အီရန်ဒရုန်းတစ်စင်းက ကူဝိတ်၏အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထိမှန်ခဲ့သောကြောင့် တစ်ဦးသေဆုံးသွားခဲ့ပြီး နောက်ထပ် ၆၃ ဦး ဒဏ်ရာရသွားခဲ့သည်ဟု ဇွန် ၃ ရက်တွင် ကူဝိတ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အီရန်နှင့် ပင်လယ်ကွေ့ရောက်အမေရိကန်တပ်ဖွဲ့များ တိုက်ခိုက်မှုအရှိန်မြင့်တက်လာချိန်တွင် ကူဝိတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ယခုတိုက်ခိုက်မှုက ပျက်တော့မလိုလို ဖြစ်နေသည့် ဧပြီ ၈ ရက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြင်းပြင်းထန်ထန် စမ်းသပ်မှုဖြစ်လာခဲ့သည်။
လေဆိပ်တိုက်ခိုက်မှုသည် တရားမဲ့သောအီရန်ကျူးကျော်တိုက်ခိုက်မှုဖြစ်သည်ဟု ကူဝိတ်စစ်တပ်က ပြောကြားခဲ့သည်။ အမေရိကန်တပ်ဖွဲ့များက ရေနံတင် သင်္ဘောတစ်စင်းနှင့်အီရန်၏ Qeshm ကျွန်းပေါ်ရှိ ဆက်သွယ်ရေးတာဝါတိုင်တို့ကိုပစ်မှတ်ထားခြင်းဖြင့် တိုက်ခိုက်မှုများကို လုပ်ဆောင်လာခြင်းဖြစ်သည်ဟု အီရန်တော်လှန်ရေး အစောင့်တပ်က ပြောကြားခဲ့သည်။
အရေးပါသော အရပ်ဘက် အခြေခံအဆောက်အအုံကို ထပ်မံပစ်မှတ်ထားသော တိုက်ခိုက်မှုကို ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ရှုတ်ချလိုက်ပြီး တစ်ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့သည် ဟုဆိုသည်။ သေဆုံးသွားသူမှာ လေဆိပ်ကိုရောက်နေသည့် အိန္ဒိယနိုင်ငံသားဖြစ်သည်ဟု လေ ဆိပ်သတင်းအရင်းအမြစ်က AFP သတင်းထောက်ကို ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလာအယ်ဆာနက်က ပြောကြားရာတွင် လူနာတင်ယာဉ် ၂၅ စင်းကို စေလွှတ်လိုက်သည်ဟု ဆိုသည်။ ပေါက်ကွဲမှုများကြောင့် ၆၃ ဦး ဒဏ်ရာရခဲ့ရာ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ ဦးနှောက်သွေးကြောပေါက်ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြတ်တောက်ရခြင်း၊ ဒဏ်ရာရခြင်းများရှိခဲ့သည်ဟု ဆို သည်။
ကူဝိတ်က တိုက်ခိုက်ခံရပြီးနောက် လေကြောင်းပျံသန်းမှုများကို ရပ်ဆိုင်းထားလိုက်ပြီး လေဆိပ်သို့ဝင်လာသောလေယာဉ်များကို အခြားလေဆိပ်များသို့ လမ်းကြောင်းလွဲှပေးခဲ့သည်။သို့သော်လည်း နောက်ပိုင်းတွင် ကူဝိတ်လေကြောင်း၏လေယာဉ်ခရီးများကို ပြန်လည်စတင်ခဲ့သည်။ စစ်ပွဲအတွင်းတွင် ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်။ လေဆိပ်သည် ဇွန် ၁ ရက်တွင် လုပ်ငန်းများကို အပြည့် အဝပြန်လည် လည်ပတ်ခဲ့သည်။
ဇွန် ၃ ရက်တွင် အီရန်က ကူဝိတ်ကို ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်း ၃၀ ပစ်လွှတ်ကာ တိုက်ခိုက်ခဲ့သည်ဟု ကူဝိတ်စစ်တပ်က ပြောကြားခဲ့သည်။ ပဲ့ထိန်းဒုံးကျည် ၁၃ စင်းနှင့် ဒရုန်း ၁၇ စင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
