ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ်လ ၁၈ ရက်နေ့ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် ရုရှားအစိုးရအဖွဲ့အိမ်တော်အစည်းအဝေးခန်း၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲပြုလုပ်မည့် ရုရှားအစိုးရအဖွဲ့ရုံးသို့ ရောက်ရှိလာရာရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့  ဝန်ကြီးချုပ်ကကြိုဆိုနှုတ်ဆက်၍   မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး တွေ့ဆုံပွဲကိုကျင်းပပြုလုပ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့်  ဦးခင်မောင်ရီ၊  ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူ ရုရှားအစိုးရအဖွဲ့မှဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင် ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်က ယခုကဲ့သို့ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခဲ့သည့်အတွက် ဝမ်းမြောက်စွာကြိုဆိုပါ ကြောင်း၊ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အာရှ၊ အရှေ့တောင်အာရှနှင့်အာရှပစိဖိတ် ဒေသအတွက် အရေးပါသည့် မိတ်ဖက် မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ဘက်စုံကဏ္ဍစုံမှပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဦးစွာပြောကြားသည်။

ယင်းနောက်  နိုင်ငံတော်သမ္မတက အဆွေတော်ဝန်ကြီးချုပ်နှင့်ယခုကဲ့သို့ထပ်မံ တွေ့ဆုံ ဆွေးနွေးရသည့်အတွက်အထူးပင် ဝမ်းမြောက်မိကြောင်း၊ မိမိအနေဖြင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ ၁၄ ကြိမ်မြောက် လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်းရုရှားနိုင်ငံသို့ ပထမဆုံးနိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပါကြောင်း၊ ယခု တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနှင့်နယ်ပယ်စုံ၊ ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်မည်ဟုယုံကြည်ကြောင်း ပြန်လည်ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိပြီး ရှည်လျားကောင်းမွန်သည့် သံတမန်ဆက်ဆံမှုများရှိကာ အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့်အပြန်အလှန်လေးစားတန်ဖိုးထားမှုများကို ခိုင်မာစွာဖော်ညွှန်းပြသလျက်ရှိမှု၊ နိုင်ငံတကာမျက်နှာတွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအကျိုးအတွက် ခိုင်ခိုင်မာမာထောက်ခံရပ်တည်ပေးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်းနိုင်ငံများနှင့်အာဆီယံအပါအဝင် နိုင်ငံတကာနှင့်သံတမန်ဆက်ဆံ ရေးများပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံဗဟိုအစိုးရများ၏ကောင်းမွန်သော ဆက်ဆံရေးသာမက ရုရှားနိုင်ငံဖက်ဒရယ်ပြည်နယ်များနှင့်လည်း ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတည်ဆောက်လာနိုင်ပြီး စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍများ ပိုမိုတိုးတက်ဆောင်ရွက်လာနိုင်သည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ် ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဒီဂျစ်တယ်နည်းပညာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဘာသာရေးနှင့်ယဉ်ကျေးမှုကဏ္ဍ၊ ပင်လယ်ရေကြောင်းနှင့်ပို့ဆောင်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ အားကစားကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ။ 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပညာတတ်လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာတော်သင်များစေလွှတ်ရေး အပါအဝင် ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအစိုးရတို့အကြား “ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်” ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဂြိုဟ်တုနှင့်အာကာသသိပ္ပံနည်းပညာဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာအာကာသယာဉ်မှူးများ အာကာသ ခရီးစဉ်တွင် ပါဝင်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းရွေးချယ်လေ့ကျင့်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ဂြိုဟ်တုနှင့် အာကာသ နည်းပညာများကို စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအပါအဝင် အခြား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အသုံးချနိုင်ရန်အတွက် မြန်မာအာကာသအေဂျင်စီက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရှိ အာကာသအေဂျင်စီများ၊ အဖွဲ့အစည်းများနှင့်လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ အသေးစားနျူကလီးယားလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအပါအဝင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်စွမ်းအင် ထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက် သွားမည့် အခြေအနေများ၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေးနှင့်ရေထွက်ပစ္စည်းများ ယခုထက်ပိုမိုတင်ပို့နိုင်ရေးအပါအဝင် နှစ်နိုင်ငံအကြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေ အနေများကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်က ရင်းနှီးနွေးထွေးစွာဖြင့် လိုက်ပါပို့‌ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *