PDF ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့နှင့် ၎င်းဒေသတစ်ဝိုက်ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်

PDF ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့နှင့် ၎င်းဒေသတစ်ဝိုက်ကို တပ်မတော်စစ်ကြောင်းများက ယ​မန်နေ့(ဧပြီ ၃၀ ရက်)တွင် ပြန်လည်ထိန်းချုပ်ခဲ့​ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် သောင်းကျန်းသူများ ယာယီစိုးမိုးထားသော မန္တလေး-မတ္တရာ-စဥ့်ကူး- သပိတ် ကျင်းလမ်းကြောင်းနှင့် တကောင်းမြို့တို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတကောင်းမြို့နှင့် ထီးချိုင့်မြို့သို့ ဆက်သွယ်ထားသော လမ်းကြောင်းအား မတ် ၂၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကာ တပ်မတော် စစ်ကြောင်းများသည် ထီးချိုင့်မြို့မှ ကသာမြို့သို့ အဆင့်ဆင့် ဆက်လက်၍ နယ်​မြေရှင်းလင်းခဲ့​ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများသည် PDF များ ယာယီစိုးမိုးထားသော အင်းတော်မြို့အား ပြန်လည်ရရှိရေးအတွက် ကသာမြို့၌ လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ ဆောင်ရွက်ပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာ ပင်းမလွတ်ရွာအား ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်တွင်လည်းကောင်း၊ နဘားလမ်းဆုံနှင့် နဘားရွာအား ဧပြီ ၂၉ ရက်တွင်လည်းကောင်း၊ ကန်းနီရွာ၊ နားရခေါင်ရွာ၊ ကြာအင်းရွာ၊ ကျွန်းတောရွာနှင့် ကူဆိပ်ရွာတို့အား ယနေ့(ဧပြီ ၃၀ ရက်) နံနက်ပိုင်းတွင်လည်းကောင်း၊ အင်းတော်မြို့အား ယနေ့(ဧပြီ ၃၀ ရက်) ညနေပိုင်းတွင် လည်းကောင်း အသီးသီးပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး ယနေ့(ဧပြီ ၃၀ ရက်) တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက် အား အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့​ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထိုသို့ တပ်မတော်စစ်ကြောင်းများက အင်းတော်မြို့နှင့် အဆိုပါဒေသတဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး တိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေးကာလ ခုနစ်ရက်အတွင်း သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ထိတွေ့မှု စုစုပေါင်း ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၃၃ လောင်း၊ လက်နက်မျိုးစုံ ၁၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်သားအချို့ အသက်ပေးလှူခဲ့ရ​ကြောင်းနှင့် PDF ပူးပေါင်းအဖွဲ့များအနေဖြင့် အင်းတော်မြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ခေတ္တစိုးမိုးထားစဉ် မြို့/ရွာများအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ် များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ကြသဖြင့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ်၊ စည်းစိမ်များကို စွန့်လွှတ်၍ တိုက်ပွဲဖြစ်ပွားမှု ကင်းလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျောင်းနေအရွယ် ကလေးလူငယ်များသည်လည်း ပညာသင်ကြားခွင့်များ ဆုံးရှုံးခဲ့ရ​​ကြောင်း တပ်မ​တော်က သတင်းထုတ်ပြန်သည်။

ထို့အတူ တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF ပူးပေါင်းအဖွဲ့များ၏ လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် လူနေတိုက်တာအိုးအိမ်များ၊ လမ်းတံတားများ၊ ဌာနဆိုင်ရာ အဆောက်အအုံများကို ပြင်ဆင်ခြင်း၊ အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းများနှင့် အဆောက်အအုံများအကြား PDF ပူးပေါင်းအဖွဲ့များထောင်ထားသည့် မိုင်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များကို အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စာသင်ကျောင်းများအား အမြန်ဆုံး ပြန်လည်ပြုပြင်ပြီးစီးပါက ကျောင်းနေအရွယ်ကလေးလူငယ်များအားလုံး စာသင်ကြားနိုင်ရေး ဦးစားပေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *