောင် ပံ့ပိုးတယ်၊ ကလေးဆိုတော့ ကျောင်း မတက်ချင်လည်း အမေက ကျောင်း ရောက်အောင် ပို့ပေးခဲ့ တယ်။
နောက်တစ်ခုကတော့ ငယ်ငယ်လေးနဲ့ ကိုရင်ဝတ်တာပါ။ ကျွန်တော်တို့ ထုံးစံ ရှိတယ်၊ ရှင်ပြုတာပေါ့၊ ဘုန်းကြီးကျောင်းမှာ ကျွန်တော်တို့ ကိုရင် ဝတ်ရတယ်။ နှစ်ကြိမ် ဝတ်ခဲ့တယ်။ အဲဒီတော့ ဘာသာရေးနဲ့ ပတ်သက် ထိတွေ့မှု ရှိတော့ ဘာသာ သာသနာ အဆုံးအမ အောက်မှာ ကျွန်တော်တို့ နေခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာမှာတော့ ကြီးတဲ့သူ ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်တဲ့သူကျတော့ သနားကြင်နာတာပါ။ အချင်းချင်းကျတော့လည်း လေးစားမှု ချစ်ခင်မှု ရှိရပါတယ်။ ကြီးတဲ့သူကျတော့ ရိုသေမှု ရှိတယ်။ ဒါ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာရဲ့ ထုံးစံပါ၊ ဒီ အလေ့အကျင့်တွေ practice တွေ ကျွန်တော် ရအောင် မိဘတွေက လုပ်ပေးထားတယ် ။ မိဘတွေက ကျောင်း ရောက် အောင် ပို့ပြီး ပညာ သင်ပေးတယ်၊ အစ်ကို၊ အစ်မတွေက ကျွန်တော်တို့ကို ခေါ်ပြီးတော့ သင်ပေးတာတွေ ရှိတယ်။ ဒီလိုမျိုးနဲ့ ကျွန်တော် ကလေး ဘဝ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါ တယ်။
နောက်တစ်ခုက ကျွန်တော်က စာဖတ် ဝါသနာပါတယ်။ ငယ်ငယ်ကတည်းက ကျွန်တော့် မိဘတွေက စာဖတ်တာကို အားပေးပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့၊ မဂ္ဂဇင်းတို့၊ ဝတ္ထုတို့ အကုန် ဖတ်တယ်။ ကျွန်တော် စာကြည့်တိုက် သွားမယ်ဆိုလည်း မိဘတွေက အားပေးတယ်၊ စာကြည့်တိုက် သွားခဲ့တယ်။ အားတဲ့အချိန်ဆို စာကြည့်တိုက် သွားတယ်။ ဒါတွေက ငယ်ငယ်ကတည်းက စာဖတ်တဲ့ အကျင့်ကို မိဘတွေကနေ လုပ်ပေးခဲ့တာ ရှိတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ဝါသနာပါတယ်၊ မိဘတွေ ကလည်း ဒီပုံစံ ရောက်အောင် သွင်းပေးတယ်။
သူငယ်ချင်းတွေနဲ့ စုပြီးတော့ စာဖတ်တဲ့ အကျင့် ရှိတယ်။ အဲဒီ အကျင့်လေးတွေ ငယ်ငယ်ကတည်းက ရှိခဲ့တယ်။ သူငယ်ချင်းတွေနဲ့ နေကြတဲ့ အကျင့်ပါ။ ကျွန်တော် တစ်ယောက်တည်း ဘယ်တော့မှ မနေဘူး၊ သူငယ်ချင်းတွေနဲ့ ဆွေးနွေး တိုင်ပင် ပြောဆို တာ ကျွန်တော် အမြဲတမ်း လုပ်တာတွေ ရှိတယ်။ ဒီ အကျင့်တွေက ငယ်ငယ် ကတည်းက ကျွန်တော် ယူလာခဲ့တယ်။ အဲဒီလိုကြောင့်လည်း အခု ကျွန်တော် တာဝန်ထမ်းဆောင်တဲ့ အခါမှာလည်း ကျွန်တော် အများကြီး အထောက်အကူရခဲ့တာ တွေ့ပါတယ်။ အစ်ကို၊ အစ်မတွေရဲ့ ဆုံးမမှုတွေကလည်း ကျွန်တော့် အပေါ်မှာ အများကြီး အထောက်အကူ ရခဲ့ တာပါ။
မေး။ ။ခုနက ပြောသလို သူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တဲ့ အကျင့်ကြောင့် မို့လို့ပဲ လူအများနဲ့ ဆောင်ရွက်ရတဲ့ တပ်မတော်ထဲကို ဝင်ရောက်ခဲ့တာ မှန်ပါသလား ခင်ဗျာ။
ဖြေ။ ။ ဝါသနာလည်း ပါတာကြောင့် ဖြစ်ပါတယ်။
မေး။ ။ အလုပ်တော့ များနေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ဒါပေမယ့် အားတဲ့အချိန်မှာ ဂေါက်ကစား တာလား၊ ရုပ်ရှင်ကြည့်တာလား၊ ဘယ်လို အပန်းဖြေတာမျိုး ဆောင် ရွက်ပါသလဲ ခင်ဗျာ။
ဖြေ။ ။ ဂေါက်ရိုက်ပါတယ်။ ဟန်းဒီးကပ် ၁၈ ပါ။ လမ်းလျှောက်ပါတယ်။ ဒါပေမယ့် ကျွန်တော် ခါးနာလို့ မရိုက်တာ ၁ နှစ် ရှိပြီ၊ ခါးမကောင်းလို့ ဂေါက်ရိုက်တာ ၁ နှစ် နားထားတယ်။
မေး။ ။အဆွေတော် သမ္မတကြီးအနေနဲ့ မြန်မာ့သမိုင်းမှာ ထားခဲ့ချင်တဲ့ သမိုင်းအမွေ အနှစ်က ဘာဖြစ်မလဲ ခင်ဗျာ။
ဖြေ။ ။ တိုင်းပြည်အတွက် ထားချင်တဲ့ အမွေကတော့ တိုင်းပြည် တည်ငြိမ် အေးချမ်းမှုနဲ့ တိုးတက်ဖို့ ဆိုတာ နံပါတ်တစ်အချက်ပါ။ နောက်တစ်ခုကတော့ တိုင်းပြည် မှာ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ဖြစ်ဖို့အတွက် ကျွန်တော် လိုချင်တယ်။ တိုင်းပြည်မှာ ပညာနဲ့ ပတ်သက်ပြီး ပညာတွေ ပေါကြွယ်ဝတဲ့ လူတွေ ပေါများအောင် ဆောင်ရွက် ပေးဖို့ပါ။
မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီ ဆိုတဲ့ နေရာမှာလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့၊ ဒီမိုကရေစီက အမျိုးမျိုး ရှိတယ်၊ အမေရိကန်ရဲ့ ဒီမိုကရေစီ ရှိတယ်၊ ဥရောပရဲ့ ဒီမိုကရေစီ၊ ဥရောပတောင် မတူဘူး၊ အာရှမှာလည်း ဒီမိုကရေစီနိုင်ငံတွေ များတယ်၊ မတူကြဘူး၊ ကွဲပြားခြားနားမှု ရှိတယ်။ အဲဒီတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့၊ ထုံးတမ်းစဉ်လာနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော် ရအောင် လုပ်ပေးပါမယ်။
ခုနက ကျွန်တော် ပြောတဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အခွင့် အရေးတွေ၊ federal အခွင့်အရေးတွေ ကျွန်တော်တို့ ဆောင်ရွက်ပေးမယ်လို့ ပြောတယ်၊ ဒါက ကျွန်တော် ထားချင်တဲ့ နိုင်ငံရေးအရ မျှော်မှန်းချက်ပါ။ တိုင်းပြည်ကိုတော့ တကယ် အေးချမ်းသာယာတဲ့ တိုင်းပြည်၊ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်၊ မြန်မာ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီနိုင်ငံ၊ ပညာတတ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်အောင် ကျွန်တော် တာဝန်ယူတဲ့ အချိန်မှာ အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားမယ်။
