

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက် ညနေပိုင်းက တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း (Li Qiang) အား လက်ခံတွေ့ဆုံကာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ပေါက်ဖော်ချစ်ကြည်ရေးနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ မြှင့်တင်ရေးတိုကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
မစ္စတာ လီချန်းသည် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် နိုင်ငံ၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဦးဆောင်ဆောင်ရွက်နေသူဖြစ်ပြီး တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များအနက် တစ်ဦးလည်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယခု တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့် ဝန်ကြီးချုပ် လီချန်းတို့ အပါအဝင် တရုတ်နိုင်ငံ၏ အဆင့်မြင့်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
