တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးပြီး အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ဒေသများတွင် ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပြန်လည်ချောမွေ့လာစေရန် နှင့်ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော မြို့/ရွာများ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ၊ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဒေသတွင်းနေထိုင်ကြသည့် ပြည်သူလူထု၏လူမှုစီးပွားဘဝများ လုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက်အရှိန်အဟုန်ဖြင့် နေ့မအားညမနား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လမ်းကြောင်းအားအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရန် တပ်မတော်က ဇွန် ၂ ရက်မှစတင်၍ အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီးနောက် ဇူလိုင် ၇ ရက်ညနေပိုင်း၌ ကလေးဝ-ယာကြီး-မုံရွာ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သဖြင့် ကလေးဝ-ကလေး-ဖလမ်း-ဟားခါး-ထန်တလန်၊ ကလေးဝ- ကလေး-တီးတိန်-တွန်းဇံ-ကျီခါး၊ ကလေးဝ-မုံရွာ-မြင်းမူ-စစ်ကိုင်း-မန္တလေးတိုသို ပြန်လည်သွားလာနိုင်ပြီဖြစ်ကာ ကုန်စည်ပိုဆောင်ရေးယာဉ်များနှင့် ခရီးသွားများအနေဖြင့်လည်း ပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယနေ့တွင် ကလေးဝမြို့သို့ ရောက်ရှိလာသည့် တပ်မတော်စစ်ကြောင်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက အောင်သပြေများ၊ ပန်းကုံးများဖြင့် ဝမ်းသာအားရ သောင်းသောင်းဖြဖြကြိုဆို ခဲ့ကြသည်။
