မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍အဖွင့်အမှာစကားပြောကြား

မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Taj Mahal ဟိုတယ်၌ကျင်းပပြုလုပ်ရာ အိန္ဒိယနိုင်ငံသို့တရားဝင်ခရီးစဉ်ရောက်ရှိနေသည့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အခမ်းအနားကျင်းပပြုလုပ်မည့် Taj Mahal  ဟိုတယ်သို့ရောက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့ဝင်များ၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံ ကုန်သည်များနှင့်စက်မှုအသင်းချုပ်(FICCI) အတွင်းရေးမှူးချုပ်၊ အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(CII)မှ Senior Advisor ဖြစ်သူတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် အခမ်းအနားကိုကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့်အတူ  ခရီးစဉ်တွင်လိုက်ပါလာသည့်  ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နာယကနှင့်အဖွဲ့ဝင်များ၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံ ကုန်သည်များနှင့်စက်မှုအသင်းချုပ်(FICCI) အတွင်းရေးမှူးချုပ် Mr. A,nant Swa,rup Ji ၊ အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(CII)မှ Senior Advisor Dr. Vikramjit Singh Sahney Ji ၊ ဖိတ်ကြားထားသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့်ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ကြသည်။

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံမိတ်ဖက် ဆက်ဆံရေး

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ရှည်လျားလှသည့် ကုန်းမြေနှင့် ရေပြင်နယ်နိမိတ်ချင်းထိစပ် နေရုံသာမက ရိုးရာယဉ်ကျေးမှုချင်းဆက်နွယ် နေပြီး ရှေးနှစ်ပေါင်းများစွာကတည်းက ခိုင်မာသည့်သမိုင်းဝင်ချစ်ကြည်မှုအခြေခံကောင်းများရှိကြသည့် “အိမ်နီးချင်းကောင်း” နိုင်ငံများဖြစ်ကြကြောင်း၊ အိန္ဒိယနိုင်ငံသည် ဗုဒ္ဓမြတ်စွာပွင့်ထွန်းရာ မြေမြတ်မဟာဖြစ် သကဲ့သို့ မြန်မာနိုင်ငံသည်လည်း အဆိုပါ ဗုဒ္ဓတရားတော်များနှင့် ယဉ်ကျေးမှုတို့ကို ယနေ့တိုင်အလေးအနက် တန်ဖိုးထားလိုက်နာ ထိန်းသိမ်းထားသည့်နိုင်ငံဖြစ်ကြောင်း။

ထိုသို့ဓမ္မကြောင်းအရ၊ သမိုင်းကြောင်းအရ ဆက်နွယ်မှု၊ အပြန်အလှန်လေးစား ယုံကြည်မှုတို့သည် မိမိတို့နှစ်နိုင်ငံယဉ်ကျေးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခရီးလမ်းအတွက် ခိုင်မာလှသည့် အခြေခံ အုတ်မြစ်ကြီးတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် စိန်ရတု မှတ်တိုင်ကိုအတူဖြတ်ကျော်ခဲ့ပြီး ယခုအခါ ၇၈ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကိုလိုနီလက်အောက်တွင် အတူတကွနေခဲ့ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့်  ရှေးယခင်ကတည်းက  ကူးလူး ဆက်ဆံမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင် အိန္ဒိယနွယ်ဖွားများစွာရှိပြီး ယနေ့ထက်တိုင် အေးအတူပူအမျှ အတူတကွနေထိုင်လုပ်ကိုင်လျက်ရှိကြကြောင်း။

ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ နှင့် ထိတွေ့ဆက်ဆံသည့်မူဝါဒ (Act East Policy)နှင့် (Neighbourhood First Policy) တို့ကို ပိုမိုမြဲမြံခိုင်မာစေသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း   ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့် တင်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ အဆွေ တော်တို့ သိရှိပြီးဖြစ်သည့်အတိုင်း မိမိတို့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းနှင့်အညီ ပြည်သူလူထုက ရွေးကောက်တင် မြှောက်သည့် အစိုးရသစ်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံအဖြစ် ခိုင်မာအားကောင်းအောင် မိမိအနေဖြင့်ဆောင်ရွက်နေကြောင်း၊ မိမိတို့အစိုးရသစ်လက်ထက်တွင် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက် မှုများကို ဖော်ဆောင်နိုင်ရန် မိတ်ဖက်နိုင်ငံများနှင့် မဟာဗျူဟာမြောက် စီးပွားရေး တိုးမြှင့်နိုင်ရေးဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု

လက်ရှိအချိန်တွင် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံအစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် ပြည်သူများအကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာသည်နှင့်အမျှ အပြန် အလှန်နားလည်မှုနှင့်  ယုံကြည်မှုများ တိုးတက်ခိုင်မြဲလာသည်ကို တွေ့ရကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများတွင်ပါဝင်ပြီး မြန်မာ နိုင်ငံက စတုတ္ထမြောက် ပို့ကုန်အများဆုံးတင်ပို့နေသည့်နိုင်ငံဖြစ်သကဲ့သို့  မြန်မာ နိုင်ငံကို ဆဋ္ဌမမြောက်သွင်းကုန်အများဆုံး တင်သွင်းနေသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ်ပျမ်းမျှ ၁ ဒသမ ၅ ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံ အနေဖြင့် ပို့ကုန်ပိုများပြားကြောင်း။

မြန်မာနိုင်ငံမှ အိန္ဒိယသို့ မတ်ပဲ၊ ပဲစင်းငုံနှင့် မြေထောက်ပဲ၊ ရေထွက်ပစ္စည်း၊ ချုပ်ပြီး အထည်၊ သစ်ပါးလွှာနှင့်အထပ်သားတို့ကို အဓိကတင်ပို့နေပြီး မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယထုတ်ကုန်များဖြစ်သည့် ဆေးဝါး၊ ရေနံထွက်ပစ္စည်း၊   ဓာတုဗေဒပစ္စည်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် လယ်ယာသုံးစက်ပစ္စည်းများကို  အဓိက တင်သွင်းနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယနိုင်ငံမှ ပို့ကုန်များတိုးမြှင့်နိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊ ဥပမာအားဖြင့် သံနှင့် သံမဏိ၊ ဆေးဝါး၊ ဓာတုဗေဒပစ္စည်း များဖြစ်ကြောင်း။

အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ

လက်ရှိအချိန်တွင်  အိန္ဒိယနိုင်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်းနှင့် (၁၁)နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယရင်းနှီးမြှုပ်နှံမှုသူများအနေဖြင့် မြန်မာနိုင်ငံ၏ စက်မှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့တွင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရ ကြောင်း။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်ခုဖြစ်ပြီး သဘာဝတည်နေရာအရ ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကြီးမားသည့် ဈေးကွက်နှင့်လျင်မြန်စွာတိုးတက်နေသည့် အာဆီယံဒေသတွင်း အချက်အချာကျသည့် နေရာတွင်ရှိနေကြောင်း၊ ထို့ပြင်စိုက်ပျိုးရေးလုပ်ငန်းကောင်းစွာ ဆောင်ရွက်နိုင်သည့် ရာသီဥတု၊ လုပ်သားအင်အားနှင့်လုံလောက်သည့်  စိုက်ပျိုးမြေအကျယ်အဝန်းရှိပြီး အရှေ့တောင်အာရှဒေသတွင် လယ်ယာမြေအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့်လည်း စိုက်ပျိုးမွေးမြူရေးအခြေခံ ကောင်းများကိုအသုံးချပြီး စားရေရိက္ခာ အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်စေရေး မူဝါဒချမှတ်ဆောင်ရွက်နေကြောင်း။

အိန္ဒိယနိုင်ငံသည် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများတွင် အားကောင်းသည့်အတွက် မြန်မာနိုင်ငံတွင် မွေးမြူရေး လုပ်ငန်းများနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် အခွင့်အလမ်းများရှိကြောင်း၊ လက်ရှိအချိန်တွင် မြန်မာ နိုင်ငံအနေဖြင့် ပြည်တွင်းအတွက် လိုအပ်သည့် ဆေးဝါးများကို ပြည်ပမှတင်သွင်းလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် ဆေးဝါး (Generic Medicine) ထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆေးဝါးလိုအပ်ချက် ၆၀ ရာခိုင်နှုန်းဝန်းကျင်ခန့်ကို  အိန္ဒိယနိုင်ငံမှ  တင်သွင်းနေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာရှိကြောင်း။

MSME လုပ်ငန်းများသည် မြန်မာ့စီးပွားရေး၏ မောင်းနှင်အားဖြစ်သကဲ့သို့ အိန္ဒိယ နိုင်ငံ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် နည်းပညာတိုးတက်မှုများ ကိုလည်း မိမိတို့အနေဖြင့် များစွာအသိ အမှတ်ပြုကြောင်း၊ စက်မှုအုပ်စုများ (Industrial Clusters)တည်ထောင်ခြင်း၊ နည်းပညာလွှဲပြောင်းရယူခြင်းနှင့် သက်မွေး ပညာသင်တန်း ကျောင်းများ (Vocational Training) ပူးပေါင်းဖွင့်လှစ်ခြင်းဖြင့် နှစ်နိုင်ငံ အကျိုးရှိမည့်  Value  Chain  တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုကုန်ကျစရိတ်နှင့်အချိန်ကိုလျှော့ချနိုင်ရန် ပို့ဆောင်ဆက်သွယ်ချိတ်ဆက်မှုသည် အလွန်အရေးကြီးကြောင်း။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင် ရေးစီမံကိန်း (Kaladan Multi-Modal Transit Transport Project)နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (Trilateral Highway)တို့သည် နှစ်နိုင်ငံ ကုန်သွယ်မှုကိုသာမက အာဆီယံ-အိန္ဒိယ စီးပွားရေးစင်္ကြံကိုပါ ဖွင့်လှစ်ပေးမည့် သော့ချက်များဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ စီးပွားရေးစင်္ကြံများတစ်လျှောက် အထူးစီးပွားရေးဇုန်များ(SEZs)နှင့်ထောက်ပံ့ ပို့ဆောင်ရေး အခြေခံအဆောက်အအုံ (Logistics Hubs)များတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများရှိနေကြောင်း။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဦးစားပေးဖိတ်ခေါ်မှု

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများအဖြစ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဝန်ဆောင်မှု၊ ဆေးဝါးထုတ်လုပ်မှု၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များအဖြစ်သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့် ကဏ္ဍများအနေဖြင့် စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်  လယ်ယာအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဦးစားပေးအဖြစ် သတ်မှတ် ဖိတ်ခေါ်လျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ လိုအပ်ချက်အရ ဓာတ်မြေဩဇာ၊ ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတိုးတက်စေရန် လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းနှင့် စားသုံးဆီထုတ်လုပ်ခြင်းစသည့် ကဏ္ဍများတွင် မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ပါက ဦးစားပေးဝန်ဆောင်မှုများဖြင့် အထူးပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ထို့အပြင် ပြည်တွင်းထွက်ကုန်အခြေခံ သစ်အချောထည် ပရိဘောဂလုပ်ငန်းများ၊ သစ်ပါးလွှာ၊ အထပ်သား၊ သစ်ကြိတ်သားနှင့် သစ်ခွဲသားထုတ်လုပ်မှုလုပ်ငန်းများအပြင် အဆင့်မြင့်ချည်၊  အဆင့်မြင့်ရာဘာနှင့် ရာဘာအခြေခံ  ပရိဘောဂပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ရွေးကောက်ခံအစိုးရအနေဖြင့် နိုင်ငံအတွင်းစီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရန်အတွက် စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို  အထူးအလေးထားဆောင်ရွက်နေကြောင်း။

အထူးသဖြင့် စည်းမျဉ်းလုပ်ထုံးလုပ်နည်းများကို ပြန်လည်ဆန်းစစ်ပြီး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ်စနစ် (Digital Transformation)သို့ အသွင်ကူးပြောင်းဆောင်ရွက်လျက်ရှိရာတွင်  မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀  ကို  ရေးဆွဲဖော်ဆောင်လျက်ရှိကြောင်း၊ ထို့အတူ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊  မြေဧရိယာ ၁၀,၀၀၀ ဧကခန့်အား ရတနာပုံဆိုက်ဘာစီတီး(ရတနာပုံမြို့သစ်) စီမံကိန်းအဖြစ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထို့ကြောင့် IT ကဏ္ဍတွင် အောင်မြင်ပြီးဖြစ်သည့် အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့် IT နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများပင်ဖြစ်ကြောင်း။

အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းဦးစားပေးမူဝါဒ၊  အရှေ့နှင့်  ထိတွေ့ဆက်ဆံသည့် မူဝါဒ၊   နှစ်နိုင်ငံ  ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးအရအိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံတွင် ကုန်သွယ်မှုသာမက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် လက်ရှိထက်အဆများစွာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့် အလမ်းကောင်းများရှိနေခြင်းဖြစ်ကြောင်း၊ အဆိုပါအလားအလာများကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် မိမိတို့နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကို ပိုမိုနီးကပ်စွာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်မှု

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရေးသည် လုပ်ငန်းရှင်များအတွက် အရေးကြီးသည်ကို ကောင်းစွာသိရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်မှု လွယ်ကူချောမွေ့စေရေးဆောင်ရွက်ထား ရှိမှုအချို့ကိုမျှဝေလိုကြောင်း၊  မြန်မာ- အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်နှင့်  ကုန်စည်စီးဆင်းမှု  မြန်ဆန် ချောမွေ့စေရန်အတွက် ရူပီး-ကျပ်တိုက်ရိုက် ငွေပေးချေမှုစနစ်ကို ၂၀၂၄ ခုနှစ်တွင် စတင် ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါစနစ်သည် “Special Rupee Vostro Account (SRVA)ကို အသုံးပြုပြီး နှစ်နိုင်ငံငွေကြေးဖြစ်သည့် ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ဖြစ်သည့်အတွက် စရိတ်စက သက်သာစွာဖြင့် ဆောင်ရွက်နိုင်ပြီး   နယ်စပ်ကုန်သွယ်မှုသာမက ပုံမှန်ကုန်သွယ်မှုအတွက်လည်း ပါဝင်ခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုသာမက နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးနိုင်ရေး အစဉ်တစိုက်ကြိုးပမ်း လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးနိုင်ရန် ကုန်အမှတ်တံဆိပ် စက်မှုဒီဇိုင်းတီထွင်မှုနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့သည်  ၂၀၂၄  ခုနှစ်မှာ အပြည့်အဝအသက်ဝင်လည်ပတ်နေပြီဖြစ် သည်ကို  ပြောကြားလိုကြောင်း၊ ထို့ပြင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာဖြင့်တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူစာချုပ်အသစ် ချုပ်ဆိုနိုင်ရေးအတွက် ဆက်လက်ဆွေးနွေးဆောင်ရွက်ကြမည် ဖြစ်ကြောင်း။

ထို့ကြောင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အားကောင်း လာစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဆေးဝါး ထုတ်လုပ်မှု၊  ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေး ဝန်ဆောင်မှု၊   ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် အိန္ဒိယလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန် အထူးဖိတ်ခေါ်လိုကြောင်း၊ မိမိတို့အနေဖြင့်   ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် စီးပွားရေးတွက်ခြေကိုက်မှု တစ်ခုတည်းကိုသာမကဘဲ ရေရှည်တည် တံ့မည့် ဂေဟစနစ်နှင့် စီးပွားရေးဟန်ချက်ညီမှု (Ecology and Economy Balancing) ကိုလည်းအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အလေးထားသည့်  တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု (Responsible Investment) များကို အပြည့်အဝကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင်ရှိသည့် အိန္ဒိယရင်းနှီးမြှုပ်နှံသူများ၏ အဆင်ပြေချောမွေ့စေရေးကိုလည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေးကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည်   အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာများ အတွက် အာဆီယံနှင့် တရုတ်နိုင်ငံတို့သို့ ဆက်သွယ်ချိတ်ဆက်ပေးထားသည့် တံတားတစ်စင်း(Land Bridge)သဖွယ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်ဦးနှစ်ဖက် ရေရှည်မျှဝေခံစားကြမည့် “Win-Win” အခြေအနေကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီးများနှင့် မြန်မာနိုင်ငံ၏ ကြွယ်ဝသည့် သဘာဝသယံဇာတ၊ တည်နေရာအချက်အချာ၊ လူငယ်လုပ်သားထုတို့ကို အထိရောက်ဆုံးပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန် (Value-added)နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း။

ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်မှုအလားအလာများကို မျှဝေခွင့်ရသည့်အတွက် အထူးဝမ်းမြောက်ကြောင်း၊ ယနေ့တွေ့ဆုံမှုမှတစ်ဆင့် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သမိုင်းစာမျက်နှာသစ်ကိုအတူတကွဖွင့်လှစ်နိုင်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မြဲကာ နှစ်နိုင်ငံပြည်သူများအတွက် သာယာဝပြောသည့်  အနာဂတ်ကိုဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အိန္ဒိယနိုင်ငံ ကုန်သည်များနှင့် စက်မှုအသင်းချုပ်(FICCI) အတွင်းရေး မှူးချုပ်နှင့် အိန္ဒိယစက်မှု လက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(CII)မှ Senior Advisor ဖြစ် သူတို့က ပြန်လည်ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ရှည်လျားသည့် မိတ်ဖက်ဆက်ဆံရေးရရှိပြီး မိမိတို့အနေဖြင့် လွန်စွာတန်ဖိုးထားပါကြောင်း၊ မြန်မာနိုင်ငံမှ အစိုးရအဖွဲ့အစည်းများ၊ ကုန်သည်ကြီးများအသင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ပိုမိုနီးကပ်စွာပူးပေါင်း ပါဝင်လာနိုင်ခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် Busi-ness-to-Business Engagement များ တိုးတက်လာစေရန် အရေးပါသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးမှာ သမိုင်းကြောင်းအရ ထူးခြား ပြီး ယဉ်ကျေးမှု၊ ဘာသာရေးနှင့် လူမှုဆက်ဆံ ရေးများအပေါ် အခြေခံတည်ဆောက်ထား သောခိုင်မာသည့် ဆက်ဆံရေးဖြစ်ကြောင်း၊ နှစ်နိုင်ငံသည်နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းရည်မြှင့်တင်ရေးနှင့်နယ်စပ်ဒေသဖွံ့ဖြိုးရေး စသည့်ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်မှုများ  ပိုမိုတိုးချဲ့လာနိုင်ပါကြောင်း၊  နှစ်နိုင်ငံအကြား  စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများမှာ  နှစ်စဉ်တိုးတက်လျက်ရှိပါကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် အခွင့်အလမ်းများစွာရှိပါကြောင်း၊ မြန်မာ- အိန္ဒိယနှစ်နိုင်ငံတို့သည် လွန်စွာအလားအလာကောင်းသောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးကို တိုးမြှင့်စွမ်းဆောင်ရန် အကောင်းဆုံးအနေအထားတွင်ရှိနေပါကြောင်း၊ ယနေ့ကဲ့သို့သောတွေ့ဆုံဆွေးနွေးမှုသည် မဟာဗျူဟာရည်ရွယ်ချက်များကို လက်တွေ့ကျသော ရလဒ်များအဖြစ်ဆောင်ရွက်နိုင်သည့်နည်းလမ်းများဖြစ်သည်ကိုတွေ့ရပါကြောင်း၊ ယနေ့တွေ့ဆုံမှုမှတစ်ဆင့် ပိုမိုခိုင်မာသော စီးပွားရေးချိတ်ဆက်မှုများ၊ လက်တွေ့ကျသောရလဒ်များနှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များ ပေါ်ပေါက်လာမည်ဟု ယုံကြည် ပါကြောင်းဖြင့် ပြောကြားသည်။

အိန္ဒိယနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းဆွေးနွေး

ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်ဘက်အစိုးရမှ အားပေးထောက်ပံ့ပေးစေလိုမှု၊ နှစ်နိုင်ငံကုန်သွယ်မှုအကြား ငွေကြေးလဲလှယ် မှုဆိုင်ရာများနှင့် ငွေကြေးလွှဲပြောင်းပေးပို့မှုများ အဆင်ပြေချောမွေ့မှုရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ မြန်မာနိုင်ငံတွင်စိုက်ပျိုးရေးကို ကောင်းစွာဆောင်ရွက်နိုင်သည့် အခြေခံကောင်းများရှိပြီးဖြစ်သောကြောင့် စိုက်ပျိုးရေးကဏ္ဍတိုးတက်စေရေး အိန္ဒိယနိုင်ငံမှ စိုက်ပျိုးရေးကုမ္ပဏီများကို ဖိတ်ခေါ်ရာတွင် မည်ကဲ့သို့ဖိတ်ခေါ်လိုမှု၊ မြန်မာနိုင်ငံတွင် IT နည်းပညာတိုးတက်ရေးအတွက် ဆောင်ရွက်ရာ၌ အိန္ဒိယနိုင်ငံ ကုမ္ပဏီများအပေါ် လိုအပ်သည်များ ပံ့ပိုး ဆောင်ရွက်စေလိုမှု၊ ကုန်သွယ်မှုလုပ်ငန်းများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားလိုမှု၊ မြန်မာ့ပဲအမျိုးမျိုးသည်အရည်အသွေးမြင့်ခြင်းကြောင့် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှုကြောင့် ကုန်ထုတ်လုပ်မှုများ ပိုမိုတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးပြောကြားကြသည်။

ဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေး

အိန္ဒိယနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ၏ မေးမြန်းမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးများနှင့် တာဝန်ရှိသူများက နှစ်နိုင်ငံအကြား ငွေကြေးလဲလှယ်မှုဆိုင်များ အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ ကုန်သွယ်မှုများအဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊  အခွန်ကောက်ခံမှုစနစ်များကိုလည်း သတ်မှတ်ချက်များနှင့်အညီသာ ကောက်ခံလျက်ရှိမှု၊ ကုန်သွယ်မှုများငွေပေးချေမှုများကို အဆင်ပြေစေရေးဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများတိုးတက်စေရေးအတွက် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ မတ်ပဲစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ ဓာမြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ IT လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအနေဖြင့် လိုအပ်သည့် ဖြေလျှော့မှုများကို ဆောင်ရွက်ပေးနိုင်မှုနှင့် လတ်တလောကာလတွင် ပြင်ဦးလွင်မြို့ရှိ ရတနာပုံဆိုက်ဘာစီးတီးတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင်  ယနေ့ကျင်းပသည့် ဆွေးနွေးပွဲ၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံများများတိုးမြှင့်ရေးအတွက် အိန္ဒိယနိုင်ငံမှလာရောက်ရင်းနှီးမြှုပ်နှံနိုင်မှုများကို ဖိတ်ခေါ်ကြောင်း၊ ကုန်သွယ်မှုတွင် ရင်းနှီးမြှုပ်နှံမှုများခိုင်မာအားကောင်းရန်လိုကြောင်း၊ထို့ကြောင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများတွင် မိမိတို့အနေဖြင့် အာမခံနိုင်သည့် လုပ်ငန်းများကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရာတွင် နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းရန်လိုကြောင်း။

မိမိအနေဖြင့် ကုန်ပစ္စည်းများရောင်းချရာတွင် အမြတ်နည်းနည်းဖြင် အရေအတွက်များများရောင်းချသည့် မူဝါဒကိုချမှတ်ထားကြောင်း၊ အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများဖြစ်သည့် သံနှင့်သံမဏိများ၊ ဓာမြေဩဇာများကို မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ၍ ထုတ်လုပ်ရောင်းချမည်ဆိုပါကလည်း မိမိတို့အနေဖြင့် ဖိတ်ခေါ်ကြောင်း၊ မိမိတို့နိုင်ငံမှတစ်ဆင့် အခြားအိမ်နီးချင်းနိုင်ငံများသို့ပြန်လည်ရောင်းချနိုင်သည့် ဈေးကွက်လည်းရှိကြောင်း၊ ထားဝယ်ရေနက်စီမံကိန်းမှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ကြောင်း။

ကုန်သွယ်မှုနှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်စေလိုကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံအတွက် လိုအပ်သည့်ပစ္စည်း များ တိုက်ရိုက်တင်သွင်းခြင်းကို မဖြစ်မနေခွင့်ပြုပေးလျက်ရှိကြောင်း၊ ကုန်သွယ်မှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှလိုအပ်သည့်ပစ္စည်းများကို တင်ပို့နိုင်ရေးဆောင်ရွက်သွားစေလိုကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဆင်ပြေချောမွေ့စေရေး အတွက် နှစ်ဖက် ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်း၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း။

IT လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့် နှစ် ၂၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အနီးတွင် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေခဲ့ကြောင်း၊ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံလိုပါက ဖိတ်ခေါ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် IT နည်းပညာနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်ရန် များစွာလိုအပ်နေသေးကြောင်း၊ ယခုအခမ်းအနားသို့ တက်ရောက်လာကြသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံသည် သမိုင်းကြောင်းအရ များစွာတူညီမှုရှိကြောင်း၊ မြန်မာနိုင်ငံတွင် အိန္ဒိယနွယ်ဖွားများစွာရှိကြောင်း၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများကိုလည်း မြှင့်တင်ဆောင်ရွက်နိုင်ပြီး ယဉ်ကျေးမှုဆိုင်ရာများတွင်လည်းပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက် သွားကြရမည်ဖြစ် ကြောင်း။

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့်ကုမ္ပဏီများသည် ရှေးယခင်ကတည်းကလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများဖြစ် သဖြင့် မိမိတို့နိုင်ငံ၏နိုင်ငံရေးအခြေအနေကိုလည်း သိရှိပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့်ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး စီးပွားရေးနှင့်ပတ်သက်၍လည်း ခိုင်မာအောင်ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့နိုင်ငံတွင် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါ ကြောင်းဖြင့်ပြောကြားသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသည့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ နေ့လည်စာကိုအတူတကွသုံးဆောင်ခဲ့ကြကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *