နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်အမှတ် ၁ / ၂၀၂၆ဖြင့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်ကို ပြင်ဆင်ရာတွင် နိုင်ငံတော်သမ္မတရုံးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၃/၂ဝ၂၅ ဖြင့် ထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ် ရေးဆိုင်ရာ ညွှန်ကြားချက်ကို ပြင်ဆင်သည့်ညွှန်ကြားချက်အား ထုတ်ပြန်လိုက်ကြောင်း၊ ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက် ၃/၂ဝ၂၅ ၏ အပိုဒ် ၁၁ ကို အစားထိုး ပြင်ဆင်ခြင်းဖြစ်သည်။
ထိုသို့အစားထိုးပြင်ဆင်ချက်အရ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတွင် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးသာ ပါဝင်လာခြင်းမရှိတော့ဘဲ ကျန်အဖွဲ့ဝင်များဆက်လက်ပါဝင်မည်ဖြစ်သည်။
အပိုဒ် ၁၁ ပြင်ဆင်ချက်တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီသည် ခရိုင်အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌအဖြစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးက တာဝန်ယူမည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးပါဝင်မည်ဖြစ်ကာ အဖွဲ့ဝင်များအဖြစ်၊စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ဥပဒေရုံး ခရိုင်ဥပဒေအရာရှိ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူတစ်ဦးတို့ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။
အလားတူ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်အမှတ် ၂/ ၂ဝ၂၆ ဖြင့်မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်ကို ပြင်ဆင်ရာတွင် နိုင်ငံတော်သမ္မတရုံးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၄/၂ဝ၂၅ ဖြင့် ထုတ်ပြန်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ကို ပြင်ဆင်သည့်ညွှန်ကြားချက်အား ထုတ်ပြန်လိုက်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက် ၄/၂၀၂၅ ၏ အပိုဒ် ၁၁ အား အစားထိုးပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပိုဒ် ၁၁ အား အစားထိုးပြင်ဆင်ရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီသည် မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ယူမည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးပါဝင်မည်ဖြစ်ကာ အဖွဲ့ဝင်များအဖြစ်၊စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ဥပဒေရုံး မြို့နယ် ဥပဒေအရာရှိ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူတစ်ဦးတို့ဖြင့် ဖွဲ့စည်းရမည်ဟု ဖော်ပြထားသည်။
