အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ တိုင်းဒေသကြီးလွှတ်တော်တစ်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အစားထိုးဖြည့်စွက်ခြင်းနှင့် တပ်မတော်သား တိုင်းဒေသကြီးကိုယ်စားလှယ်တစ်ဦး အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဧပြီ ၂၉ ရက်တွင် ကြေညာချက်များ ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ စတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်များ၌ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များကို သတ်မှတ် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၃၂ အရ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်မဲဆန္ဒနယ်အမှတ် (၁) မှ လစ်လပ်သွားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးမြင့်ကြိုင်ကိုယ်စားလှယ် အမှတ်(၇)အစား သက်ဆိုင်ရာနိုင်ငံရေးပါတီ၏ ဦးစားပေးအစီအစဉ်အတိုင်းတင်ပြထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနက် ဦးစားပေးအစီအစဉ်အရ ဦးပြုံးချို အား အစားထိုး ဖြည့်စွက်ကြောင်း UEC ကကြေညာချက်အမှတ်( ၃၈ / ၂၀၂၆ )ဖြင့် ထုတ်ပြန်သည်။
အလားတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ်မဲဆန္ဒနယ်များ၌ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် များကို သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၃၂ အရ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျ ကိုယ်စားပြုစနစ်မဲဆန္ဒနယ်များမှ လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်များနေရာ၌ သက်ဆိုင်ရာ နိုင်ငံရေးပါတီ၏ ဦးစားပေးအစီအစဉ်အတိုင်းတင်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနက် ဦးစားပေး အစီအစဉ်အရ ကရင်ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) အမှတ်(၁)မှ ဒေါ်နန်းနီနီအေး ဘားအံမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)အစား ဦးအောင်မြင့်သိန်း ဘားအံမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)(ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)မှ ဦးထင်ကျော်သူ မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) အစား ဦးအောင်ပြည့်ဖြိုး မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) ဖြင့်လည်းကောင်း အစားထိုးဖြည့်စွက်ကြောင်း UEC က ကြေညာချက်အမှတ် ( ၃၉ / ၂၀၂၆ )ဖြင့်ထုတ်ပြန်သည်။
ထို့အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် နေ့စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၃၅ /၂၀၂၆ )တွင် ဖော်ပြထားသည့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် ဗိုလ်မှူးကြီး သိန်းဇော်မြင့်(ကြည်း ၃၁၆၆၇)အစား ဗိုလ်မှူးကြီး ရန်ကြီးအောင်(ကြည်း ၃၃၁၃၅)ဖြင့် အစားထိုးပြောင်းလဲလိုက်ကြောင်း UEC က ကြေညာချက်အမှတ် ( ၄၀ / ၂၀၂၆ ) ဖြင့်ထုတ်ပြန်သည်။
