မန္တလေးမြို့တွင် ဘီယာဆိုင်ထိုင်ရင်း ဘောလုံးပွဲကြည့်ရှူသူအချင်းချင်း အချင်းများရိုက်နှက်မှု မေလ၃ဝရက်ညက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းအေးသာစံမြို့နယ်ရှိ စားသောက်ဆိုင်တွင် စားသုံးနေကြသူအချင်းချင်း ဘောလုံးပွဲကြည့်ရှုနေရင်း ရန်ဖြစ် ရိုက်နှက်ကြမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။
လူမှုကွန်ယက်ပေါ်တွင်ပျံ့နှံ့လာသည့် ဗွီဒီယိုင်ဖိုင်တစ်ခုတွင် ဘောလုံးပွဲအားပေးသူများ တစ်ဦးနှင့်တစ်ဦး ထိုးကြိတ်စကားများရန်ဖြစ်နေခဲ့သည်ကို တွေ့ရပြီး အားပေးသည့်ဘောလုံးအသင်းအကျႌကိုလည်း ဝတ်ဆင်ထားကြသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ဖြစ်ခဲ့သည့်ဆိုင်သို့အတည်ပြုဆက်သွယ်မေးမြန်းခဲ့ရာ
” ညက ဆိုင်မှာ ဘောလုံးပွဲကြည့်ရင်းအချင်းများ ရန်ဖြစ်ကြတယ်ဆိုတာ ဟုတ်ပါတယ်။ အမှုဖွင့်မဖွင့်ကတော့ ကျွန်မတို့ကဝန်ထမ်းမို့ မသိပါဘူး” ဟု ပြောကြားခဲ့သည်။
” မနေ့ညက နောက်ထပ်ဘီယာတစ်ဆိုင်တစ်ဆိုင်လည်း ရန်ဖြစ်ကြလို့ စခန်းကိုတိုင်ထားတယ်။သူကတော့ ရိုးရိုးအချင်းများရန်ဖြစ်တာပါ။ ဘောလုံးပွဲကြောင့်မဟုတ်ဘူး။ ဘောလုံးပွဲကြည့်ရင်း ရန်ဖြစ်တဲ့ဆိုင်ကိစ္စကတော့ စခန်းကို လာတိုင်ထားတာမရှိသေးဘူး။ ချမ်းအေးသာစံမြို့နယ်ထဲကဆိုင်ပါပဲ”ဟု သက်ဆိုင်ရာနယ်မြေရဲစခန်းတာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။
၂၀၂၅-၂၆ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံမြို့တော် ဘူဒါပတ်စ်ရှိ Puskas Arenaကွင်းတွင် မေ ၃၀ ရက် ညပိုင်းကပြုလုပ်ခဲ့ပြီး ပြင်သစ်ကလပ် PSG အသင်းက ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
