လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လွန်ပရာဘန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လာအိုနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး (Minister in Attendance) မစ္စတာ ထောင်ဆာဗန်ဖုန်ဗီဟေးနှင့်ဇနီး ဦးဆောင်သည့် လာအိုအစိုးရ အဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကိုနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ရာဇာထွန်းနှင့်ဇနီး၊ တာဝန်ရှိသူများက လေဆိပ်၌ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုသို့ပို့ဆောင်နှုတ်ဆက်စဉ် ကော်ဇောနီ၏ ဘေးတစ်ဖက်တစ်ချက်တွင် လာအိုကင်းထောက်လူငယ် မောင်မယ်လေးများက နှစ်နိုင်ငံအလံများဝှေ့ယမ်းပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ကို လှိုက်လှဲနွေးထွေးစွာဖြင့် နှုတ်ဆက်ကြသည်။
